မကြာသေးမီကမှ ပေါက်ထွက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မြေပြင်တွင်းပေါက်ကြီးတစ်ခု

မကြာသေးမီကမှ ပေါက်ထွက်ခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မြေပြင်တွင်းပေါက်ကြီးတစ်ခု

ကမ္ဘာပေါ်က ဖြစ်စဥ်တွေကတော့ အင်မတန် ဆန်းကြယ်နက်နဲလှပါတယ်။

အခုချိန်မှာလည်း လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်ကမှ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး မြေပြင်တွင်းပေါက်ကြီးဟာ ကမ္ဘာတစ်ဝှမ်းမှာ ရေပန်းစားလာခဲ့ပါတယ်။

ဒီမြေပြင်တွင်းပေါက်ကြီးကတော့ ချီလီနိုင်ငံမှာ သဘာဝအတိုင်း ပေါ်လာခဲ့တာဖြစ်ပြီး သတ္တုတွင်း မြေကွက်တစ်ခုပေါ်မှာ ပွင့်ဟ ပေါ်ပေါက်လာခဲ့ကြောင်း နိုင်ငံရဲ့ ဘူမိဗေဒနဲ့ သတ္တုတူးဖော်ရေးဆိုင်ရာ အမျိုးသားဝန်ဆောင်မှုလုပ်ငန်း Sernageomin မှ ပြောကြားခဲ့ပါတယ်။

မြို့တော် ဆန်တီယာဂို မြောက်ဘက် မိုင် ၅၀၀ (ကီလိုမီတာ ၈၀၀) အကွာ Tierra Amarilla မြို့ အပြင်ဘက် ကျေးလက်ဒေသမှာ အကျယ်အဝန်း ၁၀၄ ပေ (၃၂ မီတာ) ရှိတဲ့ အပေါက်ကြီးဟာ စနေနေ့ (ဇူလိုင် ၃၀)တွင် ပေါ်ပေါက်လာခဲ့တာပါ။

ဒီတွင်းပေါက်ကြီးရဲ့ အကျယ်အဝန်းနဲ့ ကြီးမားမှုကို သိသာအောင် ဖော်ပြရမယ်ဆိုရင်တော့ နှိုင်းယှဉ်ကြည့်ပါက အိမ်ဖြူတော်ဟာ အကျယ် ၈၅ ပေ သို့မဟုတ် ၂၆ မီတာခန့် ရှိတာကြောင့် အိမ်ဖြူတော် တစ်ခုလုံးတောင် အပေါက်ထဲမှာ ထည့်ထားလို့ ရနိုင်တာပါ။

အဆိုပါအပေါက်ရဲ့ မြေအောက်အနက်ကို တိုင်းတာကြည့်ခဲ့ရာမှာတော့ အမြင့်ပေ ၆၅၆ ပေ (၂၀၀ မီတာ) နက်ပုံရပြီး အောက်ခြေတစ်ဝိုက်မှာတော့ ရေလှောင်ကန်တစ်ခုဟာ သဘာဝအတိုင်း စိမ့်ထွက်လာခဲ့ပုံရပါတယ်။

ဒီတွင်းပေါက်ကြီးဟာ Alcaparrosa ကြေးနီမိုင်းရဲ့ တည်နေရာမှာ အပေါက်ပွင့်လာခဲ့တာပါ။ မိုင်းပိုင်ဆိုင်တဲ့ ကနေဒါ ကုမ္ပဏီ Lundin Mining ရဲ့ ပြောကြားချက်အရ အပေါက်ကြီး ဖြစ်သွားခဲ့ရာမှာ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် ပျက်စီးမှု မရှိကြောင်းလည်း သိရှိခဲ့ရပါတယ်။

သို့ပေမဲ့ Sernageomin ဘူမိဗေဒပညာရှင်များဟာ တစ်ပါတ်ကျော်အကြာ အဆိုပါ အပေါက်ကြီးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဧရိယာတစ်ဝိုက် ၃၂၈ ပေ (၁၀၀ မီတာ) ပတ်ဝန်းကျင်မှာလည်း လုံခြုံရေးတွေကို တင်းကျပ်စွာ ထားရှိထားပါတယ်။

Sinkholes များဟာ ပြင်ပရေနုတ်မြောင်းများ မရှိဘဲ မြေအောက်ရေများ စုဝေးရာ နေရာများပေါ်မှာ ပေါက်ရောက်နေကာ မြေအောက်ဥမင်လိုဏ်ခေါင်းများကို ဖောက်ထုတ်နိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆိုထားကြပါတယ်။

ကျောက်နဲ့ သတ္တုရိုင်း အမြောက်အမြားကို ထုတ်ယူပြီးရာမှ ဟောင်းနွမ်းပြီး တက်ကြွတဲ့ မိုင်းတွင်းများ အနီးမှာလည်း ယခုဖြစ်စဥ်ကဲ့သို့ သဘာဝတွင်းများ မကြာခဏ ဖြစ်ပေါ်လာကြောင်း လေ့လာမှုများစွာက ပြသခဲ့ပါတယ်။

ဒါပေမဲ့ ယခုတွင်းပေါက်ကြီးကတော့ တော်တော်လေးကို ကြီးမားလို့နေတာပါ။
အခုလို သဘာဝအတိုင်း ပေါ်ပေါက်လာနိုင်တဲ့ sinkhole (နစ်တွင်း) များဟာ နှစ်များစွာ ကြာလာတာနဲ့အမျှ တဖြည်းဖြည်း သဘာဝအလျောက် ဖြစ်ပေါ်လာတတ်ပါတယ်။

ကားများ၊ အိမ်များနဲ့ လမ်းများကို ဒီအပေါက်တွေက ယူဆောင်သွားနိုင်ပြီး ရုတ်တရက် ပွင့်ထွက်သွားနိုင်ပါတယ်။

Tierra Amarilla မြို့ရဲ့ မြို့တော်ဝန် Cristóbal Zúñiga က Alcaparrosa သတ္တုတူးဖော်ခြင်း လုပ်ငန်းဟာ အခုချိန်မှာတော့ သူတို့ရဲ့မြေပြင်ကို ထိခိုက်စေခဲ့ပြီဖြစ်ကြောင်း ဒေသခံရေဒီယိုဌာနတစ်ခုသို့ ပြောကြားခဲ့ပါတယ်။

Zúñiga က မိုင်းတွင်းမှ တုန်ခါမှုများနဲ့ နေ့စဉ် ပေါက်ကွဲသံများဟာ ဒေသရှိ နေအိမ်များနဲ့ လမ်းမများကို ဖျက်ဆီးခဲ့ပြီး ယခုတွင်းပေါက်ကြီးကတော့ မြေပြင်ကို ဖျက်ဆီးခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ချီလီနိုင်ငံဟာ အခုလိုမျိုး သဘာဝအတိုင်း ပေါ်ပေါက်လာခဲ့တဲ့ တွင်းပေါက်တွေရဲ့ အန္တရာယ်ကို အနီးစပ်ဆုံး ရင်ဆိုင်နေရတဲ့ ဒေသဖြစ်ပါတယ်။

အခုတွင်းပေါက်ကြီးကတော့ စိုက်ပျိုးရေး ပိုင်ဆိုင်မှုရှိတဲ့ နေရာလွတ်မှာ ဖြစ်ခဲ့ပေမယ့် နောက်တစ်ကြိမ်မှာတော့ လူနေထူထပ်တဲ့ နေရာ၊ လမ်းပေါ်နဲ့ ကျောင်းတစ်ခုမှာ ဖြစ်နိုင်တယ်လို့ သုတေသီတွေကလည်း ခန့်မှန်းထားကြပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.