အတိတ်က မျက်စိလည် လမ်းမှားလာခဲ့သူတစ်ယောက်ကြောင့် ပညာရှင်တွေ ခေါင်းစားခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခု
သိပ္ပံပညာတိုးတက်လာတာနဲ့အမျှ လူသားတို့ရဲ့ သိလိုမှုနယ်ပါယ်ကလဲ ကျယ်ဝန်းလာနေပါတယ်။ UFO လို ယာဉ်ပျံတွေ၊ ဂြိုလ်သား Alien တွေကို တကယ်ရှိ၊မရှိ ငြင်းခုန်နေကြတာလဲ သိကြမှာပါ။
အာကာသကိုလည်း ဒုံးပျံတွေ၊ ဂြိုလ်တုတွေ လွှတ်တင်ပြီး စူးစမ်းနေကြပါပြီ။ နောက်ဆုံးလွှတ်တင်ထားတဲ့ အာကာသမှန်ပြောင်းက ပြန်လည်ပေးပို့တဲ့ ဓါတ်ပုံတွေကို နာဆာ NASA က ထုတ်ပြန်ခဲ့တာလဲ ဆိုရှယ်မီဒီယာမှာတွေ့ကြမှာပါ။
ခုတင်ပြမှာကတော့ အတိတ်ကနေ မျက်စိလည် လမ်းမှားရောက်လာခဲ့သူတစ်ယောက်ကြောင့် သိပ္ပံပညာရှင်တွေ ခေါင်းစားခဲ့ရတဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။
၂၀၀၆ ခုနှစ်မှာ ဖြစ်ပါတယ်။ ဆာဂေး ပိုနိုမရန်ကို ( Sergei Ponomarenko ) ဆိုသူဟာ ယူကရိန်းနိုင်ငံမြို့တော်၊ကိဗ်ရဲ့ လူစည်ကားတဲ့ လမ်းမကြီးပေါ် ရောက်ရှိလာပါတယ်။
သူဟာ အသက် ၂၅ နှစ်ဝန်းကျင်သာရှိပြီး သူ့ပါတ်ဝန်းကျင်က လူတွေနဲ့ သိသိသာသာ ကွဲပြားနေပါတယ်။ သူ့ရဲ့ဝတ်စားပုံကလဲ ဒီခေတ်လူတွေနဲ့မတူဘဲ လွန်ခဲ့တဲ့နှစ်များစွာက ပုံစံဖြစ်နေပါတယ်။
အလယ်ခေတ် ဝတ်စားပုံမျိုးဖြစ်တာကြောင့် မြို့လူထုအနေနဲ့ တခြားကလာသူတစ်ယောက်လို့ ထင်မြင်စေပါတယ်။ သူ့ကို ပိုသတိထားမိစေတဲ့အချက်က သူ့ရင်ခွင်ထဲမှာ တင်းတင်းဆုပ်ထားတဲ့ ခေတ်ဟောင်းမော်ဒယ် ကင်မရာတစ်လုံးကြောင့်ပါ။
ကင်မရာဟာ အလုပ်လုပ်ပုံရပေမယ့် သူက လွတ်ကျမသွားအောင် တင်းကြပ်စွာ ကိုင်ထားပါတယ်။ သူ့ကိုကြည့်ရတာလဲ ပါတ်ဝန်းကျင်က လူတွေကိုကြည့်ပြီး နားမလည်နိုင်ဘဲ စိတ်ရှုပ်ထွေးနေပုံ ပေါ်နေပါတယ်။ လမ်းမကြီးတလျှေက်သူဟာ တစ်စုံတစ်ခုကို လိုက်ရှာနေခဲ့ပေမယ့် တွေ့ပုံမရပါဘူး။
လူတွေရဲ့ စိတ်ဝင်စားမှုကြောင့် လူအုပ်စုလိုဖြစ်သွားပြီး သူ့ကို ရဲအရာရှိတွေက သတိထားမိသွားကြပါတယ်။ ပထမတော့ ရဲတွေက ဒီလူငယ်ဟာ ဟာသလုပ်နေတာဖြစ်မယ်လို့ ထင်ကြပါတယ်။
သူက ရဲအရာရှိတွေဆီ ချဉ်းကပ်ပြီး လိပ်စာတစ်ခုရဲ့တည်နေရာကို မေးခဲ့ပါတယ်။ အဲဒီလိပ်စာကလဲ လွန်ခဲ့တဲ့နှစ်များစွာက လိပ်စာဖြစ်ပြီး ယခုမရှိတော့ပါဘူး။
ရဲတွေဟာ သံသယဖြစ်လာတာကြောင့် သူရဲ့ အိုင်ဒီကဒ်ကို တောင်းယူစစ်ဆေးကြပါတယ်။ သူ့ရဲ့ ပိုက်ဆံအိတ်ထဲက ထုတ်ယူပြတဲ့ အိုင်ဒီကဒ်ကို ကြည့်အပြီးမှာတော့ ရဲတွေဟာ မယုံနိုင်စရာဖြစ်သွားကြပါတယ်။
သူ့ရဲ့ကဒ်အမျိုးအစားဟာ လွန်ခဲ့တဲ့နှစ် ၅၀ ကထဲက သက်တမ်းကုန်လို့ မသုံးကြတော့တဲ့ ကဒ်ဖြစ်ပြီး သူ့ရဲ့မွေးသက္ကရာဇ်ကိုလဲ ၁၉၃၂ ခုနှစ်လို့ဖေါ်ပြထားပါတယ်။
သူ့အမည်ကလဲ ဆာဂေး ပိုနိုမရန်ကိုလို့ရေးသားထားပါတယ်။ ဒီအတိုင်းသာ အမှန်ဖြစ်ရင် သူ့အသက်က ၇၄ နှစ် ရှိနေမှာဖြစ်ပြီး ဒီလူငယ်ကတော့ အိုမင်းတဲ့ပုံစံ မပေါ်ပါဘူး။
ရဲတွေက လူငယ်ဟာ စိတ်မူမမှန်တာဖြစ်မလား၊ သူ့ရဲ့အိုင်ဒီကဒ်ပျောက်လို့ တစ်ခြား အသက်ကြီးသူတစ်ယောက်ရဲ့ကဒ်ကို အစားထိုးဖို့ ကြိုးစားတာ ဖြစ်မလား စဉ်းစားကြပါတယ်။
သူ့ကို စိတ်ပညာဆရာဝန်ဆီ ခေါ်ဆောင်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ သူတို့ဟာ မယုံနိုင်စရာအဖြစ်ကို တွေ့ကြပါတော့တယ်။
ဆရာဝန်က ဒါဟာ လှည့်ဖြားမှုတစ်ခုလို့ ဆုံးဖြတ်ခဲ့ပေမယ့်း ဆာဂေးကတော့ သူအမှန်တွေပြောနေတာလို့ အကြောက်အကန် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ သူဟာ ၁၉၃၂ ခုနှစ်မှာမွေးတာဖြစ်ပြီး သူ့အသိ ဒေါက်တာရဲ့ ကင်မရာကို ခဏအသုံးပြုနေတာဖြစ်တယ်လို့ဆိုပါတယ်။
သူက ဒီကိဗ်မြို့ရဲ့လမ်းပေါ် ဘယ်လိုရောက်လာသလဲဆိုတာ မသိဘူးလို့ဆိုပါတယ်။ကင်မရာဟာ ဂျပန်လုပ် Yashima flex အမျိုးအစားဖြစ်ပြီး ခေတ်မမီတော့ပါဘူး။
ဆရာဝန်ရဲ့ မေးခွန်တွေကို ဖြေရာမှာတော့ သူဟာ ဇွန်လ ၁၆ ရက် ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကိဗ်မြို့ကပဲဖြစ်ကြောင်းဆိုပါတယ်။
သူဟာ ဓါတ်ပုံရိုက်ဖို့ အိမ်က ထွက်လာခဲ့တာဖြစ်ပြီး သူ့အိမ်က အထွက်မှာ ပုံမှန်မဟုတ်တဲ့ အရာဝထ္ထုတစ်ခုကို ကောင်းကင်မှာ တွေ့ခဲ့တယ်လို့ပြောပါတယ်။
သူပြောတဲ့အရာဟာ ခေါင်းလောင်းပုံစံဖြစ်ပြီး လေထဲမှာ ပျံသန်းနေတယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ သူဟာ လမ်းပျောက်သလိုဖြစ်ပြီး ခုလို မရင်းနှီးတဲ့နေရာတစ်ခုကို ရောက်နေတာသိရတယ်လို့ ပြောပါတယ်။ သူက အရာအားလုံးဟာ ပြောင်းလဲနေပြီး ခုသူမြင်နေရတဲ့အရာတွေ၊ ယာဉ်တွေကို အံ့ဩနေမိတယ်လို့ ပြောပါတယ်။
ဆရာဝန်ကတော့ သူလှည့်ဖြား ပြောဆိုနေတာလို့ပဲ ယုံကြည်နေပါတယ်။ သူပြောတာ မှန်၊မမှန်စစ်ဖို့ သူတို့ဟာ ကင်မရာထဲက ဖလင်ကို ကူးဆေးပြီး ဓါတ်ပုံထုတ်ခဲ့ကြပါတယ်။
ကျွမ်းကျင်သူပညာရှင်အဆိုအရ ဓါတ်ပုံဟာ ၁၉၅၈ ခုနှစ်လောက်မှာ ရိုက်ကူးထားကြောင်း တွေ့ရပါတော့တယ်။ ဆက်လက်တွေ့ရတာကတော့ ဆာဂေးရဲ့ ဓါတ်ပုံတွေပါဘဲ။ သူဟာ ယခုဝတ်ဆင်ပုံမျိုးနဲ့ ဓါတ်ပုံအများအပြားရိုက်ကူးထားတာ တွေ့ရပါတယ်။
နောက်ခံရှုခင်းမှာပါတဲ့ မြို့ရဲ့လမ်းတွေဟာလဲ လွန်ခဲ့တဲ့နှစ် ၅၀ က ရှုခင်းတွေဖြစ်နေပါတယ်။ အံ့ဩစရာတွေက ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။
ဆရာဝန်ဟာ ဆာဂေးကို ဆေးရုံကိုခေါ်သွားပြီး အခန်းတစ်ခုထဲမှာ တံခါးပိတ်ထားလိုက်ပါတယ်။ ဓါတ်ပုံတွေဆက်ကြည့်တော့မှ ဓါတ်ပုံတစ်ခုထဲ့မှာ ဆာဂေးပြောခဲ့တဲ့ ခေါင်းလောင်းပုံ ယာဉ်တစ်စီးဟာ လေထဲမှာ ပျံသန်းနေတဲ့ပုံကိုတွေ့လိုက်ရပါတယ်။
ဆာဂေးကို ထည့်ထားတဲ့အခန်းဟာ သော့ခတ်ထားပြီး ပြူတင်းပေါက်တွေကိုလည်း သံတိုင်နဲ့ အသေအချာ ပိတ်ထားပါတယ်။ ဆရာဝန်ဟာ တစ်ညလုံး ဆာဂေးကို ကုရမဲ့အစီအစဉ်ကို တွေးနေခဲ့ပါတယ်။
မနက်မိုးလင်းမှာတော့ ထွက်ဖို့ မလွယ်တဲ့အခန်းထဲက ဆာဂေးဟာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပါတယ်။သူ့ကိုဘယ်မှာမှ မတွေ့ရတော့ပါဘူး။
ရဲတွေနဲ့ဆရာဝန်ဟာ ဆာဂေးအကြောင်းကို ဆက်လက်စုံစမ်းကြပါတယ်။ သူတို့သိလိုက်ရတာကတော့ ၁၉၆၀ ခုနှစ်မှာ ဆာဂေး ပိုနိုမရန်ကို ဆိုသူဟာ အိမ်ကထွက်သွားပြီးပျောက်ဆုံးသွားလို့ သူ့မိဘနဲ့ သူငယ်ချင်းများက ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတာကိုတွေ့ရှိခဲ့ကြပါတယ်။
ဒီလောက်ဆိုရင် စာရှု့သူများလည်း ဒီဖြစ်ရပ်ကို စိတ်ဝင်စားကြမယ် ထင်ပါတယ်။ တစ်ခါတစ်လေ ကျနော်တို့လိုက်မမီနိုင်တဲ့ ထူးဆန်းမှုတွေရှိနေသေးကြောင်း ကြိုးစားတင်ပြလိုက်ရပါတယ်။
Knight News Team