လျှို့ဝှက်ဆန်းကြယ်မှုတွေဖြစ်ပွားခဲ့တဲ့ SS Ourang Medan (ခေါ်) တစ္ဆေသင်္ဘောကြီး‌ အကြောင်း

လျှို့ဝှက်ဆန်းကြယ်မှုတွေဖြစ်ပွားခဲ့တဲ့ SS Ourang Medan (ခေါ်) တစ္ဆေသင်္ဘောကြီး‌ အကြောင်း

ကမ္ဘာပေါ်တွင် ထူးခြားတဲ့ဖြစ်စဉ်တွေများစွာဟာ နေ့စဉ်ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအဖြစ်အပျက်များဟာ ကုန်းတွင်းပိုင်းတွေမှာသာမကပဲ ပင်လယ်သမုဒ္ဒရာတွေမှာပါ ဖြစ်ပျက်လျက်ရှိပါတယ်။

သမုဒ္ဒရာကြီးဟာ ကုန်းတွင်းပိုင်းထက် ပိုမာယာများသလို အန္တရာယ်တွေနဲ့လည်း ပြည့်နှက်နေတဲ့ နေရာတခုဖြစ်ပါတယ်။ အဖြေရှာလို့မရနိုင်တဲ့ အဖြစ်အပျက်တွေများစွာလည်း ပင်လယ်သမုဒ္ဒရာကြီး‌တွေထဲမှာ ဖြစ်ပျက်လျက်ရှိပါတယ်။

သမုဒ္ဒရာကြီးအတွင်းမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေအများကြီးထဲက သမိုင်းမှတ်တမ်းမှာ အဖြေရှာမရတဲ့ အဖြစ်အပျက်တွေဖြစ်ပွားခဲ့သည့် နာမည်ကျော် SS Ourang Medan တစ္ဆေသင်္ဘောကြီးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

SS Ourang Medan သင်္ဘောကြီးဟာ နယ်သာလန်နိုင်ငံမှ တန် ၅၀၀၀ ရှိတဲ့ ကုန်တင် ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းဖြစ်ပါတယ်။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလမှာ သင်္ဘောဝန်ထမ်း ၂၃ ယောက်ပါတဲ့ SS Ourang Medan ‌သင်္ဘောကြီးဟာ အင်ဒိုနီးရှားကမ်းရိုးတန်းအနီးအနားမှာ တည်ရှိနေခဲ့ပြီး ကမ်းနဲ့ နီးတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခုကို ကြေးနန်းဖြင့် ဆက်သွယ်ပြီး အကူအညီတောင်းဆိုခဲ့ပါတယ်။

အကူအညီတောင်းလာတဲ့ ကြေးနန်းစာထဲမှာ သင်္ဘောမှာပါလာတဲ့ ကပ္ပတိန်နဲ့ အရာရှိအဖွဲ့တွေအကုန်လုံးဟာ သေဆုံးနေပြီဖြစ်ကြောင်းနဲ့ ကျန်တဲ့သင်္ဘောသားများလည်း မကြာခင်သေဆုံးတော့မှာ ဖြစ်တဲ့ကြောင်းရေးသားလာခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ်ရေးသားလာတဲ့ စာသားတွေဟာ အဓိပ္ပာယ်ဖော်လို့မရနိုင်တဲ့ စကားလုံးတွေ ဖြစ်နေခဲ့ပါတယ်။ စာရဲ့နောက်ဆုံး အပိုဒ်မှာတော့ ငါလည်းသေပြီ ဆိုတဲ့စာသားရေးသားထားခဲ့ပါတယ်။

ဒီစာကိုလက်ခံရရှိတဲ့ ကယ်ဆယ်ရေးစခန်းမှ လူများဟာ ထိတ်လန့်စွာ ဖတ်ရှုခဲ့ကြရပြီး စာထဲမှာတော့ ဘယ်အရာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ ရေးသားမထားခဲ့ပါဘူး။

ကယ်ဆယ်ရေးအဖွဲ့ဟာ SS Ourang Medan သင်္ဘောကြီးရှိရာသို့ ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ထွက်ခွာလာခဲ့ကြပါတယ်။ သင်္ဘောနဲ့အနီးဆုံး နေရာကို ရောက်ရှိတဲ့အခါ သင်္ဘောကို အချက်ပြ ဆက်သွယ်လာခဲ့ပေမယ့် တုံ့ပြန်ခဲ့ခြင်းတော့မရှိပါဘူး။

ကယ်ဆယ်ရေးသင်္ဘောကြီး Silver Star မှ အကြိမ်များစွာ အချက်ပြဆက်သွယ်ပေမယ့် တုံ့ပြန်တာမရှိတဲ့အတွက် သင်္ဘောအပေါ် တက်ကြဖို့အတွက် Silver Star မှအရာရှိများမှ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီလို SS Ourang Medan သင်္ဘောကြီးပေါ်တက်ကြည်ကြတဲ့အခါ လွန်စွာသွေးပျက်ခြောက်ခြားဖွယ် မြင်ကွင်းကြီးကို တွေ့မြင်ခဲ့ကြရပါတယ်။

အကူညီတောင်းတဲ့ ကြေးနန်းမှာ ရေးထားတဲ့အတိုင်းပင် သင်္ဘောအရာရှိတွေဟာ အသက်ပျောက်နေကြပြီဖြစ်သလို အခြားသော သင်္ဘောသားများလည်း သေဆုံးနေကြပြီဖြစ်ပါတယ်။

သူတို့ဟာနေထွက်ရာဖက်က်ကို မျက်နှာမူပြီး ထိတ်လန့်စရာတစုံတခုကို တွေ့မြင်ခဲ့ရတဲ့ ပုံစံဖြင့် ဆုံးပါးနေခဲ့ကြတာဖြစ်ပါတယ်။သင်္ဘောပေါ်မှာပါလာတဲ့ သင်္ဘောသားတွေသာမကပဲ ခွေးများလည်းမျက်လုံးတွေပြူးပြီး သေဆုံးနေတာကိုလည်း ကယ်ဆယ်ရေးသင်္ဘောသားများ တွေ့ခဲ့ကြရပါတယ်။

Silver Star မှကယ်ဆယ်ရေး သင်္ဘောသားများဟာ SS Ourang Medan သင်္ဘောမှ အခန်းတိုင်းကို လှည့်ပတ်ရှာပြီး အသက်ရှင်ကျန်မယ့်လူကို ကယ်တင်ဖို့ကြိုးစားခဲ့ကြပါတယ်။

နောက်ပြီး သင်္ဘောစက်ခန်းထဲကို ဝင်ရှာတဲ့အခါ ထူးခြားချက်တစ်ခုကို ထပ်တွေ့ရပါတယ်။သင်္ဘောစက်ခန်းဟာ ပုံမှန်အပူချိန် ၁၁၀ ဒီဂရီဖာရင်ဟိုက် ရှိနေပေမယ့် ဝင်ရောက်လာသူအားလုံးဟာ လွန်စွာအေးစက်မှုကို ခံစားကြရကာ ကြက်သီးများထပြီး စိုးရိမ်ထိတ်လန့်သလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

ထို့နောက် ကယ်ဆယ်ရေး အရာရှိများဟာ သင်္ဘောကို ကမ်းကိုဆွဲဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီလိုကြိုးစားချိန်မှာပဲ SS Ourang Medan သင်္ဘောကြီးဟာ မီးခိုးများထွက်လာခဲ့ပြီး မီးလောင်ပေါက်ကွဲကာ ရေအောက်ကို နှစ်မြှပ်သွားခဲ့ရပါတယ်။

သင်္ဘောပေါက်ကွဲမှုဟာ သင်္ဘောပေါ်တင်ဆောင်လာတဲ့ ပေါက်ကွဲစေတတ်သည့် ဓါတုပစ္စည်းတွေကြောင့်လို့ ခန့်မှန်းကြသော်လည်း သင်္ဘောသားများသေဆုံးမှုကတော့ အဖြေရှာမရခဲ့ပါဘူး။ဘယ်လို အကြောင်းအရာ‌တွေက သူတို့ကို သေဆုံးစေခဲ့တာလည်းဆိုတာ ယနေ့တိုင် ပဟေဠိအဖြစ်ရှိ‌နေဆဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.