နျူကလီးယား ဘယ်ကစ (သို့) ဧရာမဖောက်ခွဲရေးပစ္စည်းရဲ့ နိဒါန်း

နျူကလီးယား ဘယ်ကစ (သို့) ဧရာမဖောက်ခွဲရေးပစ္စည်းရဲ့ နိဒါန်း

ကမ္ဘာအနှံ့က နိုင်ငံတွေရဲ့ စစ်အင်အားတောင့်တင်းမှုနဲ့ လက်နက်အင်အား ခိုင်မာမှုတို့အကြောင်းကို ဆွေးနွေးကြတဲ့အခါ နျူကလီးယားဟာ ထိပ်ဆုံးကနေ ပါဝင်နေတဲ့ အကြောင်းအရာမျိုးဖြစ်ပါတယ်။

ဒါကြောင့် နူကလီးယားရဲ့ အစက ဘယ်ကလဲဆိုတာနဲ့ ပတ်သက်ပြီး လက်လှမ်းမီသမျှ ဖော်ပြ တင်ဆက်ပေးလိုက်ရပါတယ်။

နျူကလီးယားလက်နက် (အက်တမ်ဗုံး၊ အဏုမြူဗုံး၊ နျူဗုံး သို့မဟုတ် နျူကလီးယား ထိပ်ဖူးလို့လည်း လူသိများသလို A-bomb (သို့) nuke အဖြစ်လည်း လူသိများတဲ့ ဒီအရာဟာ နျူကလီးယား တုံ့ပြန်မှုမှ သူ့ရဲ့ အဖျက်စွမ်းအားကို ထုတ်ယူပေးတဲ့ ဖောက်ခွဲရေးပစ္စည်း ဖြစ်ပါတယ်။

သမားရိုးကျဗုံးထက် ကြီးမားသော နျူကလီးယား ကိရိယာရဲ့ ပေါက်ကွဲမှု၊ မီး၊ ဓာတ်ရောင်ခြည်တို့ဟာ တစ်မြို့လုံးကို ပျက်စီးစေနိုင်ပါတယ်။

ကိရိယာထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်ရဲ့ထုထည်ပေါ် မူတည်ပြီး အစုလိုက် အပြုံလိုက် ဖျက်ဆီးခြင်းကို ဖန်တီးနိုင်တဲ့ လက်နက်များဖြစ်တာကြောင့် နျူကလီးယား လက်နက်များ ပြန့်ပွားမှုဟာ နိုင်ငံတကာဆက်ဆံရေး မူဝါဒရဲ့ အာရုံစိုက်မှုကြီးတစ်ခု ဖြစ်နေတာပါ။

ပထမဆုံး နျူလက်နက် အသုံးပြုမှုကို ဒုတိယ ကမ္ဘာစစ် ကာလ ၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့များကို အမေရိကန်က နှစ်ကြိမ်တိတိ နျူကလီးယား လက်နက်များနဲ့ တိုက်ခိုက်ခဲ့ရာမှာ စတင်တွေ့ရှိခဲ့ရပါတယ်။

ဒီလိုမျိုး ကြီးမားလှတဲ့ ဖျက်ဆီးနိုင်စွမ်းကို ထုတ်လုပ်ပေးတဲ့ လက်နက်မျိုးကို ဘယ်သူက စတင်တီထွင်ခဲ့လဲဆိုတာ အောက်မှာ တစ်ချက်ကြည့်လိုက်ရအောင်။

နျူလက်နက် အစပြုရာ

နျူလက်နက်ကို တီထွင်ခဲ့သူကတော့ J. Robert Oppenheimer ဖြစ်ပြီး အမေရိကန် သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

သူဟာ Manhattan ပရောဂျက်လို့ အမည်ပေးထားတဲ့ နျူလက်နက် တီထွင်မှု လုပ်ငန်းစဥ်မှာ Los Alamos ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာဖြစ််ခဲ့ပြီး အဏုမြူဗုံးတစ်လုံးရဲ့ သုတေသနနဲ့ ဒီဇိုင်းတို့ကို တာဝန်ယူခဲ့ရပါတယ်။

ဒါကြောင့် Oppenheimer ကို “အဏုမြူဗုံးရဲ့ ဖခင်” လို့လည်း လူသိများပါတယ်။ ၁၉၄၂ ခုနှစ်၊ ဆောင်းဦးမှာ Manhattan (နျူလက်နက် တီထွင်မှု) ပရောဂျက်ကို စတင်ဆောင်ရွက်ချိန်မှာ Oppenheimer ဟာ ထူးချွန်တဲ့ သီအိုရီပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူကိုယ်တိုင်ကလည်း အဏုမြူဗုံး ဖြစ်နိုင်ချေကို ရှာဖွေရာမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး တစ်နှစ်တာ ကာလပတ်လုံး အမြန် နျူထရွန်များအကြောင်း သုတေသနလုပ်ခဲ့သလို ဗုံးတစ်လုံးအတွက် ပစ္စည်းမည်မျှ လိုအပ်နိုင်တယ်၊ မည်မျှ ထိရောက်နိုင်မည် အစရှိသည်တို့ကို တွက်ချက်ခဲ့သူဖြစ်ပါတယ်။

Oppenheimer ဟာ စီမံခန့်ခွဲမှုအတွေ့အကြုံ အနည်းငယ်သာရှိသော်လည်း အမေရိကန် ဗိုလ်ချုပ်ကြီး Leslie Groves က သူ့ရဲ့ ထူးချွန်တဲ့ အရည်အချင်းနဲ့ သိပ္ပံပညာ ထက်မြက်မှုတို့ကို အသိအမှတ်ပြုခဲ့တာကြောင့် Oppenheimer ဟာ လက်နက်များ တီထွင်ထုတ်လုပ်ရန်နဲ့ ညွှန်ကြားရန်တို့မှာ အခရာကျတဲ့ ပညာရှင်အဖြစ် ရွေးချယ်ခံခဲ့ရပါတော့တယ်။

အဲ့ဒီနောက် သုံးနှစ်မပြည့်မီမှာပဲ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အမေရိကန်ဟာ ဂျပန်နိုင်ငံသို့ အဏုမြူဗုံးနှစ်လုံး ကြဲချခဲ့ပါတယ်။

Los Alamos ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာအနေဖြင့် Oppenheimer ဟာ ထူးခြားတဲ့ ရွေးချယ်မှုတစ်ခု၊ အောင်မြင်တဲ့ ဖန်တီးမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

စစ်ပွဲတွေက နျူလက်နက် အသုံးပြုခဲ့မှုများ

နျူလက်နက်များကို စစ်ပွဲတွေမှာ နှစ်ကြိမ်သာ အသုံးပြုခဲ့ပြီး အဲ့ဒီနှစ်ကြိမ်ကလည်း ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးက အမေရိကန်ရဲ့ ဂျပန်ကို တိုက်ခိုက်ခဲ့မှု နှစ်ကြိမ်ဖြစ်ပါတယ်။

၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်လေတပ်ဟာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို “Little Boy” လို့ အမည်ပြောင်ပေးထားတဲ့ ယူရေနီယံ လက်နက် အမျိုးအစား ဖန်သားပြင်ဗုံးကို ဖောက်ခွဲခဲ့ပါတယ်။

အဲ့ဒီနောက် သုံးရက်အကြာ၊ ဩဂုတ်လ ၉ ရက်နေ့မှာ အမေရိကန် လေတပ်မှ “Fat Man” လို့ အမည်ပြောင်ပေးထားတဲ့ ပလူတိုနီယံ ပေါက်ကွဲမှုကိုဖြစ်ပေါ်စေတဲ့ ဗုံးအမျိုးအစားကို ဂျပန်နိုင်ငံ နာဂါဆာကီမြို့မှာ ထပ်မံဖောက်ခွဲခဲ့ပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သားများနဲ့ တပ်မတော်သား လူပေါင်း နှစ်သိန်းခန့် သေကျေပျက်စီးခဲ့ရပါတယ်။

ဖော်ပြပါ နျူလက်နက် အသုံးပြုမှုနှစ်ခုလုံးဟာ ကမ္ဘာ့သမိုင်းမှာ ယနေ့ချိန်ထိ အထိမခံတဲ့ အကြောင်းအရာတစ်ခုအဖြစ် ကျန်ရှိနေဆဲပါ။

ဟီရိုရှီးမားနဲ့ နာဂါဆာကီတို့မှာ အဏုမြူဗုံး ကြဲချပြီးနောက် နျူကလီးယား လက်နက်များကို စမ်းသပ်ခြင်းနဲ့ သရုပ်ပြခြင်းတို့အတွက် အကြိမ် ၂,၀၀၀ ကျော် ပြုလုပ်ခဲ့ကြပါသေးတယ်။

နျူလက်နက် ပိုင်ဆိုင်ကြသော နိုင်ငံများ

ကမ္ဘာအနှံ့က နိုင်ငံ အနည်းငယ်ကသာ ထိုလက်နက်များ ပိုင်ဆိုင်ထားတယ် သို့မဟုတ် ဖန်နီးနေကြတယ်လို့ ယူဆရပါတယ်။

နူကလီးယားလက်နက်များ ပိုင်ဆိုင်ထားကြောင်း သက်သေပြခဲ့ဖူးတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဆိုဗီယက်ယူနီယံ (ရုရှား)၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ဂျာမနီ၊ အီတလီ၊ တူရကီ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့ဟာလည်း နျူကလီးယား လက်နက်များကို မျှဝေသုံးစွဲနေကြတဲ့ နိုင်ငံများဖြစ်ကြပါတယ်။

တောင်အာဖရိကကတော့ နျူလက်နက်ကို အမှီအခိုကင်းစွာ တီထွင်ထုတ်လုပ်နေပြီးမှ သူ့ရဲ့နျူကလီးယားလက်နက်များကို စွန့်လွှတ် ဖျက်သိမ်းခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *