လူတွေ သိပ်မရင်းနှီးကြတဲ့ ပျံသန်းနိုင်တဲ့ မြွေများအကြောင်း

လူတွေ သိပ်မရင်းနှီးကြတဲ့ ပျံသန်းနိုင်တဲ့ မြွေများအကြောင်း

သက်ရှိလောကမှာ ပျံသန်းနိုင်တဲ့ မြွေတွေရှိတယ်ဆိုတာကို သင်သိပါသလား။

မြွေဆိုတာ တွားတွားသတ္တဝါလေ၊ ဘာကြောင့် ငှက်တွေလို ပျံသန်းမှာလဲဆိုပြီး မေးလာခဲ့ရင်တော့ သိပ္ပံပညာရှင်တွေတောင်မှ ဒီအကြောင်းရင်းကို သေချာမသိရှိကြပါဘူး။

ဒါပေမဲ့ မြွေတွေကို ပျံသန်းစေခဲ့တဲ့ အကြောင်းရင်းတွေတော့ ချက်ကျလက်ကျရှိလို့နေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့ရဲ့ တောတောင်များမှာ ကျက်စားနေထိုင်ကြတဲ့ ဒီမြွေပျံတွေဟာတော့ လက်တွေ့ပျံသန်းနိုင်ကြတယ်ဆိုတာကို သက်သေပြထားနှင့်ခဲ့ပြီးပါပြီ။

မြွေပျံတို့ သဘောသဘာဝ

Chrysopelea paradisi လို့ အမည်ရတဲ့ ဒီပျံသန်းမြွေ အမျိုးအစားဟာ တောအုပ်တွေထဲက သစ်ပင် အကိုင်းအခက်တွေကို ဖြတ်ကူးကြပြီး တစ်ခါတစ်ရံမှာ မြေပေါ် ဒါမှမဟုတ် အခြား သစ်ပင်တစ်ပင်ကို ရောက်ဖို့ သူတို့ကိုယ်သူတို့ လေထဲကို ပစ်လွှတ်ပြီး ထောင့်တစ်နေရာကို ပြန်လျှောကျနေပါလိမ့်မယ်။ ဒါဟာ သူတို့ရဲ့ ပျံသန်းပုံပါပဲ။

မြွေဟာ လေထဲမှာ ပျံဝဲနေချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ် အစအဆုံးကို မြေပြင်မှာ တွားတွားသလိုပဲ ဖြည်းညှင်းစွာ လူးလွန့်လှုပ်ရှားရင်း ပျံသန်းတတ်တာဖြစ်လို့ ဒီလိုထူးခြားတဲ့ လှုပ်ရှားမှုမျိုးဟာ ခြေလက်မဲ့ တွားတွားသတ္တဝါကို ထူးထူးခြားခြား ပျံသန်းနိုင်စေခဲ့ခြင်းဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

မကြာသေးမီက သိပ္ပံနည်းကျလေ့လာမှုများအရ အဆိုပါ တွားတွားသတ္တဝါများဟာ လေထီးလိုမျိုး ဝေဟင်ထက်မှ ကျဆင်းသွားပုံနဲ့ ပတ်သက်၍ အနုစိတ် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ပျံသန်းလာတဲ့ မြွေဟာ သစ်ကိုင်းတစ်ခုရဲ့ အဆုံးမှာ ရပ်နားကာ အင်္ဂလိပ် အက္ခရာ J (ဂျေ)ပုံသဏ္ဍာန်ဖြင့် တွဲလောင်းခိုတဲ့ ကိုယ်နေဟန်ထား ရှိပါတယ်။

ပျံသန်းပုံအရ ကိုယ်ထည်ရဲ့ အောက်ပိုင်းကို အကိုင်းအခက်မှ တွန်းထုတ်ကာ S စကားလုံး အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားရင်း မြွေရဲ့ကိုယ်ထည်ဟာ လေကို ဖမ်းယူနိုင်တဲ့ အနေအထားကို ပြောင်းလဲသွားရင်း လေထဲမှာ ပျံသန်းကြလေ့ရှိပါတယ်။

မြွေဟာ အမှန်တကယ်ကို ကုန်းပေါ်ကအတိုင်း လေပေါ်မှာလဲ လူးလွန့်တွားတွားရင်း ပျံသန်းကြပါတယ်။

ဒီမြွေများရဲ့ ပျံသန်းပုံဟာ သူတို့ရဲ့ ရေလှိုင်းပုံစံ ရွေ့လျားမှုတွေကြောင့် ရှဉ့်ပျံများထက် နည်းပညာအရ ပိုကောင်းမွန်ပြီး ထူးခြားနက်နဲတဲ့ ပျံသန်းပုံဖြစ်တယ်လို့ သုတေသီတွေက ဆိုထားကြပါတယ်။

သိပ္ပံပညာရှင်များဟာ မြွေတွေရဲ့ ပျံသန်းကြခြင်း အကြောင်းရင်းကို အတိအကျ မသိသော်လည်း သူတို့ဟာ သားကောင်များကို လွတ်မြောက်ရန်၊ သစ်တောကြမ်းပြင်သို့ ဆင်းရန် မလိုဘဲ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ပြောင်းရွှေ့ရန်နှင့် သားကောင်များကို အမဲလိုက်ရန် ပျံသန်းကြခြင်း ဖြစ်နိုင်ချေရှိတယ်လို့ ဆိုထားကြပါတယ်။

ဒီမြွေတွေကို ရာစုနှစ် လေးပုံတစ်ပုံနီးပါးလေ့လာခဲ့တဲ့ သုတေသီက သူတို့ ပျံသန်းနိုင်တဲ့ အကွာအဝေးနဲ့ပတ်သက်ပြီး မြွေတစ်ကောင်ဟာ ပေ ၃၀ လောက်ကနေစပြီး ပေ ၇၀ နီးပါး အကွာကို ပျံသန်းနိုင်တယ်လို့ အတည်ပြုထားခဲ့ပါတယ်။

အမြင့်ပေအရ လေးထပ်တိုက် အမြင့် ပေ ၄၀-၅၀ ကြား ခုန်တက်ပျံသန်းနိုင်တယ်လို့ ဆိုထားခဲ့ပါတယ်။

ပျံသန်းမြွေရဲ့ အရွယ်အစားနဲ့ အကောင်ရေ

အိန္ဒိယအနောက်ပိုင်းမှ အင်ဒိုနီးရှားကျွန်းစုအထိ တွေ့ရှိရတဲ့ ပျံသန်းနိုင်သော မြွေမျိုးစိတ် ၅ မျိုးရှိပါတယ်။

တောအုပ်ထဲက သူတို့ရဲ့ အပြုအမူကို လေ့လာဖို့ ကန့်သန်ချက်တွေရှိပေမဲ့ မြေပြင်ပေါ်သို့ ဆင်းသက်ခဲတယ်လို့ ယူဆရပါတယ်။

အရွယ်အစားကတော့ အသေးဆုံး မျိုးစိတ်များဟာ အရှည် ၂ ပေခန့်ရှိပြီး အကြီးဆုံး မျိုးစိတ်မှာ ၄ ပေ အထိ ကြီးထွားကြပါတယ်။

တစ်ကမ္ဘာလုံးမှာမှ အာရှတောင်ဘက်နဲ့ အရှေ့တောင်အာရှမှာပဲ တွေ့ရမယ့် ပျံသန်းမြွေဟာ အရေအတွက်အရတော့ အတိအကျ စာရင်းမျိုးမရှိပေမဲ့ မျိုးသုဥ်းသွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ ကျွမ်းကျင်သူတွေက ဆိုထားကြပါတယ်။

မြွေပျံတို့ရဲ့ အစာကွင်းဆက်

မြွေတွေရဲ့ အရွယ်အစားနဲ့ ရှင်သန်ကျက်စားရာပေါ် မူတည်၍ အစားအစာဟာ ကွဲပြားကြပါတယ်။

ဒါပေမဲ့ ဒီမြွေတွေဟာ ကြွက်များ၊ အိမ်မြှောင်များ၊ ဖားများ၊ ငှက်များနဲ့ လင်းနို့များကို စားသုံးကြတယ်လို့ လူသိများပါတယ်။

သူတို့ဟာ အနောက်ဆွယ်တွေမှာ အဆိပ်ရည်ဂလင်းများ ပါရှိကြပြီး အဆိပ်ပြင်းသော မြွေများ ဖြစ်သော်လည်း သေးငယ်တဲ့ အစွယ်များကြောင့် လူသားတို့အတွက်တော့ အန္တရာယ်မရှိစေပါဘူး။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *