ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ သမုဒ္ဒရာ
အမေရိကန် ရေတပ်ရဲ့ စမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် မိုးလုံလေလုံ သမုဒ္ဒရာအတုကို Maryland ပြည်နယ်မှာရှိတဲ့ Naval Surface Warfare Center(NSWC)မှာ တည်ဆောက်ထားပါတယ်။
၁၉၆၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်မှာတော့ ပြန်လည်မွမ်းမံ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
အကျယ် ၂၄၀ ပေ၊ အရှည် ၃၆၀ ပေ နှင့် ရေအနက်ကတော့ ပေ၂၀ မှ ၃၅ ပေ ရှိပြီးတော့ ရေဂါလံပေါင်း ၁၂ မီလီယံ သိုလှောင်ထားနိုင်ပါတယ်။
ဒါဟာ အမေရိကန် ရေတပ်ရဲ့ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ တည်ဆောက်ထားတဲ့ အလွန်ကြီးမာတဲ့ မိုးလုံလေလုံ သမုဒ္ဒရာအတုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ သမုဒ္ဒရာ အတုမှာကတော့ အလွန်အဆင့်မြင့်တဲ့ စမ်းသပ်မှုတွေကို ပြုလုပ်နိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
သမုဒ္ဒရာမှာ ရိုက်ခတ်နေတဲ့ လှိုင်းအတုတွေကို ဖန်းတီးဖို့ အတွက်ကတော့ ကန်ထဲမှာ သိုလှောင်ထဲတဲ့ ရေဂါလံ ၁၂ သန်းကို ကန်ရဲ့ အစွန်းတစ်ဖက်မှာ စီတန်းပြီး တည်ဆောက်ထားတဲ့ လျှပ်စစ်လှိုင်းဘုတ် ၂၁၆ ခုကနေပြီးတော့ တွန်းပို့ပေးခြင်းဖြင့် သမုဒ္ဒရာထဲမှာ ရိုက်ခတ်နေတဲ့ ရေလှိုင်းပုံ သဏ္ဍာန်တွေကို ဖန်တီးပေးပါတယ်။
နောက်ပြီး ရေလှိုင်းတွေကို အခြေအနေပေါ်လိုက်ပြီးတော့ ရေလှိုင်းရဲ့ ပုံသဏ္ဍာန်တွေကိုလည်း ပြောင်းလဲနိုင်အောင် ပြုလုပ်ထားပါတယ်။
ဥပမာ – ကမ်းခြေနဲ့ နီးတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်၊ ကမ်းခြေနဲ့ ဝေးတဲ့ နေရာမှာ ရှိနေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်၊ နောက်ပြီးတော့ မုန်းတိုင်း ကျရောက်နေချိန်မှာ ဖြစ်နေ တဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်တွေဟာ မတူညီနိုင်ပါဘူး။
ဒီ သမုဒ္ဒရာအတုမှာတော့ အဲ့လို မတူညီတဲ့ ရေလှိုင်းအမျိုးများ အားလုံးကို ဖန်တီးနိုင်အောင် ပြုလုပ်ထားပါတယ်။
သာမာန်အားဖြင့် ရေလှိုင်းအတု ဖန်တီးတာဟာ အထူးအဆန်းမဟုတ်ဘူးလို့ ထင်ကောင်း ထင်နိုင်ပါတယ်။
ဒါပေမယ့် ထူးဆန်းတာက ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ပင်လယ်ပြင်တွေရဲ့ ရေလှိုင်းတွေကို အတိုင်းအတာတစ်ခုထိ ဖန်တီးနိုင်တယ်လို့ ဆိုထားပါတယ်။
ဆိုလိုတာက အလွန်ကြမ်းတမ်းတဲ့ လှိုင်းလုံးတွေတင်မကပဲ မြောက်အတ္တလန္တိတ်မှာရှိနေတဲ့ ရေလှိုင်းတွေလား၊ တောင်ပစိဖိတ်မှာ ရှိနေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်တွေလား စသဖြင့် နေရာဒေသ အခြေအနေတွေပေါ် မူတည်ပြီး ဖြစ်ပေါ်နေတဲ့ ရေလှိုင်းတွေရဲ့ ပုံသဏ္ဍာန်တွေကို ဖန်းတီးနိုင်ပါတယ်တဲ့။
ဒါကြောင့် အမေရိကန် ရေတပ်မှာရှိတဲ့ သုတေသီတွေဟာ ဒီသမုဒ္ဒရာအတုကို အသုံးပြုပြီးတော့ ရေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ရေယာဉ်တွေနဲ့ အနာဂတ်မှာ တီထွင်ဆန်းသပ်မယ့် ရေယာဉ်တွေအတွက် တိကျပြီး အမှားအယွင်းကင်းတဲ့ စမ်းသပ်မှုတွေကို ပြုလုပ်နိုင်မှာလဲ ဖြစ်ပါတယ်။
ဒီလိုစမ်းသပ်မှုတွေဟာ အသစ်တည်ဆောက်မယ့် ရေယာဉ်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိနိုင်မှာဖြစ်ပြီးတော့ အနာဂတ်မှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ တိုက်ခိုက်ရေး သင်္ဘောတွေကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ကဲဒီတော့ .. သမုဒ္ဒရာထဲမှာ မုန်းတိုင်းကျတဲ့ အတွေ့အကြုံလိုချင်တဲ့ စာဖတ် ပရိတ်သတ်တွေအနေနဲ့ အမေရိကန်ရေတပ်က တည်ဆောက်ထားတဲ့ မိုးလုံလေလုံ သမုဒ္ဒရာအတု (The Navy’s Indoor Ocean) မှာ သွားပြီး လေ့လာနိုင်ပါကြောင်း…
Knight News Team