လ၏ အပေါ်ဆုံးအလွှာတွင် လူပေါင်း ၈ ဘီလီယံကို နှစ် ၁၀၀,၀၀၀ ကြာ ရှင်သန်ရန် အောက်ဆီဂျင် လုံလုံလောက်လောက်ရှိနေ
လရဲ့လေထုဟာ အလွန်ပါးလွှာပြီး ဟိုက်ဒရိုဂျင်၊ နီယွန်နှင့် အာဂွန်တို့ ပါဝင်ပါတယ်။ ၎င်းတို့ဟာ လူသားကဲ့သို့ အောက်ဆီဂျင်ကို မှီခိုနေရသော နို့တိုက်သတ္တဝါများကို အကျိုးပြုသည့် ဓာတ်ငွေ့အရောအနှောမျိုးတော့ မဟုတ်ပါဘူး။
လပေါ်တွင် အောက်ဆီဂျင် အများအပြား ရှိသည်ဟု ဆိုသော်လည်း ဓာတ်ငွေ့ပုံစံနဲ့ တည်ရှိနေတာ မဟုတ်ပါ။ အောက်ဆီဂျင်ဟာ လပေါ်က regolith ခေါ်တဲ့ မြေမှုန် တွေမှာ ကပ်ပြီးတည်ရှိနေတာပါ။
ဤတွင် အရေးကြီးသောမေးခွန်းတစ်ခု ရှိပါတယ်။
အကယ်၍ ကျွန်ုပ်တို့ဟာ မြေမှုန်(regolith) မှ အောက်ဆီဂျင်ကို ထုတ်ယူနိုင်လျှင် လပေါ်ရှိ လူသားများ၏ အသက်ကို ထောက်ပံ့ပေးရန် လုံလောက်မည်လားဆိုတာပါ။
Southern Cross တက္ကသိုလ်မှ လေ့လာမှုအသစ်တစ်ခုအရ လ၏ အပေါ်ဆုံးအလွှာတွင် အောက်ဆီဂျင် လုံလောက်စွာရှိပြီး လူပေါင်း ၈ ဘီလီယံကို နှစ် ၁၀၀,၀၀၀ ကြာအောင် အကျိုးပြုနိုင်ကြောင်း အကြံပြုထားပါတယ်။
လကို အဓိကအားဖြင့် ဓာတ်သတ္တုကျောက်များနှင့် ပြုလုပ်ထားပြီး အများစုဟာ ကမ္ဘာမြေပေါ်တွင် တွေ့ရလေ့ရှိတဲ့ အရာတွေဖြစ်ပါတယ်။ ဓါတ်သတ္တုများဖြစ်တဲ့ ဆီလီကာ၊ အလူမီနီယမ်၊ သံနှင့် မဂ္ဂနီဆီယမ်အောက်ဆိုဒ်ဓာတ်များဟာ လရဲ့မျက်နှာပြင်ကို လွှမ်းမိုးထားပါတယ်။
ဤဓါတ်သတ္တုအားလုံးမှာ အောက်ဆီဂျင်ပါ၀င်သော်လည်း ကျွန်ုပ်တို့၏အဆုတ်က လက္ခံနိုင်တဲ့ ပုံစံတော့မဟုတ်ပါဘူး။ လပေါ်ရှိ ဤဓါတ်သတ္တုများသည် မတူညီသောပုံစံအနည်းငယ်ဖြင့် တည်ရှိနေပြီး ကျောက်ကြမ်းများ၊ ဖုန်မှုန့်များ၊ ကျောက်စရစ်များနှင့် ကျောက်တုံးများက လရဲ့ မျက်နှာပြင်ကိုဖုံးအုပ်ထားပါတယ်။
လ၏ မြေမှုန်(regolith)တွေဟာ ခန့်မှန်းခြေအားဖြင့် အောက်ဆီဂျင် ၄၅ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားပါတယ်။ သို့သော် အောက်ဆီဂျင်ဟာ အထက်ဖော်ပြပါ ဓါတ်သတ္တုများတွင် တင်းကျပ်စွာ ချည်နှောင်တည်ရှိနေပါတယ်။ အဲဒီကနေ အောက်ဆီဂျင်ကို ခွဲထုတ်ရမှာပါ။
မြေမှုန်(regolith) မှ အောက်ဆီဂျင်ကို ထုတ်ယူရာတွင် ကြီးမားသော စက်ကိရိယာများ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ဟာ ပထမဦးစွာ အပူပေးခြင်း သို့မဟုတ် ဖျော်ရည်များ သို့မဟုတ် အီလက်ထရွန်းများနှင့်အတူ ပေါင်းစပ် အပူပေးခြင်းအားဖြင့် အစိုင်အခဲသတ္ထုအောက်ဆိုဒ်ကို အရည်ပုံစံအဖြစ်သို့ ပြောင်းလဲရန် လိုအပ်ပါတယ်။
ဤနည်းပညာကို ကမ္ဘာမြေပေါ်တွင် ရနိုင်သော်လည်း လပေါ်ရောက်ရှိရန်မှာ စိန်ခေါ်မှုတစ်ခုပင်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အစောပိုင်းတွင် ဘယ်လ်ဂျီယံအခြေစိုက် Space Applications Services ကုမ္ပဏီ က Electrolysis မှတစ်ဆင့် အောက်ဆီဂျင်ပြုလုပ်ခြင်းအား ပိုမိုကောင်းမွန်လာစေရန် စမ်းသပ်ဓာတ်ပေါင်းဖိုသုံးခုကို တည်ဆောက်နေကြောင်း ကြေညာခဲ့ပါတယ်။
အဆိုပါနည်းပညာကို ဥရောပအာကာသအေဂျင်စီ၏ in-situ resource utilization (ISRU) မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် လပေါ်သို့ ပေးပို့နိုင်ရန် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ပျမ်းမျှအားဖြင့် လကမ္ဘာပေါ်က မြေမှုန်(regolith) ကုဗမီတာ တစ်ခုစီတွင် ဓါတ်သတ္တု ၁.၄ တန်ပါဝင်ပြီ အောက်ဆီဂျင် ၆၃၀ ကီလိုဂရမ်ခန့် ပါဝင်ပါတယ်။ NASA ရဲ့ အဆိုအရ လူသားများသည် တစ်နေ့လျှင် အသက်ရှူရန် အောက်ဆီဂျင် ၈၀၀ ဂရမ်ခန့် လိုအပ်သည်ဟု ဆိုပါတယ်။
ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့ဟာ လရဲ့အပါ်လွှာ ဆယ်မီတာအထက်မှ အောက်ဆီဂျင် အားလုံးကို ထုတ်ယူနိုင်ခဲ့ရင် ရရှိလာမယ့် အောက်ဆီဂျင်ပမာဏဟာ ကမ္ဘာမြေပေါ်ရှိ လူပေါင်း ရှစ်ဘီလီယံကို နှစ်ပေါင်း ၁၀၀,၀၀၀ ခန့်တိုင်အောင် အသက်ရှင်နိုင်ဖို့ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။