မြန်မာ့ ဆိုက်ကား ပေါ်ပေါက်လာပုံ

မြန်မာ့ ဆိုက်ကား ပေါ်ပေါက်လာပုံ

၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်း မှာ မော်ကွန်း ထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွ လှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်းဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။

ဒီအချိန်မှာ မန္တလေးမြို့သူမြို့သား တွေက အမျိုးသား လုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓါတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင် ရှုံးလို့အလုပ်ရပ်နားသွားရ တာပေါ့။

မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများစီးနင်း သွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓါတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။

၁၃ဝဝ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ်ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ် ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်း တွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာ ကြတယ်။

အဲဒီအချိန်မှာ စက်အား မပါ ၊လောင်စာဆီ မလို ၊လူအား နဲ့ လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေး တစ်ခု ပေါ်လာတယ်။

ဆိုက်ကားဆိုတာက စက်ဘီးက နေပြီးဖြစ်လာတဲ့ယာဉ်ကိုး။ အဲဒီခေတ်ကယောင်္ကျားတွေ စီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာ က တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။

ဟာကြူလီ တံဆိပ် ဆိုရင် အသစ်မှ ၅၀ ကျပ် ကနေ ၇ဝ ကျပ်အထိပ် တန်ဖိုး ရှိတယ်။ အဲဒီတော့ ၁၉၃၈ ခုနှစ်လောက်မှာ စက်ဘီးအဟောင်း ကို ညောင်ပင်ဈေးက ကား ဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကား ဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။

တပ်ခကလည်း သိပ်မ များတော့ ငွေ ၁၀ဝ ကျပ် ၊ ၁၅၀ ကျပ်နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေ က မြန်မာ တွေတတ်နိုင်တဲ့အရင်းအနှီးမျိုးဖြစ်လေတော့၊ ဆိုက်ကားအစီး ၁၀ဝဝ လောက် နေ့ချင်း ညချင်း မန္တလေး မှာ ပေါ်ပေါက်လာတော့တယ်။

အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓါတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓါတ်ရထား မရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြို ဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။

မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီး က တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။

ဒါကြောင့် နန်းတော်ရှေ့ ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကိုလို့ မန္တလေးကို သူ့မြနန္ဒာ သီချင်းထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။

မန္တလေးမှာ လမ်းတွေက အတက်အဆင်း အနိမ့် အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေ ဖောက်တာ၊အကွက်တွေရဲ့အလယ်ကဝင်းတွေဖွဲ့တယ်။ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။

မန္တလေးမြို့ရဲ့ လမ်းတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်း ရှိနေအောင် တမင်ဖော်ထားကာ ၊ တစ်ပြန်တစ်ပြအကွာအဝေးညီတယ်။ဝင်း ကြိုဝင်းကြား ပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ခင်း ပေးသတဲ့။ ဓါတ်ရထားသွားနိုင်တာက ၆ မိုင်ထဲ ရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်း မရှိတဲ့ ဝင်းကြိုဝင်းကြားထဲ လည်း ဝင်ပြီး ပို့ပေးလေ တော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။

အဲဒီမှာ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားတွေ နဲ့မယှဉ်နိုင်၊မယှဉ်ဝံ့လို့ဓါတ်ရထားကြီးသိမ်းလိုက်ရ တယ် ဆိုတာ ကြားကြား သမျှကတော့ မယုံနိုင်စရာကြီး ဖြစ် နေတာပေါ့။

ဒါပေမယ့် တစ်ကယ့် ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခမျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ ပဲ စီးနိုင်ရင် တစ်နေ့လုံး ဓါတ်ရထားပေါ်က မဆင်းပဲနေချင် နေဆိုပြီး တစ်နေကုန်စီးလည်း ၃ ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါ သေးရဲ့၊ မရပါဘူး။

တစ်ခါတည်း လုပ်ငန်းပိတ် လိုက် ရပါရော၊။ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ

ရေးသားသူ ဆရာမကြီးလူထုဒေါ်အမာ
Crd-photo

Leave a Reply

Your email address will not be published.