သမိုင်းတလျှောက် ဆုတံဆိပ်အများဆုံးရရှိခဲ့တဲ့ စစ်ခွေးကလေး “စတတ်ဘီ” အကြောင်း

သမိုင်းတလျှောက် ဆုတံဆိပ်အများဆုံးရရှိခဲ့တဲ့ စစ်ခွေးကလေး “စတတ်ဘီ” အကြောင်း

တပ်ကြပ်ကြီး စတတ်ဘီ(Sergeant Stubby)

အမေရိကန်စစ်တပ်ရဲ့ ပထမဦးဆုံး သူရဲကောင်းစစ်ခွေးကလေး ‘စတတ်ဘီ’(Stubby)ဟာ စစ်တပ်မှာ ၁၈ လကြာမျှ စစ်မှုထမ်းခဲ့ပြီး ရှေ့တန်းစစ်မျက်နှာတိုက်ပွဲ ၁၇ ခုမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

၁၉၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စတတ်ဘီဟာ ၎င်းရဲ့ တပ်ရင်းတပ်ဖွဲ့အား ရန်သူ ရဲ့အဆိပ်ဓာတ်ငွေ့ဖြင့် အလစ်တိုက်ခိုက်မှုမှ ကယ်တင်ပေးခဲ့နိုင်ခဲ့ပါတယ်။

စတတ်ဘီဟာ ပစ်တ်ဘူးလ်တယ်ရီယာ အမျိုးအစား ခွေးကလေး ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီး အတောအတွင်းက ဆုတံဆိပ် အများဆုံးရရှိတဲ့ စစ်ခွေးကလေးဖြစ်ပြီး တိုက်ပွဲများမှာ ရွပ်ရွပ်ချွံချွံပါဝင်ဆင်နွှဲရင်း တပ်ကြပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ခြင်းခံရတဲ့ တစ်ကောင်တည်းသော စစ်ခွေးကလေး ဖြစ်ပါတယ်။

စတတ်ဘီဟာ တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိထားတဲ့ စစ်သားများအား ရှာဖွေပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။ ဒါ့ပြင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေချိန်မှာပင် လျှို့ဝှက်စစ်သတင်းများကိုလည်း သယ်ယူပို့ဆောင်ပေးခဲ့ပါတယ်။

တစ်ကြိမ် တစ်ခါက စတတ်ဘီဟာ ချုံပုတ်ကလေးတစ်ခုဆီမှ မသင်္ကာဖွယ်ရာ အသံများ ကြားရသဖြင့် သွားရောက်စုံစမ်း ကြည့်ရှုခဲ့ရာ ရန်သူဂျာမန် သူလျှိုတစ်ဦးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

စတတ်ဘီက ၎င်းရဲ့နားရွက်ကို နောက်ဘက်သို့ပေးထားပြီး တဝုတ်ဝုတ်နဲ့ မရပ်မနား စပြီးထိုးဟောင် ပါတော့တယ်။ ထိုအခါမှာ ဂျာမန်သူလျှိုက လန့်ဖျပ်ပြီး ခြေကုန်သုတ်ထွက်ပြေးရာ စတတ်ဘီက နောက်မှထပ်ကြပ်မကွာ တစ်ဟုန်ထိုးလိုက်ဖမ်းခဲ့ပါတယ်။

ဂျာမန်သူလျှိုကို မီလာသောအခါ ၎င်းရဲ့ခြေထောက်ကို လှမ်းကိုက်လိုက်တာ‌ကြောင့် ဂျာမန်သူလျှို ခလုတ်တိုက်ပြီး ဟပ်ထိုးလဲကျ သွားပါတယ်။ ထို့နောက် စတတ်ဘီက ဂျာမန်သူလျှိုရဲ့ လက်မောင်းကို ကိုက်ခဲပြီး ၎င်းရဲ့ဘောင်းဘီနောက်ပိုင်းကို မလွှတ်တမ်း ကိုက်ခဲထားပါတယ်။

အဲဒီအချိန်မှာ မဟာမိတ်စစ်သားများက ဆူဆူညံညံအသံကို ကြားရတာကြောင့် လာရောက်စုံစမ်းကြည့်ရှု့ကြပါတယ်။ ၎င်းတို့က ဂျာမန်သူလျှိုအား စတတ်ဘီက ဖမ်းဆီးထားသည်ကို တွေ့မြင်တဲ့အခါ ၎င်းတို့က စတတ်ဘီကို ပိုင်းဝန်းဩဘာပေးကြပါတယ်။

စတတ်ဘီဟာ အမေရိကန်ပြည်ထောင်စု တပ်မတော်မှာ ရာထူးခန့်အပ်ခြင်းခံရတဲ့ ပထမဦးဆုံး စစ်ခွေးကလေး ဖြစ်လာခဲ့ပါတယ်။

စစ်ကြီးပြီးဆုံးသွား‌တဲ့အခါ စတတ်ဘီရဲ့ သခင်ဖြစ်သူ ရောဘတ်ကွန်ရွိုင်းက ဂျော့ချ်တောင်းန်တက္ကသိုလ်မှာ ဥပဒေပညာရပ်ဆည်းပူးရန် တက္ကသိုလ်ကျောင်းတက်တဲ့အခါ ၎င်းရဲ့ အချစ်တော်ခွေးကလေး စတတ်ဘီကိုလည်း အတူတကွခေါ်ဆောင်လာလေ့ရှိတယ်လို့ ဆိုပါတယ်။

သို့ဖြစ်ရာ သူရဲကောင်းစစ်ခွေးကလေး စတတ်ဘီဟာ ဂျော့ချ်တောင်းန်တက္ကသိုလ်ရဲ့ အထင်ကရ အထိမ်းအမှတ်သင်္ကေတ ခွေးကလေးဖြစ်လာခဲ့ပါတယ်။

စတတ်ဘီဟာ အသက်အရွယ်အိုမင်း ရင့်ရော်လာမှုကြောင့် နာမကျန်းဖြစ်ခဲ့ရာမှ ၁၉၂၉ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ သူရဲကောင်းစစ်သည်တော် ခွေးကလေးဟာ သခင်ရဲ့ လက်ပေါ်မှာပဲ ဘဝတပါးသို့ ကူးပြောင်းသွားရှာပါတယ်။

ခုဖော်ပြပေးခဲ့တာကတော့ အံ့ဩဖွယ်ရာ ခွေးကလေးဖြစ်တဲ့ သူရဲကောင်း စစ်ခွေးလေး တပ်ကြပ်ကြီး စတတ်ဘီ အကြောင်းကို လေးစားဂုဏ်ပြု ‌တင်ပြလိုက်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.