မဖြေရှင်းနိုင်သေးတဲ့ လေယာဉ်အပိုင်စီးမှုတစ်ခု

မဖြေရှင်းနိုင်သေးတဲ့ လေယာဉ်အပိုင်စီးမှုတစ်ခု

လေကြောင်းလောကမှာ လေယာဉ် အပိုင်စီးမှုတွေ ဖြစ်တတ်တာ အဆန်းတကြယ် မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီထဲကတစ်ခုဟာ နှစ် ၅၀ ကြာတဲ့အထိ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိ တစ်ခု ဖြစ်နေတုံးပါဘဲ။ အပိုင်စီးသူရဲ့အမည်ဟာလဲ ဒဏ္ဌာရီဆန်ဆန် ဖြစ်နေပါတယ်။

သူ့အမည်က အလွယ်ပြောရင်တော့ D B Cooper ဖြစ်ပါတယ်။ လေယာဉ်လက်မှတ်ပေါ်မှာတော့ Dan Cooper လို့ ရေးထားပါတယ်။

၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာ Cooper ဟာ ပို့လန်း ကနေ ဆီယက်တဲလ် ကိုသွားမဲ့ လေယာဉ်ပေါ်ကို တက်လာပါတယ်။ သူဟာ ကြိုတင်မှာကြားထားတဲ့ခုံမှာ ထိုင်ပါတယ်။ ပြီးတော့ လေယာဉ်မယ်ကို ခေါ်ပြီး သူ့ရဲ့မှတ်စုစာအုပ်မှာ ရေးထားတာကို ပြပါတယ်။

စာထဲမှာရေးထားတာက “ကျနော့် လက်ဆွဲအိတ်ထဲမှာ ဗုံးပါလာပါတယ်။ ခင်ဗျားကို ကျနော့်အနားက ခုံမှာ ထိုင်စေလိုပါတယ်”တဲ့။ လေယာဉ်မယ်က ခိုင်းတဲ့အတိုင်း လုပ်ပါတယ်။

Cooper က သူ့ရဲ့တောင်းဆိုချက်တွေကိုပြောပါတယ်။ ဒေါ်လာ ၂၀၀,၀၀၀ ကိုငွေသားနဲ့လိုချင်ပြီး လေထီး ၄ ခုကိုလဲ လိုအပ်တယ်လို့ ပြောပါတယ်။ ဒါတွေကို Sea-Tac လေဆိပ်အဆင်းမှာ လိုချင်တယ်လို့ပြောပါတယ်။

မြေပြင်က ရဲတွေနဲ့ လေကြောင်းတာဝန်ရှိသူတွေဟာ စိုးရိမ်ပူပန်ပြီး ငွေနဲ့ လေထီးတွေကို အသင့်ပြင်ထားပေးကြပါတယ်။

ပိုင်းလော့တွေဟာ ဆီယက်တဲလ်မြို့ပေါ်မှာ လေယာဉ်ကို ဝဲနေရပါတယ်။ ခရီးသည်တွေကိုတော့ စက်အသေးစားချွတ်ယွင်းမှုဖြစ်နေတယ်လို့ ပြောကြားထားပါတယ်။

လေထဲမှာ သုံးနာရီခွဲကြာပြီးမှ Boeing 727 လေယာဉ်ကြီးဟာ လေဆိပ်ကို ဆင်းသက်လာပါတယ်။ Cooper ဟာ ငွေနဲ့ လေထီးတွေရပြီးနောက် ခရီးသည် ၃၆ ယောက်နဲ့ လေယာဉ်မယ်နှစ်ဦးကို လွှတ်ပေးခဲ့ပါတယ်။

လေယာဉ်ကို ဆီဖြည့်ပြီး ပြန်အတက်မှာတော့ Cooper က မက်ဆီကို ကို ပျံဖို့ပြောပါတယ်။ Reno နဲ့ Yuma မှတဆင့် ဆီဖြည့်ပြီးပျံဖို့ပါ။

ပထမ ခရီးစဉ်မှာဘဲ လေယာဉ်မှူးတွေကို ခေါင်းခန်းမှာဘဲနေဖို့ အမိန့်ပေးပါတယ်။ သူဟာ လေယာဉ်နောက်ဖက်ကနေ အောက်ကို ဆင်းတဲ့အပေါက်ကိုဖွင့်ပြီး မိုးထဲလေထဲ လျှပ်စီးတွေကြားထဲမှာ လေထီးနဲ့ခုန်ချသွားပါတယ်။ဒီနောက်တော့ သူ့ကို ဘယ်မှာမှမတွေ့ကြရတော့ပါဘူး။

ဒီဖြစ်ရပ်ဟာ သတင်းစာတွေမှာ ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ သူ့နာမည်ကလဲ မှားယွင်းပြီး DB Cooper လို့ ရေးသားကြပါတယ်။ FBI က သူ့ကိုဖမ်းဖို့ လူထောင်ချီပြီး စုံစမ်းမှုတွေလုပ်ခဲ့ပါတယ်။

၅ နှစ်အတွင်း သံသယဖြစ်နိုင်တဲ့ လူ ၈၀၀ လောက်ကို စစ်ဆေးခဲ့ပါတယ်။ ဒေသ ရှာဖွေရေးအဖွဲ့တွေနဲ့လည် းချိတ်ဆက်ပြီး လေယာဉ်ပျံသန်းရာလမ်းတလျောက်ကို ရှာဖွေခဲ့ကြပါတယ်။ စုံထောက်တွေဟာ စိတ်ရှုပ်စရာတွေသာတွေ့ကြပါတယ်။

Cooper ဟာ စနစ်တကျ သေသပ်စွာ ကျူးလွန်ခဲ့တာတွေ့ရပါတယ်။ သူရဲ့မှတ်စုစာအုပ်ကအစ ပြန်ယူသွားတာပါ။

FBIဟာ သဲလွန်စအနေနဲ့ စီးကရက် အစီခံတချို့နဲ့ နက်ကတိုင်ပင်ကလစ်တခု ကျန်ခဲ့ပေမဲ့ သူ့ရဲ့လက်ဗွေရာကို မရခဲ့ကြပါဘူး။သူ့ရဲ့ ပုံကြမ်းကို ခဲခြစ်လက်ရာအနေနဲ့ပဲ မှန်းဆရပါတယ်။

၁၉၈၀ ခုနှစ်မှာတော့ ကလေးတစ်ယောက်ရဲ့ အမှတ်မထင် ရှာတွေ့မှုတစ်ခုက ဒီကိစ္စကို ပြန်လည်အစဖေါ်သလို ဖြစ်ခဲ့ပါတယ်။ ၈ နှစ်အရွယ် ကလေးတယောက်ဟာ ဒေါ်လာ၂၀ တန် အပိုင်းအစတွေပါတဲ့ ပိုက်ဆံအိတ် တစ်လုံးကို တွေ့ခဲ့တာပါ။

အားလုံးပေါင်း ဒေါ်လာ ၅၈၀၀ လောက် ရှိပါတယ်။ ကိုလံဘီယာမြစ်ရဲ့ ကမ်းခြေမှာ တွေ့ခဲ့တာပါ။ ကလေးရဲ့မိဘတွေက ရဲကိုအကြောင်းကြားခဲ့ပါတယ်။

ပိုက်ဆံပေါ်က နံပါတ်တွေဟာ Cooper ကိုပေးခဲ့တဲ့ ငွေစက္ကူ နံပါတ်တွေနဲ့ တူညီနေပါတယ်။ ဒါဟာ တစ်ခုတည်းသော ပစ္စည်းသက်သေ တွေ့ရှိမှုပါ။

၂၀၀၈ ခုနှစ်မှာ လူငယ်ဟာ သူရထားတဲ့ ဒေါ်လာ အပိုင်းအစတွေကို လေလံတင် ရောင်းချခဲ့ပါတယ်။ လေလံမှ ဒေါ်လာ ၃၇,၄၃၃.၃၈ ရရှိခဲ့ပါတယ်။

Cooper ဟာ ၁၉၇၂ ခုနှစ်တည်းမှာဘဲ တစ်ကိုယ်တော် လေယာဉ်ပျံပေးဆွဲမှု အနဲဆုံး ၁၅ ခုလောက် ကျူးလွန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် FAA ကတော့ ဥပဒေ အသစ်တစ်ခုကို ၁၉၇၃ ခုနှစ်မှာ ပြဌာန်းလိုက်ရပါတယ်။ Boeing 727 လေယာဉ်တိုင်းမှာ Cooper Vane ဆိုတဲ့ ခလုပ်တစ်ခုကို မတပ်မနေရဆိုပြီး လုပ်တာပါ။

ဒီခလုပ်ကို လေယာဉ်နောက်ပိုင်းအပြင်ကိုယ်ထည်မှာ တပ်ထားပြီး လေယာဉ်အတွင်းကနေ နောက်ဖက်လှေကားကို လေထဲမှာ ဖွင့်လို့မရအောင်ပြုလုပ်ထားတာ ဖြစ်ပါတယ်။

၂၀၁၆ မှာ FBI က ဒီအမှုကို ပိတ်သိမ်းကြောင်း ကြေငြာခဲ့ရပါတယ်။ Cooper ရဲ့ ဒေါ်လာ နှစ်သိန်းဟာ ခုခေတ်ဆိုရင် ဒေါ်လာ ၁,၃၃၈,၀၀၀ တန်ကြေးရှိပါတယ်တဲ့ဗျား။

Knight News Team

Leave a Reply

Your email address will not be published.