ကမ္ဘာ့အထူးဆန်းဆုံးပန်း ခုနှစ်မျိုး

ကမ္ဘာ့အထူးဆန်းဆုံးပန်း ခုနှစ်မျိုး

ရှေးကတည်းက ပန်းပွင့်များကို ချစ်ခြင်းမေတ္တာ ဖော်ကျူးရာတွင် အသုံးပြုကြလေ့ရှိပြီး အထူးအချိန် အခါသမယများတွင် ပန်းများကိုလက်ဆောင်ပေးလေ့ရှိကြသည်။

ပန်းများကို ချစ်ခင်နှစ်သက်မှု၊ အားပေးဂုဏ်ပြုမှုနှင့် ရိုးရာဓလေ့အရအနေဖြင့် အမှတ်တရ ပန်းခြင်း၊ ပန်းစည်းများကို ပေးလေ့ရှိသည်။

ပန်းတစ်ပွင့်ကို ကြည့်လိုက်ရုံနှင့် စိတ်ချမ်းသာမှုကို ရစေနိုင်သည့်အပြင် ပန်းများသည် သဘာဝပတ်ဝန်းကျင်ရှုခင်းကို သာယာလှပစေပြီး အိမ်တွင်စိုက်ပျိုးထားမည်ဆိုပါက အိမ်ကို ပိုမိုလှပစေပြီး ဆွဲဆောင်မှုရှိစေနိုင်သည်။

ပန်းတိုင်းအားလုံးလိုလိုသည် ၎င်းတို့၏ ထူးခြားသော ပုံစံမျိုးစုံဖြင့် လှပနေကြလေ့ရှိသည်။ တချို့မှာ အနံ့မရှိ သော်လည်း အဆင်းမှာ အင်မတန်လှပနေတတ်ပြီး ထင်ရှားပေါ်လွင်နေပါသည်။

ယနေ့စာရေးသူ ဖော်ပြပေးလိုသည့်ပန်းများကတော့ ကမ္ဘာပေါ်တွင် ထူးထူးခြားခြား ဆန်းပြားလှသည်ဟု ယူဆထားသည့် ပန်း ခုနစ်မျိုးကို ဖော်ပြပေးသွားပါမည်။

၁။ အလောင်းကောင်ပန်း – The Corpse Flower (Rafflesia arnoldii)

ကမ္ဘာပေါ်တွင်ရှိသော ပန်းအတော်များများသည် နှစ်လိုဖွယ် အဆင်းရနံ့ရှိကြသော်လည်း တချို့သော ပန်းများကမူ အဆင်းလှသလောက် အတော်လေး ဆိုးရွားသည့် အနံ့အသက်များကို ထုတ်လွှတ်တတ်ကြသည်။

ကမ္ဘာပေါ်မှာရှိသော ပန်းပွင့်များအားလုံးထဲတွင် ယခုဖော်ပြမည့် ပန်းပွင့်ကဲ့သို့ ကြီးမားသောပန်းအမျိုး အစားမျိုးမှာ ရှားပါးကြောင်း သိရသည်။

ထိုပန်းပွင့် တစ်ပွင့်၏ အလေးချိန်သည် ၁၅ ပေါင်မှ ၂၄ ပေါင်ထိ ရှိပြီး အချင်း သုံးပေခန့်ထိ ရှိသည်။ ၎င်းပန်းပွင့်၏ ကြီးမားသောသံချေးရောင်ပွင့်ဖတ်များပေါ်တွင် အဝါရောင် အစက်အပြောက်များနှင့် အမြင်ဆန်းပြီးလှပသည်။

သို့သော်လည်း ၎င်းပန်းပွင့်မှ ထွက်ပေါ်လာသော ရနံ့သည် ပုပ်သိုးနေသည့်သတ္တဝါအလောင်းကောင်များဆီက ထွက်ပေါ်လာသည့် အနံ့နှင့်တူညီနေသည့်အတွက် အလောင်းကောင်ပန်းဟု ခေါ်ဆိုကြသည်။

ထိုအနံ့ကပင်လျှင် ဝတ်မှုန်ကူးရန် အင်းဆက်များကို အဓိကဆွဲဆောင်ခြင်းဖြစ်သည့်အတွက် ထိုအပင်၏ သဘာဝမှာ ဆန်းကြယ်သည်ဟု ဆိုရမည်ဖြစ်သည်။

၎င်းပန်းများသည် လေးနှစ်မှ ခြောက်နှစ်ကြာ တစ်ကြိမ်သာ ပန်းပွင့်ကြသည်။ ထို့ပြင် ၎င်းပန်းများသည် အခြားသောပန်းကဲ့သို့ ပင်စည်နှင့်အရွက်လည်း မရှိသည့်အပြင် အလွန်ရှားပါးသဖြင့် တောရိုင်းများတွင်ပင် ရှာဖွေရခက်သည်။ ၎င်းပန်းပင်များသည် အင်ဒိုနီးရှားနိုင်ငံ၏ မိုးသစ်တောများတွင်သာ ပေါက်ရောက်ကြသည်။

၂။ မြွေဦးခေါင်းပုံပန်း – Snake’s Head (Fritillaria meleagris)

မြွေဦးခေါင်းပုံပန်းပွင့်သည် ယူရေးရှားကုန်းမြေ၏ စိုစွတ်သော မြစ်နီးချောင်းပါးမြက်ခင်းများနှင့် မြက်ခင်းလွင်ပြင်များတွင် ပေါက်ရောက်သည်။

မြွေအရေခွံနှင့် ဆင်တူပြီး ပုံမှန်မဟုတ်သော အကွက်ခြစ်ပုံစံကိုကြည့်ပြီး ၎င်းပန်းအမည်ကိုပေးထားခြင်း ဖြစ်သည်။ ၎င်းကို စစ်တုရင်ပန်း၊ ဖားပုံသဏ္ဌာန်ခွက်နှင့်တူသောပန်း၊ဂီနီကြက်မကဲ့သို့ အကွက်များရှိသောပန်းပွင့်၊ အကွက် အစက်များပါသော လီလီဟုလည်း လူသိများသည်။

၃။ ရေကရားပင် – Pitcher plant (Nepenthes spectabilis X ventricosa)

ရေကရားပင်မျိုးစိတ်ပေါင်း ၆ဝ ခန့်ရှိသည်။ ရေကရားပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ချုံပုတ်များကိုနွယ်ပတ်၍ ပေါက်လေ့ရှိသည်။

အရွက်များ၏ အဖျားပိုင်းတွင် ရေကရားပုံရှိသော အရွက်အိတ်ကလေးများ တွဲလျားကျနေတတ်သည့်အတွက် ရေကရားပင်ဟု ခေါ်ဆိုကြသည်။ ရေကရားပင်ကို အသားစားပင်ဟုလည်းခေါ်ကြသည်။

အဘယ်ကြောင့်ဆိုသော် အပင်တွင်ပါသောရွက်အိတ်ပိုင်းသည် ပိုးကောင်များကိုဖမ်းရန် ထောင်ချောက်ဖြစ်ပြီး ထိုထောင်ချောက်အတွင်း၌ ပိုးကောင်များကို သွေးဆောင်နိုင်သော ဝတ်ရည်ရှိသည်။

ပိုးကောင်များသည် ၎င်းဝတ်ရည်ကိုစားသုံးရန် အပေါက်ထဲသို့ဝင်သွားသည်။ ထိုသို့ဝင်သွားသော ပိုးကောင်များကို ရွက်အိတ်ထဲတွင်ရှိသော ဝတ်ရည်များက ဝါးမျိုချေဖျက်လိုက်လေသည်။

ထိုသို့ ချေဖျက်လိုက်ခြင်းမှ အပင်အသက်ရှင်ရေးအတွက် လိုအပ်သောနိုက်ထရိုဂျင်ဓာတ်ကို ရရှိသည်။

၄။ ဖိနပ်သစ်ခွ – Lady’s Slipper Orchid (Cypripedioideae calceolus)

ဖိနပ်သစ်ခွဟု ခေါ်သော သစ်ခွပန်းသည် ပွင့်ချပ်များ၏ အလယ်တွင်ရှိသော ဗဟိုပွင့်ချပ်ကြောင့် ဖိနပ်တစ်ရန်နှင့် ဆင်တူသော သဏ္ဌာန်ရှိသည်။

ဖိနပ်သစ်ခွ၏ မျိုးစိတ်အမျိုးအစားများစွာကို မြောက်အမေရိကတိုက်နှင့် ဥရောပတိုက်တို့တွင် တွေ့ရှိနိုင်သည်။

၎င်းအပင်သည် အင်္ဂလန်နိုင်ငံတွင် မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့သော်လည်း သိပ္ပံပညာရှင်များက ထိန်းသိမ်းမှုများပြုလုပ်နိုင်ခဲ့သည့်အတွက် မျိုးသုဉ်းမည့် အန္တရာယ်မှ အကာအကွယ်ပေးခြင်းခံရသောမျိုးစိတ် တစ်ခုဖြစ်လာသည်။

၅။ ညတွင်ပွင့်သော Cereus ပန်း – Night-Blooming Cereus (Epiphyllum oxypetalum)

ညတွင်ပွင့်သော ဆီးရပ်စ်ပန်းပင် (Epiphyllum oxypetalum)ကို ညမင်းသမီး သို့မဟုတ် ညဘုရင်မဟု တင်စားထားကြသည်။

၎င်းပန်းပွင့်သည် အပွင့် ပွင့်ရန်ခက်ခဲပြီး ညအချိန်နှင့် အရုဏ်မတက်မီတွင်သာ ပန်းများပွင့်လေ့ရှိသည်။ ဆီးရပ်စ်မျိုးစိတ်ပန်းများအားလုံးသည် ညအချိန်တွင် ပွင့်ကြသောညကုန်းနေ အပင်များဖြစ်သည်။

၎င်းမျိုးစိတ်ပန်းများကို အလွယ်တကူစိုက်ပျိုးနိုင်ပြီး ကြီးထွားနှုန်းလည်း မြန်ကြသည်။ အာရှနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့၏အယူအရ ၎င်းပန်းပင်တွင် ဆေးဖက်ဝင်ဂုဏ်သတ္တိများရှိသည်ဟု လူသိများသည်။

အဆိုပါ ပန်းပွင့်များတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများ၊ သွေးယိုစီးမှုအခြေအနေများကို ကုသ ရာတွင်သော်လည်းကောင်း နာကျင်မှုနှင့်ရောင်ရမ်းမှုကို လျှော့ချပေးရာတွင်သော်လည်းကောင်း သက်သာ ပျောက်ကင်းစေသော ဂုဏ်သတ္တိလည်းရှိသည့်အတွက် တိုင်းရင်းဆေးပညာတွင် တွင်ကျယ်စွာ အသုံးပြုကြ သည်။

ထို့ပြင် ၎င်းပန်းပင်၏ အမြစ်သည် ၁၅ ပေါင်ထိ အလေးချိန်ရှိကြောင်း ဗဟုသုတရဖွယ် သိရှိရသည်။

၆။ ဆီးဟိုလီပန်းပင် – Sea Holly (Eryngium Maritimum)

ဆီးဟိုလီပန်းပင်ကို ဥရောပ၏ ကမ်းရိုးတန်းအများစုတွင် တွေ့ရှိနိုင်သည်။ ၎င်းပန်းပွင့်အရောင် များသည် တွေ့ရခဲသော အပြာရောင်တောက်တောက်၊ ခရမ်းရောင်တောက်တောက် အရောင်များဖြစ်ပြီး ပန်းပွင့်၏ အလယ်ဗဟိုတွင် ဆူးမွှား ၀တ်ဆံတိုင်ပါရှိသည်။

၎င်း၏ ဇာတိနေရင်းဒေသသည် ကမ်းရိုးတန်း ဖြစ်သော်လည်း အခြားဒေသများတွင်ပါ စိုက်ပျိုးနိုင်ပြီး မိုးနည်းသောမြေဆီလွှာများတွင် အများဆုံး ပေါက်ရောက်သည်။

၇။ ဗုဒ္ဓဥဒုမ္ဗရပန်းပင် – Buddhist Udumbara Flower

ဗုဒ္ဓဥဒုမ္ဗရပန်းပင်သည် ရှေးယခင်ဒဏ္ဍာရီလာ မင်္ဂလာပန်းပွင့်ဖြစ်ပြီး ၎င်းပန်းပွင့်သည် ပိုးဥနှင့် အလွန်တူသည်။ ၎င်းပန်းနှင့် ပိုးဥ၏ ခြားနားချက်မှာ ၎င်းပန်းသည် အချင်း တစ်မီလီမီတာခန့်ရှိပြီး ခေါင်းလောင်းပုံသဏ္ဌာန်ရှိကာ အရောင်ဖျော့သည်။

ပန်းပင်၏ ပင်စည်သည် ရွှေကဲ့သို့ပါးလွှာပြီး ညတွင်ပွင့်ကာ မွှေးရနံ့သည် အဝေးထိ ပျံ့နှံ့နိုင်သည့်အပြင် အလွန်လှပသည်။ ပန်းပွင့်ကို လက်ဖြင့် ညှစ်လိုက်လျှင် ကျုံ့သွားကာ ပြန်လည်ပြည့်ဝလာနိုင်သည်။

ဗုဒ္ဓဥဒုမ္ဗရပန်းပင်သည် ကြိုးဖြင့်ချည်
ထားသော အင်းဆက်ဥများနှင့်ဆင်တူသော်လည်း သေချာကြည့်ပါက ဥများသည် ဘဲဥပုံဖြစ်ပြီး အရောင်သည် အစိမ်းဖျော့မှ မီးခိုးရောင်သို့ပြောင်း သွားပြီး အမွှေးအနံ့မရှိချေ။

အစဉ်အဆက် မှတ်သားချက်များအရ နှစ်ပေါင်း ၃ဝဝဝ လျှင် တစ်ကြိမ်သာပွင့်လေ့ရှိသော ဗုဒ္ဓဥဒုမ္ဗရပန်းပင်သည် တစ်ခါပွင့်လျှင် ရက်သတ္တပတ်များစွာမှ နှစ်လထိ ကြာတတ်ပြီး သေးငယ်သော်လည်း ပန်းသည်ခိုင်ခံ့ပြီး ချစ်စဖွယ်ရနံ့ကို ပေးစွမ်းသည်ဟု သိရသည်။

Source – Yadanarpon Daily News

Leave a Reply

Your email address will not be published. Required fields are marked *