အရီဇိုးနားမြေက ကမ္ဘာ့အကြီးမားဆုံး လေယာဥ်သင်္ချိုင်းကြီး

အရီဇိုးနားမြေက ကမ္ဘာ့အကြီးမားဆုံး လေယာဥ်သင်္ချိုင်းကြီး

လေယာဉ်ပျံတွေ အိုဟောင်းသက်တမ်းကုန်သွားပြီး နောက်ဆုံးအချိန်မှာ လုံးဝအသုံးမပြုတော့ဘဲ ချုပ်ငြိမ်းအနားယူသွားပါက ဘာဖြစ်သွားမယ် ထင်ပါသလဲ။

လေကြောင်းလိုင်းမျိုးစုံက အငြိမ်းစားလေယာဉ်တွေ၊ကမ္ဘာကျော် အသံထက်မြန်တဲ့ ခရီးသည်တင်လေယာဉ်များဖြစ်တဲ့ ကွန်းကော့ (Concorde)၊ Tupolev Tu-144 ကဲ့သို့သော လေယာဉ်များဟာ လုံးဝ ပြန်လည်အသုံးပြုခြင်း မရှိတဲ့နောက်မှာတော့ “လေယာဉ်သင်္ချိုင်း”များတွင်သာ အဆုံးသတ်သွားကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အနောက်တောင်ဘက်ရှိ သဲကန္တာရထဲမှာ လေယာဉ်ထောင်ပေါင်းများစွာဟာ လေယာဉ်သင်္ချိုင်းအဖြစ် သိမ်းဆည်းခံထားရပါတယ်။

အရီဇိုးနားပြည်နယ်၊ Tucson ရှိ၊ သဲကန္တာရကြီးအတွင်းမှာ ထူးဆန်းတဲ့နေရာကြီးတစ်ခု ရှိပါတယ်။

ဘာလဲဆိုတော့ အဲဒီ သဲကန္တာရအတွင်းမှာ အရွယ်အစားကြီးမားလှတဲ့ ကုန်တင် လေယာဉ်များ၊ အကြီးစား ဗုံးကြဲလေယာဉ်များစတဲ့ အရွယ်အစား အမျိုးမျိုးရှိတဲ့ လေယာဉ်တန်းများဟာ မလှုပ်မယှက်ပဲ တောက်လောင်နေသော ကန္တာရ နေရောင်အောက်မှာ တိတ်ဆိတ်စွာ ရှိနေပါတယ်။

အဆိုပါနေရာကိုတော့ 309th Aerospace Maintenance and Regeneration Group (309th AMARG)လို့ လူသိများကြပြီး ကမ္ဘာ့အကြီးဆုံး လေယာဉ် သိုလှောင်မှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အဆောက်အအုံ ဖြစ်ပါတယ်။

Davis-Monthan လေတပ် အခြေစိုက်စခန်းတွင် တည်ရှိတဲ့ ကမ္ဘာ့ အကြီးမားဆုံး လေယာဉ်သင်္ချိုင်း လို့လည်း လူသိများကြပါတယ်။

လေယာဉ်သင်္ချိုင်းကြီးဟာ ခန့်မှန်းခြေအားဖြင့် ဧက ၂,၆၀၀ ကျော် (၁၀.၅ စတုရန်း ကီလိုမီတာ) ခန့် ကျယ်ဝန်းပါတယ် ။

အဲဒီနေရာဟာ အမေရိကန်လေတပ်၊ကြည်းတပ်၊ ကမ်းရိုးတန်းစောင့်တပ်၊ ရေတပ်၊ မရိန်းတပ်ဖွဲ့နှင့် အမျိုးသားလေကြောင်းနှင့် အာကာသကွပ်ကဲမှုအဖွဲ့ (NASA) တို့မှ သက်တမ်းကုန်သွားတဲ့ လေယာဉ်အစင်း ၄,၀၀၀ နီးပါးနှင့် အာကာသယာဉ် ၁၃ စီးတို့ရဲ့ နားခိုရာနေရာ ဖြစ်ပါတယ်။

လေယာဉ်အမျိုးအစား အမျိုးမျိုးရှိသော်လည်း Davis-Monthan မှာ ထိန်းသိမ်းထားတဲ့ လေယာဉ်အများစုဟာ စစ်လေယာဥ်များ ဖြစ်ပါတယ်။

အချို့မှာ အသစ်စက်စက်လို့ ထင်နိုင်ပေမဲ့ သဲနှင့်ဖုန်မှုန့်များ ကင်းဝေးစေရန် အကာအကွယ်အဖုံးများဖြင့် ဖုံးအုပ်ထားကြတာဖြစ်ပြီး အချို့သော လေယာဥ်များကတော့ လေယာဥ်ကိုယ်ထည်တစ်ခုလုံး အပြည့်စုံ မရှိကြတော့ပါဘူး။

Davis-Monthan ဟာ ကမ္ဘာပေါ်က တစ်ခုတည်းသော လေယာဉ်သင်္ချိုင်း မဟုတ်သော်လည်း သူဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဖြစ်ပါတယ်။

Tucson လို ခြောက်သွေ့တဲ့ သဲကန္တာရနေရာမှာ ဘာကြောင့် ဒီလောက်ပမာဏများတဲ့ လေယာဉ်များကို သိုလှောင်ထားကြတာလဲလို့ သင် တွေးကောင်း တွေးနေနိုင်ပါတယ်။

အဲ့ဒါတွေအတွက်တော့ အကြောင်းပြချက်အချို့ ရှိပါတယ်။ ပထမဆုံးအနေနဲ့ အရီဇိုးနားမှာရှိတဲ့ ရာသီဥတုအခြေအနေက ခြောက်သွေ့တဲ့အပူနဲ့ စိုထိုင်းဆ နည်းပါတယ်။

ဒါကြောင့် လေယာဉ်တွေဟာ သံချေးတက်ပြီး ဆွေးမြေ့ပျက်စီးဖို့ အချိန်ပိုကြာပါတယ်။ သံချေးတက်နိုင်ခြေနည်းလို့ ထိန်းသိမ်းထားရာမှာ ပိုမိုလွယ်ကူလာစေပါတယ်။

ဒါ့အပြင် သဲကန္တာရများဟာ သက်တမ်းကုန်တဲ့ လေယာဉ်များထားရှိဖို့ နေရာအများအပြား ကျယ်ဝန်းပါတယ်။ မြေနေရာအတွက် ငွေကုန်ကြေးကျလည်း သက်သာတာ‌ကြောင့် သဲကန္တာရလို နေရာများမှာ လေယာဉ်သင်္ချိုင်း တည်ရှိနေရခြင်းဖြစ်ပါတယ်။

အရီဇိုးနားရဲ့ သဲကန္တာရဟာ လေယာဉ်များမြေထဲသို့ နစ်မြုပ်ခြင်းမှ ကာကွယ်ရန် ခက်ခဲလွန်းပါတယ်။ သဲထဲမှာ တပိုင်းတစ နစ်မြုပ်နေတဲ့ လေယာဉ်ကိုယ်ထည်များ၊ လေယာဉ်အပျက်အစီး အစိတ်အပိုင်းများဟာ အရိုးစုများသဖွယ် ဖြစ်နေပါတယ်။ အဲလိုဖြစ်‌နေတာကို အစွဲပြုပြီး “လေယာဉ်သင်္ချိုင်း” လို့ ခေါ်ကြတာ ဖြစ်ပါတယ်။

သဲကန္တာရဟာ အငြိမ်းစားလေယာဉ်များအတွက် အိမ်တစ်ခုလို ဖြစ်နေသော်လည်း အချို့သော လေယာဉ်များအတွက်တော့ ပျံသန်းနိုင်တဲ့ နေ့ရက်များဟာ စောင့်ကြိုနေပါသေးတယ်။ ဆိုလိုတာက တချို့ဟာ ပြန်လည်ပြင်ဆင်ပြီး ပျံသန်းလို့ ရနိုင်ပါသေးတယ်။

အကယ်၍ လေယာဉ်တစ်စင်း ပြင်ဆင်ပြီး ထပ်မံပျံသန်းရမည်ဆိုပါက လေယာဥ်အတွင်း အညစ်အကြေးများ၊ ဖုန်မှုန့်များနှင့် တောရိုင်းတိရိစ္ဆာန်များ ကင်းဝေးစေရန်အတွက် လေယာဉ်ဝင်ပေါက်အားလုံးကို အလုံပိတ်ထားပြီး သိုလှောင်ရုံမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်များက သေချာ စောင့်ရှောက်ပေးထားမှာ ဖြစ်ပါတယ်။

လေယာဥ်ရဲ့ အစိတ်အပိုင်းအားလုံး ချောမွေ့စွာ အလုပ်လုပ်ကြောင်း သေချာစေရန်လည်း မော်တာများနှင့် အခြားစက်ပစ္စည်းများကို ပုံမှန်လည်ပတ်စေရင်း အနီးကပ် စောင့်ကြည့်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

အရီဇိုးနား အပူရှိန်မှာ အရိုးစုတွေလိုဖြစ်နေတဲ့ လေယာဉ်ကိုယ်ထည်တွေ၊ လေယာဉ်စင်းလုံးတွေစတဲ့ လေယာဉ်တန်းရှည်ကြီးများရှိတဲ့ လေယာဉ်သင်္ချိုင်းကို လေ့လာကြည့်ရှု့ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ သင်ကိုယ်တိုင် သွားရောက်လေ့လာလို့ရကြောင်း တင်ပြလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *