အဏ္ဏဝါလောကရဲ့ အဆန်းကြယ်ဆုံးသတ္တဝါ (သို့) ဂျယ်လီငါးများ

အဏ္ဏဝါလောကရဲ့ အဆန်းကြယ်ဆုံးသတ္တဝါ (သို့) ဂျယ်လီငါးများ

သက်ရှိလောကမှာ ထူးခြားဆန်းကြယ်တဲ့ အကြောင်းအရာတွေများစွာ စုဝေးနေကြတယ်ဆိုတာကို အဏ္ဏဝါကမ္ဘာက ဂျယ်လီငါးတွေက သက်သေပြလို့နေပါတယ်။

ကမ္ဘာပေါ်က ဆွဲဆောင်မှုအရှိဆုံး သက်ရှိမျိုးဖြစ်သည့်တိုင် ဂျယ်လီငါးတွေမှာ ထူးခြားဆန်းကြယ်တဲ့ အရည်အသွေးတွေကို အများဆုံး တွေ့မြင်နိုင်ပါတယ်။

ပထမဆုံးအနေနဲ့ အဏ္ဏဝါကမ္ဘာကို နှစ်သန်းပေါင်း ၆၀၀ ကျော် အုပ်စိုးလာခဲ့တဲ့ သူတို့ရဲ့သက်တမ်းဟာ စာဖတ်သူကို အံ့အားသင့်သွားစေမှာ အသေအချာပါ။

ဟုတ်ပါတယ်၊ ဒိုင်နိုဆောတွေ၊ သစ်ပင်တွေ ဒါမှမဟုတ် မှိုတွေ မဖြစ်ပေါ်လာခင်ကတည်းက ဂျယ်လီငါးတွေရှိခဲ့ပါတယ်။

သူတို့ဟာ ကမ္ဘာမြေကြီးရဲ့ အစုလိုက် အပြုံလိုက် မျိုးသုဉ်းခြင်း ဖြစ်စဉ် ငါးခုစလုံးမှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ အသက်အကြီးဆုံး အင်္ဂါပေါင်းစုံ တိရစ္ဆာန်များလည်းဖြစ်ကြပါတယ်။

ကမ္ဘာပေါ်ရှိ သက်ရှိပေါင်း ၇၀ ရာခိုင်နှုန်းကို သုတ်သင်ရှင်းလင်းဖြစ်ခဲ့တဲ့ Permian-Triassic မျိုးသုဉ်းခြင်းလို့ လူသိများတဲ့ Great Dying ကိုလည်း ဂျယ်လီငါးတွေက ကျော်ဖြတ်ခဲ့ကြပါတယ်။

Permian-Traissic ကာလဟာ ဒိုင်နိုဆော မျိုးနွယ်တစ်ခုလုံးကို မျိုးသုဥ်းပျောက်ကွယ်သွားစေခဲ့တဲ့ ကမ္ဘာပျက်စီးခြင်း အခိုက်အတန့်တစ်ခုပါ။

ဒီဖိုးသက်ပြင်း ဂျယ်လီငါးတွေဟာ အရိုးများမရှိတာကြောင့်လည်း ကျောက်ဖြစ်ရုပ်ကြွင်းမျိုးနဲ့ သိပ္ပံပညာရှင်များက သက်သေမပြနိုင်ခဲ့ကြပေမဲ့ “အပျော့ရုပ်ကြွင်းများ” လို့ခေါ်တဲ့ ရှာဖွေခြင်း လုပ်ငန်းစဥ်ဖြင့် သုတေသနပြုချက်များအရ ဂျယ်လီငါးများဟာ နှစ်သန်းပေါင်း ၇၀၀ ခန့် သက်တမ်းပိုရှည်နိုင်ကြောင်း အဆိုပြုမှုတွေ ထွက်ပေါ်ထားခဲ့ပါတယ်။

မြန်မာအခေါ် ရေခူတွေလို့ ခေါ်ကြတဲ့ ဒီအဏ္ဏဝါသက်ရှိတွေဟာ မျိုးစိတ်ပေါင်း သုံးသိန်းခန့် ရှိနိုင်ပြီး ယခုအချိန်အထိတော့ ရေခူမျိုးစိတ်ပေါင်း ၂,၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိ ဖော်ထုတ်ထားနိုင်ခဲ့ပါတယ်။

အဏုကြည့်မှန်ပြောင်းနဲ့မှာ မြင်တွေ့နိုင်တဲ့ အသေးငယ်ဆုံး အချင်း ၀.၅ မီလီမီတာ (၀.၀၂ လက်မ) သာရှိတဲ့ မျိုးရင်း Staurocladia နှင့် Eleutheria တို့က အစပြုလို့ ကမ္ဘာ့အကြီးဆုံး Nomura မျိုးရင်းဖြစ်တဲ့ အချင်း ၂ မီတာ (၆ ပေခွဲ) နဲ့ အလေးချိန် ၂၀၀ ကီလိုဂရမ် (၄၄၀ ပေါင်) အထိ အရွယ်အစားအမျိုးမျိုး ရှိပါတယ်။

ဒီငါးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း အံ့အားသင့်စရာပါ။ ဦးနှောက် မရှိဘူး။ အရိုးတွေ မရှိဘူး။ အဆုတ်နဲ့နှလုံးလည်း မရှိဘူး။

ဒါ့အပြင် သွေးလည်း မရှိဘူး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၉၈% ဟာ ရေတွေနဲ့ပဲ ဖွဲ့စည်းထားပါတယ်။

ဦးနှောက်အစား ဂျယ်လီငါးတွေမှာ အလင်း၊ တုန်ခါမှုနဲ့ ရေထဲမှ ဓာတုပစ္စည်းများကို ထောက်လှမ်းနိုင်တဲ့ အာရုံကြောစနစ်တစ်ခု ရှိပါတယ်။ ဆွဲငင်အားကို အာရုံခံနိုင်မှုနဲ့အတူ ဂျယ်လီငါးတွေက ရွေ့လျားသွားလာကြတာပါ။

သူတို့ရဲ့ အရေပြားမှတဆင့် အောက်ဆီဂျင်ကို စုပ်ယူကြပြီး အချို့သော မျိုးစိတ်များမှာတော့ မျက်လုံး၊ သွား သို့မဟုတ် သားကောင်ကို ဆွဲငင်ကာ ကိုက်ယူရာမှာသုံးတဲ့ အမွှေးအမျှင်များ ပါရှိကြပါတယ်။

ရေခူငါးတွေရဲ့ ဘဝသက်တမ်းကို လေ့လာကြည့်ရာမှာတော့ မသေဆုံးနိုင်တဲ့ မျိုးစိတ်တစ်ခုကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိရပါတယ်။

Turritopsis dohrnii jellyfish တွေဟာ သေခြင်းကို လှည့်စားနိုင်ပါတယ်။ မြေထဲပင်လယ်နဲ့ ဂျပန်ရေပိုင်နက်တို့မှာ တွေ့ရှိရတဲ့ ဒီမျိုးစိတ်များဟာ အသွင်ပြောင်းနိုင်စွမ်းရှိကြပါတယ်။

အသွင်ပြောင်းခြင်းလို့ ဆိုရာမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်း၊ ဖျားနာခြင်း သို့မဟုတ် အသက်ကြီးလာတဲ့ အခါတွေမှာ ငါးတွေဟာ သူတို့ရဲ့ဆဲလ်များကို polyp သို့မဟုတ် ဆယ်ကျော်သက် အဆင့်သို့ ပြန်လည် ကူးပြောင်းနိုင်ပြီး ခန္ဓာကိုယ် ဆဲလ် အသစ်တစ်ခုအဖြစ်နဲ့ ပြန်လည် စတင်နိုင်ကြပါတယ်။

အခြေခံအားဖြင့် အသက်ကြီးပြင်းလာတဲ့အခါ သူ့ရဲ့ အရွယ်ရောက်ပြီးသား ပုံစံနဲ့ ထပ်တူဖြစ်လာမယ့် ငယ်ရွယ်တဲ့ အသွင်တစ်ခုကို ချက်ချင်းအသွင် ကူးပြောင်းကြတာမျိုးပါ။

ဒါပေမယ့် တခြား မျိုးစိတ်တွေကတော့ ကံမကောင်းကြပါဘူး။ ရေခူအများစုဟာ တစ်နှစ်ခန့်သာ အသက်ရှင်ကြပြီး အချို့မှာ ရက်အနည်းငယ်သာ အသက်ရှင်ကြပါတယ်။

ပင်လယ်ကင်းမွန်များ၊ တူနာငါး၊ ဓားငါး၊ ငါးမန်းများ၊ ပင်လယ်လိပ်များနဲ့ ပင်ဂွင်းငှက်များအတွက် အစာအရင်းအမြစ်အဖြစ် ဂျယ်လီငါးတွေဟာ မရှိမဖြစ် သားကောင်ဖြစ်ပါတယ်။ ယခု သုတေသနပြုချက်အရ ဂျယ်လီငါးများဟာ အစွမ်းထက်တဲ့ သားကောင်များကို စားသုံးနေကြတာကို တွေ့ရမှာပါ။

အစွမ်းထက် သားကောင်လို့ဆိုရာမှာ ငါး၊ ပုစွန်၊ ကဏန်း၊ အပင်သေးသေးလေးတွေ စသဖြင့် သူတို့ရဲ့အစာ စက်ကွင်းမှာ နေရာယူထားကြပါတယ်။

ဂျယ်လီငါးများဟာ သားကောင်များကို မစားသုံးမီ သူ့တို့ရဲ့ ပါးစပ်ရှိ ဆဲလ်များကို အသုံးပြု၍ အကြောသေအောင် ပြုလုပ်လေ့ရှိကြပါတယ်။

Nematocysts လို့ ခေါ်ကြတဲ့ ဒီသေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ အပ်ချောင်း ပုံသဏ္ဍာန်မျိုးရှိပြီး သားကောင်ကို စားသောက်ဖို့ အစပျိုးသောအခါ အပ်ချောင်းတွေဟာ ပွင့်လာပြီး ခန္ဓာကိုယ်တွင်းရှိ သမုဒ္ဒရာရေများ ထွက်လာစေကာ အဆိပ်အတောက်များကို ထုတ်လုပ်ပေးပါတယ်။

ဒါကြောင့် ဂျယ်လီငါး (ရေခူငါး) တွေကို ပင်လယ်ထဲမှာ ကူးခတ်နေတာကို သင်တွေ့ဖူးတယ်ဆိုရင် ကမ္ဘာ့ပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်မှာ တင်ကျန်ရစ်ခဲ့တဲ့ အရိုးရှင်းဆုံးနဲ့ ဆွဲဆောင်မှုရှိတဲ့ သက်တမ်းအို အဏ္ဏဝါသက်ရှိမျိုးနဲ့ ကြုံတွေ့ခဲ့ရတာကို ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လိုက်ပါ။

စာကြွင်းအနေနဲ့ ရေခူ အတုပ်ခံရရင် ဆီးနဲ့ ဆေးကြောရတယ်ဆိုတာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပါတယ်။ ဆီးက သင့်ဒဏ်ရာကို ပိုဆိုးလာစေနိုင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *