စစ်သူကြီးမဟာဗန္ဓုလကို နယ်ချဲ့အင်္ဂလိပ်တို့ လေးစားသွားခဲ့ရတဲ့ အကြောင်းအရင်း

စစ်သူကြီးမဟာဗန္ဓုလကို နယ်ချဲ့အင်္ဂလိပ်တို့ လေးစားသွားခဲ့ရတဲ့ အကြောင်းအရင်း

စစ်သူကြီးမဟာဗန္ဓုလသည် နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲဝံ့ ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ တစ်ဖက်နှင့်တစ်ဖက် ရန်သူပင် ဖြစ်လင့်ကစား နယ်ချဲ့ အင်္ဂလိပ်တို့အနေဖြင့် စစ်သူကြီး မဟာဗန္ဓုလအား လေးစားခဲ့ကြရသည်။

အကြောင်းမူ စစ်သူကြီး မဟာဗန္ဓုလမှ ရန်သူနယ်ချဲ့အင်္ဂလိပ်တို့အား ပြန်ကြားသည့် စာတစ်စောင်ကြောင့်ဖြစ်ပေသည်။

ထိုစဉ်က အင်္ဂလိပ်တပ်ပေါင်းစုမှူး ဗိုလ်ချုပ်ဆာအာချီဘော် ကင်းဘဲလ်သည် သူကိုယ်တိုင်ဦးစီးသော ကြည်းကြောင်းချီ ပင်မ စစ်ကြောင်းကို ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း မြစ်ရိုးတစ် လျှောက်ချီတက်ပြီး

ဟင်္သာတတစ်ဖက်ကမ်း သာရဝေါတွင် ခေတ္တရပ်နားရန် ဗိုလ်မှူးကော့တွန်းဦးစီးသော ရေကြောင်းချီတပ် သည် စစ်သူကြီး မဟာဗန္ဓုလဦးစီးသော ဓနုဖြူခံတပ်ကို ဝင်ရောက်တိုက်ခိုက် ဖျက်ဆီးသိမ်းပိုက်ရန် ၊ သိမ်းပိုက်ပြီးနောက်

ဧရာဝတီမြစ်ရိုးအတိုင်း အထက်ကို ဆက်လက်ချီတက်ပြီး၊ ဟင်္သာတ၊သာရ‌ဝေါတွင် ဗိုလ်ချုပ်ကင်းဘဲလ်၏ ပင်မကြည်းကြောင်းချီ တပ်မကြီးနှင့် ဗိုလ်မှူးချုပ် ကော့တွန်း၏ ရေကြောင်းချီတပ်ကို အတူတကွ ပူးပေါင်းပြီး ပြည်မြို့ သို့ ဆက်လက်တက်ရန်

ထိုနောက် ပြည်မြို့ စစ်ဒေသနယ်မြေတွင် တပ်စွဲထားသော မြန်မာ့တပ်မတော်အား ရေကြောင်း – ကြည်း ကြောင်း နှစ်ဖက်ညှပ်လျှက် ဝင်ရောက်တိုက်ခိုက်၍ ပြည်မြို့နှင့် ပြည်မြို့ကို သိမ်းပိုက်ရန်

ထိုမှတစ်ဆင့် မြန်မာဘုရင် ထီးနန်းစိုးရာ အင်းဝနေပြည်တော်ကို ဆက်လက်ချီတက် သိမ်းပိုက်ရန် ဖြစ်လေသည်။

ဗိုလ်မှူးချုပ်ကော့တွန်းဦးစီးသော ရေကြောင်းချီတပ်မသည် ရန်ကုန်မြို့မှ ၁၉၂၅ ခု၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ထွက်ခွာခဲ့ရာ ဓနုဖြူမြို့အနီး ၂ မိုင်ကွာ ဧရာတီမြစ်ကမ်းပါး ဒေသသို့ ၁၈၂၅ ခု၊ မတ်လ ၆ ရက်နေ့တွင် ရောက်လာသည်။

ဗိုလ်မှူးချုပ်ကော့တွန်း ဦးစီးသော အင်္ဂလိပ်ရေကြောင်း ချီတပ် သည် ဗိုလ်မှူးသတိုးမင်းကြီး မဟာဗန္ဓုလ ဦးစီးသော မြန်မာတို့၏ ဓနုဖြူခံတပ်ကြီးကို လှမ်းမြင်ရသည့်နည်းတူ မြန်မာတို့၏ ဓနုဖြူခံတပ်ကြီးကလည်း ဗိုလ်မှူးချုပ် ကော့တွန်းဦးစီးသော အင်္ဂလိပ် တို့၏ ရေကြောင်းချီတပ်မနှင့် ရေတပ်တိုက်သင်္ဘောများကို လှမ်း မြင်နေရလေသည်။

ထို့နောက် ဓနုဖြူခံတပ်ကြီး၏ အပြင်ခံတပ်ငယ်အောက်နား တွင် ကျောက်ချရပ်နားနေစဉ် သင်္ဘောပေါ်မှ ဗိုလ်မှူးချုပ် ကော့တွန်းက ဓနုဖြူခံတပ်ရှိ မဟာန္ဓုလအား လက်နက်ချအညံ့ခံရန်နှင့် လက်နက်မချပါက မိမိတို့အင်္ဂလိပ်တပ်ကပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း အကြောင်းကြားစာပို့လိုက်လေသည်။

မြန်မာ့သတ္တိနှင့် မြန်မာမျိုးချစ်စိတ်ဓာတ်ကို လျှော့တွက်ထားသော အင်္ဂလိပ်တို့ မှန်းချက်မကိုက် ဖြစ်သွားရသည်။ အဘယ် ကြောင့်ဆိုသော် မြန်မာစစ်သူကြီး မဟာဗန္ဓုလ၏ပြန်စာမှာ ယဉ်ကျေးသိမ်မွေ့ပြီး ရဲဝံ့ပြတ်သားသောကြောင့်ပင် ဖြစ်သည်။

အင်္ဂလိပ်စစ်ဗိုလ်အား စစ်သူကြီးမဟာဗန္ဓုလ ပြန်ကြားသည် ပြန်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

“သင်နှင့်ကျွန်ုပ်တို့သည် မိမိတို့တိုင်းပြည်အတွက် အသီးသီး စစ်တိုက်နေကြသည်။ ကျွန်ုပ်၏ မယိမ်းမယိုင် ခုခံတွန်းလှန်မှုကို သင်တွေ့ မြင်ရပြီ ဖြစ်သည်။

ကျွန်ုပ်ကို တွန်းလှန်နိုင်လျှင် သင်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းထား နိုင်ပေလိမ့်မည်။ မိတ်ဆွေတစ်ဦးအနေဖြင့် ဓနုဖြူခံတပ်သို့ လာရောက်ကြည့်လိုပါက သင့်ကို ကျွန်ုပ် လိုက်လံပြသပါမည်။ ရန်သူအနေဖြင့် လာလိုမူလည်း ကမ်းသို့တက်ပြီး တပ်ချင်း ရင်ဆိုင်နိုင်ပါသည်”

ထိုကဲ့သို့ ပြန်ကြားလိုက်လေသောအခါ မြန်မာတို့၏ ရိုးသား ဖြူစင်သော၊ ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးသောစိတ်ဓာတ် ထင်ဟပ်သည်နှင့်အတူ ကျူးကျော်ရန်ပြုလာပါလျှင်လည်း ရဲဝံ့ ပြတ်သားစွာ တိုက်ခိုက်ချေမှုန်းသွားရန် သန္နိဋ္ဌာန်ချထားသည် ကို အထင်းသား တွေ့မြင်နေရပေသတည်း။

နန္ဒာမိုးကြယ်(မြန်မာ့ဗဟုသုတ-၁၀၀ စာအုပ်မှ)
Photo-crd

Leave a Reply

Your email address will not be published.