အဆိုးဆုံး ဟက်ကာအဖွဲ့
ဟက်ကာဆိုတာနဲ့ Anonymous အဖွဲ့ကို မျက်စိထဲ ပြေးမြင်ကြမယ် ထင်ပါတယ်။
အခုတင်ပြမယ့် အဖွဲ့ကတော့ Anonymous အဖွဲ့နဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ Evil Corp ဆိုတဲ့အဖွဲ့ ဖြစ်ပါတယ်။ဒီအဖွဲ့ဟာ အလွန်ချမ်းသာတဲ့အဖွဲ့ဖြစ်ပြီး ဘီလီယံနဲ့ချီပြီး ချမ်းသာပါတယ်။
အဖွဲ့ခေါင်းဆောင်ဟာ ရုရှားသမ္မတ ပူတင်ကို တိုက်ရိုက် အစီရင်ခံရပါတယ်တဲ့။ ဒီလောက်ဆိုရင် ဒီအဖွဲ့ဟာ ဘယ်လောက်ဆိုးရွားမယ်ဆိုတာ မှန်းဆနိုင်ပါတယ်။ ဟုတ်ပါတယ် သူတို့ဟာ ရုရှားက ဟက်ကာအဖွဲ့ Evil Corp ဖြစ်ပါတယ်။
Evil Corp အဖွဲ့ဟာ နိုင်ငံပေါင်း ၄၀ ကျော်က ဒေါ်လာသန်း ၁၀၀ ကျော်ကို ခိုးယူခဲ့ကြပါတယ်။ ပြန်ပေးဆွဲခြင်းလို ခြိမ်းခြောက်ငွေတောင်းခြင်းများနဲ့ ပိုက်ဆံကို ရယူကြပါတယ်။
သူတို့အဖွဲ့ဟာ လျှို့ဝှက်ကြပေမဲ့ ခေါင်းဆောင်ဖြစ်သူကတော့ လူသိများပါတယ်။သူ့အမည်က Maksim Yakubets ဖြစ်ပြီး အသက် ၃၅ နှစ် ရှိပါပြီ။
အမေရိကန်က သူ့ကို ဆုငွေ ဒေါ်လာ ၅ သန်းနဲ့ ဖမ်းဝရမ်းထုတ်ထားပေမဲ့ သူကအေးဆေးပါဘဲ။ ဒီဆုကြေးဟာ ဟက်ကာ ဒုစရိုက်လောကမှာ အမြင့်ဆုံးဆုကြေးပါ။ သူက ရုရှားနိုင်ငံကလွဲလို့ ဘယ်မှ မသွားပါဘူး။
ရုရှား အာဏာပိုင်တွေကလည်း သူ့ကို မဖမ်းပါဘူး။ သူဟာ ရုရှားရဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FSB နဲ့ ပါတ်သက်နေလို့ဖြစ်ပါတယ်။ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ရဲ့ ရင်းနှီးတဲ့မိတ်ဆွေလည်း ဖြစ်ပါတယ်။
Yakubets ဟာ လန်ဘော်ဂီနီပြိုင်ကားကိုစီးပါတယ်။ ဒီကားဟာ အနဲဆုံး ဒေါ်လာ နှစ်သိန်းခွဲလောက် တန်ပါတယ်။
ကားနံပါတ်ပြားပေါ်မှာ BOP လို့ ရေးထားပါတယ်။ ရုရှားလို ဒီစကားရဲ့အဓိပ္ပါယ်က သူခိုးပါတဲ့။
တကယ်တော့ Yakubets မှာ တခြားကားတွေလည်း ရှိပါသေးတယ်။ Nissan GT-R နဲ့ Aud -8 အပြင် Dodge Challenger လို တန်ဖိုးကြီးကားတွေပါ။
လန်ဒန်ရဲ့ National Crime Agency က ၂၀၁၉ မှာ ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်တစ်ခုမှာဆိုရင် Yakubets နဲ့ သူ့လူတွေ ကားမောင်းပြိုင်နေကြတာ တွေ့ရပါတယ်။ တခါတလေ ခြင်္သေ့ပေါက်တွေနဲ့ ဆော့နေတာ တွေ့ရပါတယ်။
၂၀၁၇ မှာ သူရဲ့မင်္ဂလာပွဲကို ကျင်းပပါတယ်။ ဒါကို လိုက်ဖ် လွှင့်ပြသခဲ့ပေမဲ့ သူ့မျက်နှာ မပါအောင် ရိုက်ကူးပြခဲ့ပါတယ်။
မင်္ဂလာပွဲဟာ ဒေါ်လာ ၆ သိန်းလောက်ကုန်ကျဖွယ်ရှိပြီး အခမ်းအနားတင်ဆက်သူဟာ တစ်ပွဲ ဒေါ်လာတစ်သိန်းခွဲလောက်ပေးရသူ နာမည်ကြီးတင်ဆက်သူ ဖြစ်ပါတယ်။ Leonid Agutin ဆိုသူပါ။ မော်စကို ဂေါက်ကလပ်တစ်ခုမှာကျင်းပခဲ့တာပါ။
သူ့ဇနီး Alyona ဟာ FSB က အရာရှိ Eduard Bendersky ရဲ့ သမီးပါ။ Bendersky ကလည်း အမဲလိုက် ဝါသနာပါပါတယ်။ အီရတ်မှာ လုံခြုံရေးအရာရှိ လုပ်ဖူးပါတယ်။ ဒီလို စိတ်ချရတဲ့ အသိုင်းအဝန်းထဲမှာ Yakubets ဟာ စိတ်ချလက်ချ နေနိုင်ပါတယ်။
နောက်တစ်ချက်က ရုရှားမှာ ဟက်ကာကို တရားစွဲတာ၊ ဖမ်းဆီးတာမျိုးကလဲ ကြုံတောင့်ကြုံခဲပါ။ အဲဒီအစား သူတို့ကို အစိုးရအတွက် လုပ်ငန်းတွေလုပ်ဖို့ ဖိအားပေးခံရပါလိမ့်မယ်။
Evil Corp ဟာ တခြားဆိုက်ဘာတိုက်ခိုက်မှုးများနဲ့ ဆက်နွယ်နေပါတယ်။ တခြားဟက်ကာတွေလိုဘဲ သူတို့ဟာ ခြိမ်းခြောက်ငွေညှစ်တာမျိုးနဲ့စတင်ခဲ့ကြတာပါ။
လူတွေရဲ့ ကွန်ပျူတာထဲက ဖိုင်တွေကို ဝင်ရောက်ထိန်းချုပ်ပြီး ငွေတောင်းပါတယ်။ ပိုက်ဆံရပြီးမှ ဖိုင်တွေပြန်ဖွင့်ပေးတာမျိုး လုပ်ကြတာပါ။ ဒါကို သူတို့က Raas: လို့ အမည်ပေးထားပါတယ်။
တခြားဟက်ကာတွေက ဒီ software ကို ငွေပေးဝယ်ယူတာတွေ ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ဟာ ယူကရိန်းရဲ့လျှပ်စစ်ဓါတ်အားပေးစနစ်ရဲ့ ကွန်ယက်ကို ဖေါက်ထွင်းခဲ့လို့ ယူကရိန်းဟာ ဒုက္ခရောက်ခဲ့ဘူးပါတယ်။တစ်နိုင်ငံလုံး မီပျက်တဲ့ဒါဏ်ကို ခံကြရပါတယ်။
၂၀၁၈ ခုနှစ်မှာလဲ နယ်သာလန်ရဲ့ ဓါတုလက်နက် စမ်းသပ်မှု အစီအစဉ်ကို ဟက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီအစီအစဉ်က ဗြိတိန်မှာ အဆိပ်သင့်မှုဖြစ်တာကို စုံစမ်းနေတဲ့အချိန်ဖြစ်ပါတယ်။
ဒီလောက်ဆို ဒီအဖွဲ့နဲ့ သူ့နောက်ကွယ်က လက်မဲကြီးကို သိကြမှာပါ။ ၂၀၁၉ ခုနှစ်မှာ ယူအက်စ်နဲ့ ဗြိတိန်ဟာ Evil Corp အဖွဲ့သား ၁၆ ယောက်ကို ပိတ်ဆို့အရေးယူမှု လုပ်ခဲ့ပါတယ်။
သူတို့ဟာ အနောက်ကမ္ဘာက ဘာမှ မရနိုင်တော့ပါဘူး။ ၂၀၂၂ ခုနှစ်မှာတော့ ဟက်ကာအဖွဲ့တွေဟာ မက်ဆေ့တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကျနော်တို့ဟာ Evil Corp နဲ့သက်ဆိုင်မှုမရှိပါဘူး။ ကျနော်တို့ဟာ အမှောင်လောကသားတွေဖြစ်ပေမဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ FSB တို့ FBI တို့နဲ့ လုပ်ငန်းဆက်စပ်မှု မရှိပါဘူးတဲ့။
ဒါပေမဲ့သေချာတာကတော့ ရုရှားရဲ့ FSB ဟာ Evil Corp နဲ့ ကြံရာပါဖြစ်တယ်ဆိုတာပါပဲ။ ဘာကြောင့်ဆို သူတို့ဟာ ပူတင်ရဲ့လူတွေမို့လို့ပါပဲ။
Knight News Team