ထူးဆန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ကမ္ဘာ့ အကြီးမားဆုံး ရေပူစမ်းကြီး
Grand Prismatic Spring လို့ ခေါ်တဲ့ ရေပူစမ်းဟာ ကျော်ကြားတဲ့ အမရိကန်နိုင်ငံ၊ Yellowstone အမျိုးသားဥယျာဉ်အတွင်းရှိ အံ့မခန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ ရေပူစမ်းဖြစ်ပါတယ်။
စုံလင်လှတဲ့ အရောင်များဟာလည်း ဒီရေပူစမ်းကြီးကို ဝန်းရံနေသလို ပန်းခြံတစ်ခုလုံးရဲ့ လည်ပတ်မှုအများဆုံး နေရာနဲ့ ဓာတ်ပုံရိုက်ရန် ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခု ဖြစ်ပါတယ်။
Grand Prismatic Spring ဟာ Yellowstone ပန်းခြံရဲ့ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်သလို Upper Geyser Basin ရှိ နာမည်ကျော် Old Faithful geyser ရဲ့ မြောက်ဘက် ၇ မိုင်ခွဲ အကွာတွင် တည်ရှိပါတယ်။
ဒီရေပူစမ်းကြီး တည်ရှိရာ ပန်းခြံရဲ့ ဧရိယာကိုတော့ Midway Geyser Basin လို့ခေါ်ပါတယ်။
Grand Prismatic Spring ဟာ Yellowstone Park အားလုံးတွင် အကြီးဆုံးနှင့်အနက်ရှိုင်းဆုံး ရေပူစမ်းဖြစ်ပေမဲ့ သူ့ရဲ့ အဓိက အင်္ဂါရပ်မှာ အရွယ်အစား မဟုတ်ဘဲ သူ့ရဲ့ စုံလင်လှတဲ့အရောင်များကြောင့် ဖြစ်ပါတယ်။
ဒီလို အရောင်အသွေးစုံလင်စွာ ဘာကြောင့်ဖြစ်ပေါ်နေတာလဲနဲ့ ပတ်သက်ပြီး ဘူမိဗေဒပညာရှင်အချို့က ၁၈၇၁ ခုနှစ်ကာလကတည်းက လေ့လာခဲ့ရာမှာ သိပ္ပံနည်းကျ ရှင်းပြချက်တွေအရ ရေထဲမှာ ဘက်တီးရီးယားများနဲ့ အက်စစ်ဓာတ်များ ရှိနေခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ဆိုလိုတာက ရေပူစမ်းဖြစ်ပေမဲ့ ရေကူးလို့မရတဲ့ ရေပူစမ်းပါပဲ။ ကူးလိုက်ရင်တော့ သင့်ခန္ဓာကိုယ်တစ်ခုလုံး အက်စစ်ဓာတ်တွေ လောင်မြိုက်ကာ ပျက်စီးသွားနိုင်ပြီး အသက်ပါ ဆုံးရှုံးသွားနိုင်ပါတယ်။
ဒါ့အပြင် အပူချိန်လွန်ကဲနေတဲ့ ရေထဲမှာပဲ ဘက်တီးရီးယားသက်ရှိများဟာ ရေအရင်းအမြစ်ရဲ့ အစွန်းတစ်လျှောက် တိုးပွားများပြားလာကာ ရေပြင်ဧရိယာရဲ့ သီးခြားအရောင်တွေကို ဖြစ်ပေါ်စေတဲ့ ရောင်ခြယ်ပစ္စည်းများကို ထုတ်ပေးနေတာပါ။
အစောပိုင်း ဥရောပ စူးစမ်းလေ့လာသူများထံမှ မှတ်တမ်းများအရ ၁၈၃၉ ခုနှစ်ကတည်းက ဒီရေပူစမ်းဟာ ပွက်ပွက်ဆူနေခဲ့ပြီး အရောင်တွေ စုံလင်နေခဲ့လို့”ပွက်ပွက်ဆူ ရေကန်”အဖြစ် မှတ်သားထားခဲ့ကြရင်း Grand Prismatic Spring အဖြစ် အမည်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်။
ဒီရေပူစမ်းဟာ ၁၆၀ ပေ (၅၀ မီတာနီးပါး) အနက်ရှိပြီး အမေရိကန်ရဲ့ အကြီးမားဆုံးသော ရေပူစမ်း၊ ကမ္ဘာ့ တတိယ အကြီးမားဆုံး ရေပူစမ်းတစ်ခု ဖြစ်ပါတယ်။
ထူးဆန်းလှပတဲ့ အရောင်အသွေးတွေဟာ အမေရိကန်ရဲ့ ရှေးအကျဆုံးသော အမျိုးသားဥယျာဥ်ကို အလှဆင်ထားတယ်လို့ ဆိုရပါမယ်။
ကမ္ဘာမြေ မျက်နှာပြင်ရှိ အက်ကွဲကြောင်းများမှ သတ္ထုတိုက်များမှ အတားအဆီးမရှိ ရေပူများ ထွက်လာတဲ့အခါမှာ စမ်းချောင်းများ ဖြစ်ပေါ်လာပြီး အဆုံးမရှိသော မြေအောက်စက်ဝန်းအတွင်း စီးကျသွားကာ ဒီရေပူစမ်းကို ဖြစ်ပေါ်လာစေခဲ့တာပါ။
အလယ်ဗဟို ရေပူဖောင်းများ အဆက်မပြတ် ထွက်ပေါ်နေတဲ့ ရေပြင်မှာ အပူချိန် ၁၈၇ ဒီဂရီ ဖာရင်ဟိုက် (၈၇ ဒီဂရီ ဆဲလ်စီးယပ်)ဆိုတဲ့ အလွန် ပူပြင်းတဲ့ အပူချိန်ကို ပိုင်ဆိုင်ထားပါတယ်။
ကြီးမားတဲ့ Grand Prismatic Spring
ရေပူစမ်းရဲ့ အကျယ်အဝန်းဟာ အချင်း ၃၇၀ ပေ (၁၁၂ မီတာ)ရှိကာ အပူချိန်တွေက ခွဲဖြာကျဆင်းနေပါတယ်။
ရေပြင်တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ အပူချိန်ကွင်းများကို ဇုန်တစ်ခုစီအဖြစ် သတ်မှတ်နိုင်ပြီး ထိုဇုန်များမှာ မတူညီတဲ့ ဘက်တီးရီးယားအမျိုးမျိုး ကျင်လည်ကျက်စားကြကာ သူတို့ရဲ့ခန္ဓာကိုယ်မှ ထုတ်ပေးတဲ့ ထူးခြားလှပတဲ့ အရောင်အမျိုးမျိုးဖြင့် ရေပူစမ်းကို ဆေးရောင်ခြယ်ပေးပါတယ်။
‘Spring’ (နွေဦး)လို့ ဒီရေပူစမ်းအမည်မှာ ထည့်သွင်းထားခြင်းမှာလည်း ရေပူစမ်းရဲ့ အရောင်ဟာ နွေရာသီမှာ တောက်ပဖြာထွက်တဲ့ သက်တံ့အရောင်ရှိလို့ပါတယ်။
ဒါပေမယ့် ဆောင်းတွင်းပိုင်းမှာတော့ အရောင်မှိန်ဆင်သွားကာ ရေကြည်အပြာရောင်အဖြစ် ပြောင်းလဲသွားတာမလို့ ရာသီဥတုအလိုက် အရောင်ပြောင်းတဲ့ ထူးဆန်းသော ရေပူစမ်းလည်း ဖြစ်ပါတယ်။
Knight News Team