ကမ္ဘာပေါ်က သဘာဝဘေးအန္တရာယ် အဖြစ်ပွားဆုံးသော ဒေသများ
သဘာဝဘေးအန္တရာယ်များဟာ သင်ဘယ်မှာပဲရှိရှိ ရှောင်လွှဲ၍မရနိုင်ပေမဲ့ အချို့သော နေရာများတွေကတော့ အခြားနေရာတွေထက် အန္တရာယ်ပိုများပါတယ်။
ဟာရီကိန်း၊ မြေငလျင်၊ လေဆင်နှာမောင်းနှင့် အခြားသော ပြင်းထန်တဲ့ သဘာဝဘေး အန္တရာယ်မျိုးတွေဟာ အထူးသဖြင့် သမုဒ္ဒရာတွေ ဝန်းရံထားတဲ့နေရာ၊ ကြီးမားတဲ့ တိမ်ထုလှုပ်ရှားမှုရှိသော နေရာမျိုးတွေမှာ ဖြစ်နိုင်ချေ ပိုများကြပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေများတဲ့ နေရာများမှာ နေထိုင်သူများအတွက်ကတော့ အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရာသီဥတုဖြစ်စဉ်ဆိုးများရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချရန်အတွက်အကာအကွယ်များစွာ ရှိပေမဲ့လည်း မှန်းဆဖို့ ခဲယဥ်းတဲ့ ဘဘာဝကြောင့် သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်ချေကို အမြဲသတိထားသင့်တာပါ။
ဒါကြောင့် သဘာဝဘေးအန္တရာယ် အကျရောက်နိုင်ဆုံး ကမ္ဘာတစ်ဝှမ်းက ဒေသတွေကို ဖော်ပြပေးလိုက်ရပါတယ်။
ဂျပန်နိုင်ငံ
အရှေ့အာရှ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာ “မီးကွင်း” နယ်နိမတ်မျဥ်းမှာ တည်ရှိတာကြောင့် ငလျင်နှင့် ဆူနာမီဒဏ်တွေကို ကြီးမားစွာ ခံစားရလေ့ရှိပါတယ်။
“The Ring of Fire” လို့ခေါ်တဲ့ ဒီမျဥ်းဟာ သည်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယ်နိမိတ်မျဉ်းတစ်ခုဖြစ်ပြီး ပစိဖိတ်ဓာတ်ပြားဟာ အခြားသော tectonic plates များနဲ့ တိုက်မိကာ ငလျင်လှိုင်းများနှင့် လှုပ်ရှားနေတဲ့ မီးတောင်များကို လှုံ့ဆော်ပေးနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံ
အပူပိုင်းမုန်တိုင်းများနှင့် အခြား သဘာဝဘေးအန္တရာယ်များကြောင့် အထိခိုက်နိုင်ဆုံး နိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံဟာ ထိပ်ဆုံးမှာ ပါဝင်နေပါတယ်။
ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်တွင် တည်ရှိပြီး တိုင်ဖွန်း၊ ဆူနာမီနှင့် ဆိုင်ကလုန်းများ အပါအဝင် ပျမ်းမျှ အပူပိုင်းမုန်တိုင်း ၈ ခု မှ ၉ ခု ကြား နှစ်စဥ် ကြုံတွေ့ရလေ့ရှိပါတယ်။
ငလျင်နှင့် မီးတောင် ပေါက်ကွဲမှုများဟာလည်း အဖြစ်များလေ့ရှိပြီး ဖိလစ်ပိုင်၊ အထူးသဖြင့် ကမ်းရိုးတန်းတစ်လျှောက်တွင် ရေလွှမ်းမိုးမှု ကျရောက်လေ့ရှိသလို ဂျပန်နိုင်ငံလိုပဲ ဖိလစ်ပိုင်ဟာ မီးကွင်းတစ်လျှောက်မှာ တည်ရှိနေတာကြောင့် အခုလို ကမ္ဘာ့အန္တရာယ်အများဆုံး ဒေသတစ်ခုဖြစ်နေတာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘင်္ဂလားဒေ့ရှ်ဟာလည်း သဘာဝဘေးဒဏ်မှ ရှောင်လွှဲမရနိုင်တဲ့ နေရာတစ်ခုပါ။ ဘင်္ဂလားပင်လယ်အော်တောင်ဘက်မှာ လုံးဝပြန့်ပြန့်ကြီး တည်ရှိနေတဲ့ နိုင်ငံဟာ မိုးရာသီမှာတော့ အထိခိုက်ရဆုံး နိုင်ငံဖြစ်ပြီး ရေကြီးရေလျှံမှုအန္တရာယ်ကို အမြဲကြုံတွေ့နေရတာပါ။
၂၀၁၉ ခုနှစ်က Cyclone Bulbul မရောက်မီလေးမှာ လူနှစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပေနဲ့ ဒီမုန်တိုင်းဟာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၈၀ လောက်တိုက်ခတ်ပြီး ခရိုင် ၁၃ ခုကို ဖျက်ဆီးသွားခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ
ကျယ်ပြောလှတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြေငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြီးမားခဲ့ရပါတယ်။
၁၈၈၃ ခုနှစ်က ပြင်းထန်တဲ့ မီးတောင်ပေါက်ကွဲမှုဟာ Krakatau ကျွန်းကို ဖြိုခွင်းခဲ့ပြီး သမိုင်းတွင် အဆိုးရွားဆုံး ဆူနာမီကြောင့်လည်း အင်ဒိုနီးရှားရှိ ဆူမတြား၊ ဂျာဗားကျွန်းနှင့် အခြား ကျွန်းများပေါ်ရှိ လူ ၃၄,၀၀၀ သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားဟာ ဂျာဗားမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၀ ရှိ ငလျင်အပါအဝင် မြေငလျင်များစွာကိုလည်း တွေ့ကြုံခဲ့ရပါသေးတယ်။
အမေရိကန် အလယ်ပိုင်းလွင်ပြင်
အမေရိကန်ပြည်ထောင်စုရဲ့ ငြိမ်သက်အေးမြတဲ့ အလယ်ပိုင်းလွင်ပြင်ဟာ လေဆင်နှာမောင်းကြောင့် အမြဲနာမည်ကျော်ကြားခဲ့ပါတယ်။
လေဆင်နှာမောင်းများဟာ Texas, Kansas, Oklahoma နှင့် အခြားသောပြည်နယ်များကို မကြာခဏဖြတ်သန်းလေ့ရှိပြီး ဒီဒေသကိုတော့ Tornado Alley လို့ ခေါ်ပါတယ်။
ကုန်းတွင်းပိတ်ဖြစ်ပြီး အပူပိုင်းမုန်တိုင်းများနဲ့ မထိတွေ့သော်လည်း Tornado Alley ဟာ မုန်တိုင်းများနှင့် စူပါဆဲလ်များကို ဖန်တီးပေးသည့် မြောက်ပိုင်းနှင့် တောင်ပိုင်းစွန်းစွန်းတွင် တည်ရှိတာကြောင့်
ပြင်းထန်တဲ့ ရာသီဥတုကို ကြုံတွေ့ရလေ့ရှိသလို အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ် လေဆင်နှာမောင်းပေါင်း ၁၀၀၀ ကျော် တွေ့ရတတ်ပါတယ်။
ချီလီနိုင်ငံ
ချီလီဟာ တောင်အမေရိကရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ နိုင်ငံဖြစ်ပြီး Nazca, Antarctic နှင့် South American tectonic plates များ တွေ့ဆုံကြတာကြောင့် Nazca နှင့် Antarctic ကုန်းမြေ နယ်နိမိတ်တစ်လျှောက်ရှိ သမုဒ္ဒရာ အလယ်ခေါင်မှာ tectonic လှုပ်ရှားမှုတွေ ဖြစ်ပေါ်ပြီး ပြင်းထန်သော ငလျင်များကို ဖန်တီးပေးပါတယ်။
၁၉၆၀ ခုနှစ်က ချီလီနိုင်ငံဟာ ပြင်းအား ၉.၈ အဆင့် ရှိတဲ့ ကမ္ဘာ့အကြီးဆုံးငလျင်ကို ကြုံတွေ့ခဲ့ရဖူးပြီး မီးတောင်ပေါက်ကွဲမှုများလည်း အဖြစ်များပါတယ်။
၂၀၁၁ ခုနှစ်က Puyehue-Cordón Caulle မီးတောင် ပေါက်ကွဲမှုဟာလည်း ကမ္ဘာကျော်ထားခဲ့ပါတယ်။
တရုတ်နိုင်ငံ
တရုတ်နိုင်ငံမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်အချို့ ဖြစ်ပွားခဲ့ပါတယ်။
သူ့ရဲ့ ရာသီဥတုနဲ့ ပထဝီဝင် တည်နေရာကိုက အချိန်တိုင်းမှာ သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်ချေ မြင့်မားနေသလို ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း အစရှိတဲ့ ဘေးအန္တရာယ်များကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
၁၉၃၁ ခုနှစ်မှာ အာရှတိုက်ရဲ့ အရှည်ဆုံးမြစ်ဖြစ်သော ယန်ဇီမြစ်ဟာ ရေလျှံခဲ့တာကြောင့် ခန့်မှန်းချေ လူ ၂ သန်းခန့် သေဆုံးခဲ့ပြီး ၂၀၀၈ ခုနှစ်ကလည်း ပြင်းအား ၈.၀ ရှိတဲ့ ငလျင်တစ်ခုဟာ Wenchuan မှာ လှုပ်ခဲ့ပြီး အနည်းဆုံး လူ ၇၀,၀၀၀ ခန့် သေဆုံးခဲ့ရပါတယ်။
ယေဘုယျအားဖြင့် အခုလို သဘာဝဘေးအန္တရာယ်များကြောင့် တရုတ်နိုင်ငံမှာ ၁၉၈၉ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိ သေဆုံးသူ စုစုပေါင်း ၁၉၅,၈၂၀ ဦးခန့် ရှိခဲ့တာပါ။
Knight News Team