ရေခဲမြစ်တွေကို ဝန်းရံထားကြတဲ့ ကမ္ဘာ့အံ့ဖွယ် ရေခဲလှိုဏ်ဂူကြီးများ
ရေခဲလှိုဏ်ဂူဆိုတဲ့ စကားလုံးမျိုးကို လူတွေ ကြားလိုက်ရတဲ့အခါမှာ သူတို့ရဲ့ မျက်လုံးတွေက လင်းလက်တောက်ပလာပါလိမ့်မယ်။
အမေရိကန်၊ အလက်ဇကာဒေသက Mendenhall ရေခဲဂူများအကြောင်း ကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ပေးသွားချင်ပါတယ်။
ဘာကြောင့် ထူးခြားဆန်းကြယ်တာလဲ
Mendenhall ရေခဲလှိုဏ်ဂူများကို ဖော်ပြရမယ်ဆိုရင်တော့ ရေခဲမြစ် အတွင်းမှ ရေများစီးဆင်းပြီး ဖြတ်သန်းရာလမ်းကြောင်းအဖြစ် ဖွဲ့စည်းထားတဲ့ “ဂူ” ကို ဆိုလိုပါတယ်။
ဒီဂူတွေကို အသေးစိတ် လေ့လာကြမယ်ဆိုပါက အလွန်သေးငယ်တဲ့ ဂူလေးတွေမှ ဧရာမ ဥမင်လှိုဏ်ခေါင်းကြီးတွေအထိ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ထူးခြားဆန်းကြယ်တဲ့ နေရာတွေ အများကြီးရှိတဲ့ အနက်ကမှ အလက်ဇကာ၊ Juneau ရှိ၊ Mendenhall တောင်ကြားက ၁၉ ကီလိုမီတာ ရှည်လျားတဲ့ ရေခဲလွှာဟာ ကမ္ဘာ့အထူဆုံး ရေခဲမြစ်များအဖြစ် မှတ်တမ်းတင်ထားပါတယ်။
အရှည် ၁,၄၇၇ မီတာ ရှည်လျားပြီး Juneau Icefield ရဲ့ အဓိက ရေခဲမြစ် ၃၈ ခုထဲမှ တစ်ခုဖြစ်ပါတယ်။
ကမ္ဘာ့ရေခဲမြစ် အပေါများဆုံးနေရာလည်းဖြစ်တဲ့ ဒီဒေသရဲ့ ရေခဲပြင်ဟာ Teku မြစ်မှ Skagway အထိ ၃,၈၅၅ စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းပါတယ်။
ရေခဲမြစ် ပတ်ပတ်လည်မှာ ရေခဲဂူများရှိပြီး အဓိကအားဖြင့် အေးခဲနေတဲ့ အပြာရောင် ရေခဲများပေါ်မှာ စီးဆင်းနေကြတဲ့ အခေါင်းပေါက် ရေခဲမြစ်များ ပါဝင်နေပါတယ်။
အထက်မှာ ဆိုခဲ့သလိုပဲ ရေခဲလှိုဏ်ဂူများဟာ ကြီးမားတဲ့ အခေါင်းပေါက်ကြီးများမှ ဖြတ်၍မရအောင် သေးငယ်တဲ့ လိုဏ်ခေါင်းများအထိ အရွယ်အစား အမျိုးမျိုးရှိနေပြီး Mendenhall ရေခဲမြစ်ကတော့ Tongass အမျိုးသား သစ်တောအတွင်းက အကာအကွယ် နယ်မြေတစ်ခု ဖြစ်ပါတယ်။
ရေခဲမြစ်နဲ့ တည်နေရာ အသေးစိတ်
Mendenhall ရေခဲမြစ်ဟာ Alaska အရှေ့တောင်ပိုင်းရှိ Mendenhall တောင်ကြားမှာ တည်ရှိပါတယ်။ ၁၉ ကီလိုမီတာခန့် ရှည်လျားတဲ့ ရေခဲမြစ်ဟာ Admiralty Island National Monument ရဲ့ တောင်ဘက်၊ Diamond Park နဲ့ Juneau အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။
Mendenhall ရေခဲမြစ်ဟာ Tongass အမျိုးသားသစ်တောအတွင်းရှိ Mendenhall ရေခဲပြင် အပန်းဖြေဧရိယာရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကာကွယ်ထားပါတယ်။
ရေခဲမြစ်နဲ့ ကပ်လျက်က ၆၇ မီတာ အနက်ရှိတဲ့ Mendenhall ရေကန်ဟာလည်း ၁၉၀၀ အစောပိုင်းကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်လာခဲ့ပါတယ်။
ရေခဲလှိုဏ်ဂူကြီးများ
ရေခဲမြစ်ကို ဝန်းရံထားကြတဲ့ လှိုဏ်ဂူများကိုလည်း အဝေးပြေးလမ်းမမှ တဆင့် တစ်နှစ်ပတ်လုံး ဝင်ရောက်နိုင်ပါတယ်။
Mendenhall Glacier ရဲ့ အခမ်းနားဆုံး အလှတရားတွေထဲမှာ ရေခဲများနဲ့ ကျောက်ဆောင်များကြားက ရေများဖြတ်သန်းစီးဆင်းရာ အပြာရောင် ရေခဲဂူများ ပါဝင်ပါတယ်။
ရေခဲဂူများရဲ့ ရင်သပ်ရှုမောဖွယ် အပြာရောင်ဟာ မူလရေခဲများနှင့် နှင်းများထံမှ လေကို ညှစ်ထုတ်လိုက်ခြင်းကြောင့် အပြာရောင်မှလွဲ၍ အရောင်အားလုံးကို ရေခဲများက စုပ်ယူသွားစေရာမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။
လှိုဏ်ဂူတွေ ပေါ်ပေါက်လာရခြင်းမှာလည်း ရေခဲမြစ်မှ အရည်ပျော်သော ရေများဟာ မြစ်အောက်ဘက်သို့ ဖြတ်သန်းစီးဆင်းတာကြောင့် ဂူအသစ်များကို ပုံမှန်ထွင်းထုသကဲ့သို့ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် အချို့ဂူများကတော့ အချိန်နှင့်အမျှ ပြိုကျခဲ့ရပါတယ်။
လိုဏ်ခေါင်းများဟာ အရွယ်အစား ကွဲပြားကြပြီး အချို့မှာ လွယ်ကူစွာ ဖြတ်သန်းသွားလာနိုင်တဲ့ လိုဏ်ခေါင်းကြီးများဖြစ်ပြီး အချို့မှာ သေးငယ်ပြီး အတွင်းထဲသို့ လူများဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်ပါတယ်။
ဝမ်းနည်းစရာကတော့ ဒီရေခဲမြစ်ဟာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် တဖြည်းဖြည်းနဲ့ ပျက်ဆီးလာခဲ့ကာ ရေခဲဂူများပေါ် သက်ရောက်မှုရှိခဲ့ပြီး ဂူအများစုဟာလည်း ပြိုကျခဲ့ရပါတယ်။
အထူးသဖြင့် အလက်ဇကာ အရှေ့တောင်ပိုင်းက ရာသီဥတုဖောက်ပြန်မှုတွေဟာ ရေခဲမြစ်များကို တိုက်ရိုက်ပျက်စီးစေခဲ့တာပါ။
အမေရိကန် သစ်တောဌာနရဲ့ အဆိုအရ ရေခဲမြစ်ဟာ လူမှုအသိုင်းအဝိုင်းအများစုရဲ့ ရေချိုအတွက် မှီခိုအားထားရာ နေရာဖြစ်တာကြောင့် ရေခဲမြစ်မရှိတော့တဲ့အခါ အခြား ရေအရင်းအမြစ်ကို ရှာဖွေရန် တွန်းအားပေးခံရပါလိမ့်မယ်။
ရေခဲများဟာလည်း ရေခဲမြစ်များ ဆုတ်ယုတ်လာတာနှင့်အမျှ အရွယ်အစား တိုးလာကာ Mendenhall ရေကန်ကြီးလို ကန်ကြီးတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ရေကန်မှာတော့ လူတွေအပြင် ဆော်လမွန်၊ char နဲ့ Dolly Varden လို ငါးများအပါအဝင် ထူးခြားတဲ့ သစ်ပင်ပန်းမန်များနဲ့ တိရစ္ဆာန်များကို အရင်းအမြစ်တွေ ပေးစွမ်းထားကြောင်း တင်ပြလိုက်ပါတယ်။
Knight News Team