ကမ္ဘာတစ်ဝှမ်းရှိ ဆန်းကြယ်တဲ့ မြေအောက်ထဲက မြို့တော်များ

ကမ္ဘာတစ်ဝှမ်းရှိ ဆန်းကြယ်တဲ့ မြေအောက်ထဲက မြို့တော်များ

အခုဖော်ပြပေးသွားမှာကတော့ ဖွဲ့စည်းပုံအရကိုက မြေအောက်ထဲမှာ တည်ထားပြီး ဆန်းကြယ်ဖွယ် တည်ရှိနေကြတဲ့ ကမ္ဘာတစ်ဝှမ်းက မြေအောက်မြို့တော်တွေအကြောင်း ဖြစ်ပါတယ်။

၁) တရုတ် – Dixia Cheng မြို့၊ ပေကျင်း

၁၉၆၀ ခုနှစ်တွေက နျူကလီးယားစစ်ပွဲ ခိုလှုံရာအဖြစ် တည်ဆောက်ခဲ့တဲ့ ပေကျင်းအောက်ရှိ မြေအောက်မြို့တော်ဟာ ၈၅ စတုရန်း ကီလိုမီတာနီးပါး ကျယ်ဝန်းပါတယ်။

ယခုအခါ ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်ရာတစ်ခုဖြစ်လာပြီး မြေကျီများ၊ ကျောင်းများ၊ ဆေးရုံများ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများ ပါရှိပြီး အားလုံးကို ဥမင်လိုဏ်ခေါင်းများနှင့် လမ်းကြောင်းများ ကွန်ရက်မှတဆင့် ချိတ်ဆက်ထားပါတယ်။

၂) ချက် – Pilsen မြို့

ဟိုးအရင်က အစားအစာနှင့် ဘီယာစည်များကို သိုလှောင်ရန်နေရာများ ဖန်တီးရင်း လိုအပ်သလောက်နီးပါး ကြီးထွားလာခဲ့တဲ့ မြေအောက်မြို့တော်ဖြစ်တဲ့ Pilsen သမိုင်းဝင် မြေအောက်မြို့တော်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး ဘီယာကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ယခုအခါမှာတော့ ပြတိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲထားပြီး လမ်းညွန်သူများ အကူအညီနဲ့ အထဲမှာ စူးစမ်းလေ့လာနိုင်ပါတယ်။

၃) ကနေဒါ – Moose Jaw, Saskatchewan မြို့

ကနေဒါမှာရှိတဲ့ တရုတ်လူမျိုးများမှ ထွင်းထုထားတဲ့ ဒီမြို့တော်ဟာ အမေရိကန်က အဖိနှိပ်ခံ တရုတ်လူမျိုးတွေရဲ့ ခိုလှုံရာနဲ့ ပုန်းအောင်းရာ နေရာတစ်ခုဖြစ် ထွင်းထုထားတဲ့ လမ်းကြောင်းများနဲ့ မြို့တော်တစ်ခုပါ။

၁၉၂၀ ခုနှစ်များအတွင်း တောပုန်းသမားများဟာ တားမြစ်အမိန့်များကို ကျော်လွှားရန် အရက်များကို ဒီနေရာမှာ သိမ်းဆည်းပြီးနောက် ရထားလမ်းမှတစ်ဆင့် အမေရိကန်သို့ သယ်ဆောင်ရာလမ်းလည်း ဖြစ်ပါတယ်။

ယနေ့တွင်မှာတော့ ဒီမြို့ဟာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားများအား အချက်အလက်အမျိုးမျိုးနဲ့ အပန်းဖြေမှုများကို ပံ့ပိုးပေးရန်အတွက်စိတ်ကူးယဉ်ဆန်ပြီး လှပလွန်းအောင် ပြုပြင်မွမ်းမံထားခဲ့တာကြောင့် ဖျော်ဖြေရေး မြို့တော်တစ်ခုဆိုလည်း မမှားပါဘူး။

၄) ပြင်သစ်- Naours မြို့

ရှေးဟောင်း သုတေသန ပညာရှင်များရဲ့ အဆိုအရ ၁ ရာစုကတည်းက လူများ နေထိုင်ခဲ့ဖွယ်ရှိတဲ့ ဒီမြေအောက်မြို့ကို ကျောက်မိုင်းတစ်ခုမှ ထွင်းထုထားခဲ့ပြီး လူ ၃,၀၀၀ ထက်မနည်း ဆံ့လောက်အောင် ကျယ်ဝန်းသော ဘုရားကျောင်းများ၊ ရေတွင်းများ၊ နွားတင်းကုပ်များ ပါ၀င်နေပါတယ်။

ဒီမြို့ကို စိတ်ဝင်စားစရာ ဖြစ်စေသည်မှာ ပထမကမ္ဘာစစ်က နိုင်ငံအသီးသီးမှ စစ်သားများရဲ့ ကျန်ရစ်ခဲ့တဲ့ နံရံခြစ် အနုအညာ လက်ရာများဖြစ်ပြီး ယနေ့အထိ သြစတြေးလျ၊ အင်္ဂလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ပြင်သစ်နှင့် အမေရိကတို့မှ စစ်သားများရဲ့ လက်မှုလက်ရာ ဂရပ်ဖီတီ ၃,၀၀၀ နီးပါးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၅) ဂျာမနီ – Gesundbrunnen မြို့၊ ဘာလင်

ဘာလင်အောက်မှာ နစ်မြုပ်နေတဲ့ ကတုတ်ကျင်းများနှင့် အခြားဗိသုကာလက်ရာများရဲ့ ဝင်္ကပါနေရာဟာ ဒုတိယကမ္ဘာစစ်ကတည်းက တည်ထားတဲ့ မြို့လေးပါ။

ယခုအခါ သက်ဆိုင်ရာနိုင်ငံသားတစ်စုကြောင့် ဒီလျှို့ဝှက်နေရာလေးကို စူးစမ်းလေ့လာပြီး အမျိုးမျိုးသော သမိုင်းဖြစ်ရပ်များကို သရုပ်ဖော်ထားတဲ့ ပြတိုက်အဖြစ် ပြောင်းလဲထားခဲ့ပါပြီ။

၆) အီတလီ – Orvieto မြို့

ဝိုင်ဖြူကြောင့် လူသိများတဲ့ အီတလီရဲ့ မြေအောက်လမ်းများ တစ်လျှောက် လမ်းလျှောက်ခြင်းဟာလည်း ချစ်စရာ ဓလေ့တစ်ခုဖြစ်ပါတယ်။

အစပိုင်းမှာတော့ လူတွေဟာ ဒီမြေအောက်မြို့ကို ရေတွင်းများနဲ့ ရေကန်များ တည်ဆောက်ဖို့ တူးဖော်ခဲ့ကြပေမဲ့ နောက်ပိုင််းမှာတော့ ဥမင်လိုဏ်ခေါင်းများနဲ့ ပြခန်းများသဖွယ် ဖန်တီးခဲ့ကြပါတယ်။

၇) ပိုလန် – Wieliczka ဆားတွင်းမြို့

ဒီဆားတွင်းဟောင်းဟာ အလုပ်လုပ်ခဲ့တဲ့ မိုင်းတွင်းလုပ်သားများရဲ့ အနုပညာစွမ်းရည်ကြောင့် ဖြစ်ပေါ်လာရတဲ့ မြေအောက်မြို့တော်ပါ။

အလုပ်ချိန်များမှာ ဆားပုံဆောင်ခဲများကို အသုံးပြုရင်း မီးပဒေသာပင်များ၊ ဘုရားကျောင်းများမှ ပုံတူရုပ်ကြွပုံစံများကို ထွင်းထုကာ ဒီမြို့ကို တည်ဆောက်ခဲ့တာပါ။

၂၀၀၇ မှာ တူးဖော်ခြင်း ရပ်ဆိုင်းခဲ့ပေမဲ့ ဒီမြေအောက်မြို့တော်ဟာ အဆင့် ၉ ဆင့်ရှိပြီး အခန်းပေါင်း ၃,၀၀၀ ကျော် ပါဝင်ဖွဲ့စည်းထားပါတယ်။

ဘုရားကျောင်းလည်း ရှိတာမလို့ မိသားစု ၃,၀၀၀ လောက်တော့ အသာလေး နေထိုင်လို့ရတဲ့ မြေအောက်မြို့တော်ပါပဲ။

၈) တူရကီ – Derinkuyu မြို့၊ Cappadocia

တူရကီအလယ်ပိုင်းက ဒီမိုးနည်းရေရှားဒေသမှာ အံ့သြဖွယ်ကောင်းတဲ့ မြေအောက်မြို့ကြီးများ ရှိပါတယ်။ ဥမင်လိုဏ်ခေါင်းများ၊ လမ်းကြောင်းများနဲ့ လေဝင်လေထွက်ပေါက်များ ချိတ်ဆက်ထားတဲ့ ကွန်ရက်မှတစ်ဆင့် မြို့တော်ဟာ မြေအောက် မီတာ ၆၀ နီးပါးတွင် တည်ရှိပြီး အထပ်ပေါင်း ၁၈ ထပ် ရှိပါတယ်။

ရှေးဟောင်းသုတေသနပညာရှင်များဟာ လူပေါင်း နှစ်သောင်း နီးပါး နေထိုင်ရန် နေရာအပြင် ဘုရားကျောင်းများ၊ မီးဖိုချောင်များ၊ ကျောင်းခန်းများ၊ သန့်စင်ခန်းများ၊ ရေချိုးခန်း၊ စပျစ်ရည်ဆိုင်၊ ဆီပုံးများစသဖြင့် အကျအန တည်ဆောက်ထားခဲ့တဲ့ လှပတဲ့ မြေအောက်မြို့လေးပါ။

၉) United States: Shanghai Tunnels, Portland

မြေအောက် ဥမင်လိုဏ်ခေါင်းများစွာ တည်ရှိနေမှုနှင့် မြို့အောက်ရှိ မြေအောက်လမ်းကြောင်းများ၊ ကွန်ရက်များမှတဆင့် လမ်းညွှန်ထားတဲ့ ခရီးစဉ်သည် အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။

Portland ရဲ့ Old Town (China Town) မြို့လယ်ဧရိယာနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းများ၊ ဘားများနဲ့ ဟိုတယ်များရဲ့ မြေအောက်ခန်းများကို Willamette မြစ်ကမ်းနဲ့ ချိတ်ဆက်ထားပုံတတွေဟာ ဒီမြေအောက်ဒေသကြီးရဲ့ အမိုက်စား ဂုဏ်ပုဒ်တွေပါပဲ။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *