သရဲတစ္ဆေကို မြင်နိုင်ကြသူများ

သရဲတစ္ဆေကို မြင်နိုင်ကြသူများ

နာနာဘာဝလို့ခေါ်တဲ့ သူရဲတစ္ဆေကို မြင်နိုင်သလားဆိုတာ ဖြေရခက်တဲ့မေးခွန်းတစ်ခုပါ။

ဒီအဖြေကို ရှုထောင့်တစ်ခုကနေ ဖြေရှင်းပြထားတာမို့ ဖတ်ရှုအားပေးကြပါအုံးနော်။

၁။ အိပ်စက်နေစဉ် အကြောသေသကဲ့သို့ ဖြစ်ခြင်း (Sleeping Paralysis)

အိပ်နေစဉ်မှာ တစ်ခါတလေ လှုပ်ရှားမရ ဖြစ်တတ်ပါတယ်။ ကြောက်စရာကောင်းတဲ့ ဒီအခြေအနေမှာ ဦးဏှောက်နဲ့ ခန္ဒာကိုယ်ဟာ ဆက်သွယ်မှု ကမောက်ကမအဖြစ်နဲ့ လူကလဲ နိုးတဝက်အိမ်မက် ဖြစ်နေတတ်ပါတယ်။

ဒီအချိန်မှာ စိတ်ရဲ့ခံစားမှုဟာလည်း မရှိတာကို အရှိလို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ ဒါကြောင့် ပင့်ကူလေးကနေ မကောင်းဆိုးဝါးကြီးတွေအထိ မြင်ရသလိုဖြစ်နေပါတော့တယ်။

၂။ လှိုင်းနိမ့်အသံ (Infra sound)

လူသားတွေဟာ သာမန်အားဖြင့် ၂၀ ဒက်စီဘယ်(dB)ထက်နိမ့်တဲ့ အသံတွေကို မကြားရပါဘူး။ ဒါပေမဲ့ တချို့ကတော့ ကြားရနိုင်ပါတယ်။

ဒီလိုကြားရရင် ကြောက်စိတ်ကို ဖြစ်စေပါတယ်။ ဘာကြောင့်ဆို အသံဟာ အဝေးကြီးကနေ လာသလိုကြားရတာရှိပြီး တစ်ခါတစ်လေလည်း အနားနားက ကြားရသလို ဖြစ်တတ်ပါတယ်။

၁၉၉၈ ခုနှစ်လောက်မှာ လူတစ်စုဟာ ဓါတ်ခွဲခန်းတစ်ခုမှာ စမ်းသပ်မှု တစ်ခုကို လုပ်ခဲ့ကြပါတယ်။ သူတို့က စိုးရိမ်ကြောက်လန့်မှုနဲ့ စိတ်ကျမှုကို စမ်းသပ်တာပါ။

ညဖက်မှာ သူတို့ထဲက တစ်ယောက်ဟာ အမဲရောင် အစက်တွေ မျက်စိဒေါင့်က ထွက်လာတာ တွေ့ကြရပါတယ်။ ဒါဟာ ပန်ကာတစ်ခုကနေ ထုတ်လွှင့်တဲ့ အသံလှိုင်းအနိမ့် ( ၁၉ ဒက်စီဘယ်အောက် ) ကြောင့် မျက်စိကို တုန်ခါစေပြီး ဖြစ်လာတာပါ။

သူတို့အားလုံးရဲ့ယုံကြည်မှု အစွဲအလန်းကို ပန်ကာပိတ်လိုက်တာနဲ့ ပျောက်ကွယ်စေခဲ့ပါတယ်။

၃။ ကာဘွန်မိုနော့ဆိုဒ်

ဒီ အငွေ့ဟာ ထင်ယောင်ထင်မှားဖြစ်မှုနဲ့ ဖျားနာမှုကို ဖြစ်စေပါတယ်။၁၉၂၁ ခုနှစ်ထုတ် အ‌မေရိကန်ရဲ့ Opthalmologyin မဂ္ဂဇင်းမှာ သူရဲဇါတ်လမ်းတစ်ခုကို ဖေါ်ပြခဲ့ဘူးပါတယ်။

မိသားစုတစ်ခုဟာ အိမ်သစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့ဟာ သဘာဝလွန် အဖြစ်အပျက်တွေကို မြင်ကြရပြီး အားလုံးဟာ ဖျားနာပြီး အားနည်းတာတွေ ခံစားလာကြရပါတယ်။

တကယ်တော့ အိမ်သစ်ရဲ့မီးဖိုဟာ ချို့ယွင်းချက်ရှိခဲ့ပြီး ကာဘွန်မိုနော့ဆိုဒ်အငွေ့တွေ တစ်အိမ်လုံးကို ပျံ့နှံ့စေခဲ့လို့ အဆိပ်သင့်ခဲ့ရတာ ဖြစ်ပါတယ်။ မီးဖိုကို ပြင်ဆင်ပြီးနောက်မှာတော့ အဖြစ်ဆိုးတွေလဲ ရပ်တန့်သွားပါတယ်။

၄။ Toxin Molds

တစ်ခါတစ်လေ နံရံတွေပေါ်မှာ စွဲကပ်နေတတ်တဲ့ မှိုတွေဟာ လူကို အဆိပ်သင့် စေပါတယ်။ သူ့မှာပါတဲ့ Dalirium ဓါတ်ဟာ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ ပြောင်းပြန် ပြုမူသွားလာခြင်း၊ ဟန်ချက်မညီခြင်းတွေကို ခံစားရစေပါတယ်။

ဒါကြောင့်ဘဲ သူတို့က သူရဲတွေကို မြင်ရသလို ဖြစ်စေပါတယ်။

၅။ လျှပ်စစ်သံလိုက်လှိုင်း

တခါတလေ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းစက်ကွင်းတွေကို တွေ့ရတတ်ပါတယ်။ ၁၉၈၀ ခုနှစ်လောက်မှာ စမ်းသပ်ခဲ့ကြဖူးပါတယ်။

လူတွေကို အထူးပြုလုပ်ထားတဲ့ ခေါင်းစွပ် ( Halmet ) ဆောင်းစေပြီး အထဲကိုအားပျော့ လျှပ်စစ်သံလိုက်စက်ကွင်းကို ထုတ်လွှင့်ပေးပါတယ်။

ဒီအခါမှာ စမ်းသပ်ခံသူတွေက အခန်းထဲမှာ ပုံမှန်မဟုတ်တဲ့ သက်ရှိပုံစံတွေ အများအပြားကို မြင်တွေ့နေရတယ်လို့ ပြောကြပါတယ်။

၆။ Trick of the light အလင်းလှည့်စားမှု

လေထုထဲမှာ အမှုံလေးတွေ အများအပြား မျောလွင့်နေကြပါတယ်။ ကင်မရာရဲ့ မှန်ဘီလူးအပေါ်မှာလည်း ကပ်ညှိနေကြပါတယ်။

တစ်ခါတစ်လေ အရည်စက်အမှုံတွေကို မဖယ်ရှားမိဘဲ ဓါတ်ပုံရိုက်မိတဲ့အခါ အလင်းရဲ့တုန့်ပြန်မှုကြောင့် ထူးဆန်းတဲ့ပုံရိပ်တွေ ပေါ်လာတတ်ပါတယ်။

၇။ အယူသည်းမှု

လူ ၂၂ ဦးကို ပြဇါတ်ရုံ တစ်ခုတည်းမှာ အတူထားရှိပြီး စမ်းသပ်ခဲ့ပါတယ်။ တဝက်ကို ပြဇါတ်ရုံဟာ ခြောက်လှန့်တတ်တယ်လို့သိထား စေပါတယ်။ နောက်တဝက်ကိုတော့ ပြဇါတ်ရုံဟာ တည်ဆောက်နေဆဲ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

တစ်ညကုန်ဆုံးပြီးချိန်မှာတော့ ပထမအုပ်စုဟာ ပုံမှန်မဟုတ်တဲ့အရာတွေကိုမြင်ခဲ့တယ်လို့ ပြောပါတယ်။ အယူသည်းရင်လည်း ဖြစ်တတ်တယ်ဆိုတာ သိနိုင်ပါတယ်။

၈။ စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးမှု များနေတဲ့အခြေအနေဟာလည်း ထင်ယောင်ထင်မှား ဖြစ်စေပါတယ်။ တူရကီ အမျိုးသမီးတချို့ကို စမ်းသပ်ခဲ့ရာမှာ ငယ်စဉ်က စိတ်ဒါဏ်ရာ( trauma )ဖြစ်ဖူးသူ ကြီးမှ ဖြစ်ဘူးသူ အမျိုးသမီးများဟာ သူတို့ကိုယ်သူတို့ ထူးခြားတာတွေကို မြင်တွေ့နိုင်တယ်လို့ ထင်ကြပါတယ်။

၉။ ကြေကွဲဝမ်းနည်းမှု

ဝမ်းနဲပူဆွေးမှုဟာ မိမိနဲ့အနီးဆုံးသူ သို့မဟုတ် အရာဝထ္ထု ပျောက်ကွယ်သွားရင် ပိုဆိုးဝါးပါတယ်။

မိမိနဲ့ ကာလရှည် ရှိနေမယ်ထင်ထားရာက ရုတ်တရပ် ပျောက်ကွယ်သွားတဲ့အခါ စိတ်က လက်ခံဖို့ ခဲယဉ်းပါတယ်။

သူတို့ချစ်ရတဲ့သူဟာ အခြားပုံစံတစ်မျိုးနဲ့ဆက်လက်တည်ရှိပြီး သူတို့အနားမှာ ရှိနေဆဲပဲလို့ ယုံကြည်မှုက သက်သာရာရစေပါတယ်။

ခုတင်ပြခဲ့တာကတော့ သူရဲတစ္ဆေကို ဘယ်လိုအချိန်မှာ မြင်တတ်ကြသလဲဆိုတာကို သိပ္ပံရှုထောင့်က တင်ပြခဲ့တာဖြစ်လို့ ကျေနပ်ကြမယ်ထင်ပါတယ်။

အမြင်လေးတွေရှိရင်လည်း မန့်ခဲ့ကြပါနော်။
Knight News Team

Leave a Reply

Your email address will not be published.