ဘာမြူဒါတြိဂံဒေသကဲ့သို့ထူးခြားသော နေရာတစ်ခု ဟွိုင်ရာဘာစီယူ သစ်တော

ဘာမြူဒါတြိဂံဒေသကဲ့သို့ထူးခြားသော နေရာတစ်ခု ဟွိုင်ရာဘာစီယူ သစ်တော

ရိုမေးနီးယားနိုင်ငံတွင် တည်ရှိသော ဟွိုင်ရာဘာစီယူ သစ်တော (Hoia-Baciu Forest)ကို နာမည်ကျော် ဘာမြူဒါတြိဂံဒေသကဲ့သို့ ထူးခြားသော နေရာတစ်ခုအဖြစ် ရည်ညွှန်းကြပါတယ်။

သိုးကောင်ရေ ၂၀၀ ကျော်ကို ထိန်းကျောင်းနေတဲ့ သိုးကျောင်းသားတစ်ယောက် သိုးများနှင့်အတူ ဤသစ်တောအတွင်း ပျောက်ဆုံးသွားခဲ့ပြီးနောက် ဟွိုင်ရာဘာစီယူ သစ်တောလို့ အမည်တွင်ခဲ့ပါတယ်။

သစ်တောအနီးဝန်းကျင်မှာ နေထိုင်ကြသူများကလည်း သစ်တောအတွင်း ဝင်သွားသူတို့အတွက် ပြန်လမ်းမရှိဟု ယုံကြည်ကြတာကြောင့် သစ်တောအတွင်း ဝင်ရောက်ရန် ကြောက်ရွံ့လေ့ ရှိကြပါတယ်။

သစ်တောတွင်း ဝင်ရောက်သူတို့သည်လည်း ယားနာများထွက်လာခြင်း၊ ပျို့အန်ခြင်း၊ အမြင်အာရုံများ‌ ဝေဝါးကာ ခေါင်းအဆက်မပြတ်ကိုက်ခြင်း၊ အပူလောင်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း၊ ကြောက်လန့်စိုးရိမ်ခြင်းတို့ တစ်ခုခု ဖြစ်လာကြတယ်လို့ ဆိုကြပါတယ်။

ဟွိုင်ရာဘာစီယူသစ်တောဟာ ပုံမှန်မဟုတ်သော ဖြစ်ရပ်များဖြစ်ပွားသည့် နေရာတစ်ခုအဖြစ် ထင်ရှားကာ ဒေသခံများဟာထူးဆန်းတဲ့ ဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ကြပါတယ်။

အထူးသဖြင့် ဆန်းကြယ်တဲ့ စက်လုံးပုံအလင်းရောင်များကို မြင်တွေ့ကြရခြင်း၊ မိန်းမအသံများကြားခြင်း ၊ကြောက်မက်ဖွယ် ရယ်မောသံများကို ကြားရခြင်း၊ ကွယ်လွန်သူများကို ပြန်မြင်ကြခြင်းတို့ကို ကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။

၁၉၇၀ ပြည့်နှစ်ဝန်းကျင်က ဟွိုင်ရာဘာစီယူသစ်တောမှာ ပန်းကန်ပြားပျံများနှင့် ထူးဆန်းသော အရောင်အလင်းများကို မြင်ရသည့်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။

တောတွင်းသို့ ဝင်ရောက်ဖူးသူများဟာ တစ်စုံတစ်ယောက်ရဲ့ စောင့်ကြည့်ခြင်းကို ခံရသကဲ့သို့ ခံစားကြရပြီး ပြင်းထန်စွာတုန်လှုပ် ချောက်ချားခဲ့ကြသည်ဟု ဆိုကြပါတယ်။

တောအတွင်းမှ အပင်များဟာ ထူးထူးဆန်းဆန်း ပေါက်ရောက်နေကြကာ အချို့သောအပင်များကတော့ မီးလောင်ကျွမ်းခံထားရသည်ကို တွေ့ကြရပါတယ်။

၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်က စစ်ဘက်မှာ ကျွမ်းကျင်သူ အီမေဘန်နီယာ ဆိုသူဟာ ဟွိုင်ရာဘာစီယူသစ်တာပေါ်မှ ပန်းကန်ပြားပုံသဏ္ဌာန် ထူးခြားသောအရာ တစ်ခုကို ဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။

ဟွိုင်ရာဘာစီယူ သစ်တောအနီးမှ ဒေသခံများက တောအတွင်း သစ်ပင်တန်းများပေါ်မှ ကြီးမားသော စက်လုံးပုံ အလင်းရောင်များကို မြင်ကြရကြောင်း ပြောပြကြပါတယ်။ ထိုအလင်းတန်းများ၏ အပူထုတ် လွှတ်ခြင်းကို သာမိုမီတာများက မပြနိုင်ခဲ့ချေ။

သစ်တောအတွင်း ဝင်ရောက်ခဲ့သူအချို့ရဲ့ ပြောပြချက်များအရ တောတွင်းဝင်ရောက်ခဲ့သည့် အတွေ့အကြုံများကို အားလုံးမှတ်မိနေသော်လည်း တောတွင်းမှ ထွက်လိုက်သည်နှင့် အားလုံးမေ့ကုန်တယ်လို့ ဆိုကြပါတယ်။

ထို့ကြောင့်လည်း ဟွိုင်ရာဘာစီယူသစ်တောဟာ ကမ္ဘာတစ်ဝန်းမှ ပညာရှင်များ စိတ်ဝင်စားရာနေရာ တစ်နေရာ ဖြစ်လာခဲ့ပါတယ်။

ဂျာမနီ၊ပြင်သစ်၊အမေရိကန်နှင့် ဟန်ဂေရီမှ သိပ္ပံပညာရှင်များသည် ထူးဆန်းမျက်နှာများ၊ သရဲတစ္ဆေများကို မှတ်တမ်းတင်နိုင်ရန် ကြိုးပမ်းခဲ့ကြရာ အချို့သော ထူးထူးဆန်းဆန်းအရာများကို ပကတိမျက်စိဖြင့် မြင်ခဲ့ကြပြီး အချို့ကို ဓာတ်ပုံနှင့်ဗီဒီယိုဖိုင်များတွင် မြင်နိုင်ခဲ့ကြပါတယ်။

ထူးဆန်း‌ထွေပြားမှုကို နှစ်သက်လေ့ရှိတဲ့ လူတို့၏သဘာဝကြောင့် ကမ္ဘာအနှံ့မှ ဆန်းကြယ်သော နေရာဒေသများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ကြရာ ဟွိုင်ရာဘာစီယူ သစ်တောရဲ့ ထူးခြားမှုများဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက် ရှိနေကြောင်း တင်ပြလိုက်ပါတယ်။

Source – Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *