တရုတ်-ထိုင်ဝမ် စစ်ပွဲနဲ့ တတိယကမ္ဘာစစ် အလားအလာ

တရုတ်-ထိုင်ဝမ် စစ်ပွဲနဲ့ တတိယကမ္ဘာစစ် အလားအလာ

လတ်တလောမှာတော့ တရုတ်ဟာ ထိုင်ဝမ်နဲ့ အနီးဆုံးဆိုတဲ့ နေရာမျိုးမှာ စစ်ရေးပြ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ အားလုံးသိထားကြတဲ့အတိုင်း တရုတ်က ထိုင်ဝမ်ကို လိုချင်နေတာပါ။

ထိုင်ဝမ်ကိုလည်း တရုတ်အပိုင်လို့ ကြေငြာထားခဲ့ပြီး အနီးစပ်ဆုံး အိုလံပစ်ကို ကြည့်မယ်ဆိုရင်ပဲ ထိုင်ဝမ်က ရထားခဲ့တဲ့ ရွှေတံဆိပ်တွေကို တရုတ်ရဲ့ ရွှေတံဆိပ်ဆုတွေထဲ ထည့်ပေါင်းခဲ့တာမျိုးတွေ ပေါ်ပေါ်ထင်ထင် လုပ်ပြလာခဲ့တယ်။

ဒါတင်မကသေးပဲ အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ရောပါ တရုတ်က ထိုင်ဝမ်ကို သူ့လက်အောက်ကို ဝင်ရောက်ပေးဖို့ အမျိုးမျိုးအဖုံဖုံ ခြိမ်းခြောက်လို့နေခဲ့ပါတယ်။

တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်ဟာ တရုတ်ကို မဖြစ်မနေ လာရောက်ပူးပေါင်းရမယ်လို့လည်း ယတိပြတ် ကြွေးကြော်ထားခဲ့သူပါ။

ဒါဆိုရင် ဘာကြောင့်များ တရုတ်က ထိုင်ဝမ်ကို အမျိုးမျိုး ခြိမ်းခြောက်နေရတာပါလဲ။

ထိုင်ဝမ်ဆိုတာ ကျွန်းငယ် နိုင်ငံလေးတစ်ခုပါ။ တရုတ်ပြည်က နဂိုကတည်းက ကမ္ဘာ့အလယ်မှာ စစ်ရေး၊ စီးပွားရေး အစစအရာရာ ရင်ဘောင်တန်းနေနိုင်သည့်တိုင်အောင် ထိုင်ဝမ်ကို အငန်းအရ လိုချင်နေရတဲ့ အကြောင်းရင်းတစ်ခုကတော့ အမေရိကန်ကြောင့်ပါပဲ။

အမေရိကန်ကလည်း ထိုင်ဝမ်ကို အမျိုးမျိုးသော ထောက်ပံ့မှုတွေပေးပြီး တရုတ်ရန်ကနေ ကာကွယ်ပေးထားပါတယ်။

သမ္မတ ဘိုင်ဒန်ကလည်း တရုတ်က ထိုင်ဝမ်ကို လာတိုက်လို့ရှိရင် အမေရိကန်က အပြည့်အဝ ကာကွယ်ပေးသွားမယ်လို့ ယတိပြတ် ကြွေးကြော်ထားခဲ့သူပါ။

ဒါကြောင့် တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်လာခဲ့မယ်ဆိုရင်တော့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စစ်ပွဲကို မြင်တွေ့သွားရဖို့က ရာနှုန်းပြည့် သေချာနေပါတယ်။

အကြောင်းရင်းကတော့ တရုတ်နဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ စစ်ရေးပြိုင်ဆိုင်မှုအတွက် အကြောင်းပြချက်ကောင်းတစ်ခုကို ရှာဖွေနေကြတာချင်း တူညီနေလို့ပါပဲ။

ဘိုင်ဒန်ဟာ တရုတ်ကသာ ထိုင်ဝမ်ကို ကျူးကျော်လာခဲ့ပါက အမေရိကန်ရဲ့ ခုနှစ်ခုနှစ်မြောက် ရေတပ်စုက သိပ်မကြာခင်မှာ အရောက်လာခဲ့မှာပါ။

အဲ့လိုမျိုး ဖြစ်လာရင်တော့ ဒါဟာ တရုတ်-အမေရိကန် စစ်ပွဲကို တရားဝင် စတင်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တာနဲ့ အတူတူပါပဲလို့ ပြောကြားထားခဲ့ပါပြီ။

ထိုင်ဝမ်ဟာ တရုတ်ကမ်းခြေနဲ့ မိုင် ၁၀၀ အကွာလောက်မှာ တည်ရှိတဲ့ ကျွန်းငယ်လေးပါ။ ဒုတိယကမ္ဘာစစ်မှာ ထိုင်ဝမ်ကို နှစ် ၅၀ လောက် အုပ်ချုပ်ထားတဲ့ ဂျပန်တွေက စစ်ရှုံးသွားခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ လက်ထဲကို ထိုင်ဝမ်ကို ပြန်ပေးခဲ့ရပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ တရုတ်နိုင်ငံမှာ ပြည်တွင်းစစ် စဖြစ်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၄၉ မှာတော့ မော်စီတုံးရဲ့ ကွန်မြူနစ်တပ်တွေဟာ ချန်ကေရှိတ်ရဲ့ ကူမင်တန် အစိုးရကို အနိုင်ရခဲ့ပါတယ်။

အဲ့ဒီမှာ စစ်ရှုံးသွားတဲ့ ချန်ကေရှိတ်ဟာ အခု ထိုင်ဝမ်လို့ခေါ်တဲ့ ကျွန်းကို ရောက်ရှိလာပါတော့တယ်။

ဒါကြောင့် မော်စီတုံးရဲ့ စစ်တပ်ဟာ ထိုင်ဝမ်ကိုပါ လိုက်သိမ်းဖို့ ကြိုးပမ်းခဲ့ပေမဲ့ အဲ့ဒီအချိန်မှာပဲ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားက စစ်စဖြစ်ခဲ့လို့ တောင်ကိုရီးယားကို ကူညီပြီး ကွန်မြူနစ်တွေကို တိုက်ဖို့ ထိုင်ဝမ်ကို လိုအပ်ခဲ့တာကြောင့် အမေရိကန်တို့က ထိုင်ဝမ်နဲ့ ပူးပေါင်းလိုက်ပါတော့တယ်။

အမေရိကန်တွေက ထိုင်ဝမ်ကို ကျောထောက်နောက်ခံ ပေးထားလို့ မော်စီတုံးကလည်း ထိုင်ဝမ်ကိုသိမ်းမယ့် အကြံကို လက်လျှော့လိုက်ရတာပါ။

ဒီလိုနဲ့ ချန်ကေရှိတ်ရဲ့ ကူမင်တန်တွေဟာ အမေရိကန်ရဲ့ အကူအညီနဲ့ UN မှာလည်း နေရာရလာခဲ့ပြီး ဆယ်စုနှစ်တွေကြာအပြီးမှာ ထိုင်ဝမ်ကလည်း အာဏာရှင်စနစ်ကနေ ဒီမိုကရေစီကို ပြောင်းလဲလာခဲ့ပါတယ်။

တစ်ဖက်မှာလည်း တရုတ်က စီးပွားရေးရော စစ်ရေးမှာပါ တဖြည်းဖြည်း အင်အားကြီးမားလာတဲ့အပြင် တရုတ်ပြည်မဟာလည်း ထိုင်ဝမ်ကိုကျော်ပြီး UN မှာပါ နေရာရလာခဲ့ပါတော့တယ်။

အမေရိကန်နဲ့ စစ်ရေး၊ စီးပွားရေးတို့မှာ ပုခုံးချင်း ယှဥ်လာနိုင်ခဲ့ချိန်မှာတော့ တရုတ်ဟာ ထိုင်ဝမ်ကိုရော အမေရိကန်ကိုပါ အရင်ကထက် ပိုမိုခြိမ်းခြောက်လာပါတော့တယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က “မီးနဲ့ မကစားနဲ့ ပူတတ်တယ်” ဆိုပြီး ပေါ်တင်ခြိမ်းခြောက်ရဲတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

ဒီလိုနဲ့ ထိုင်ဝမ်ကိုလည်း သူ့ပိုင်နက်ထဲ ရအောင်သွင်းမယ်ဆိုပြီး “သမိုင်းပေး တာဝန်အရ တရုတ်ပိုင် နယ်မြေတွေ ပြန်လည်ပေါင်းစည်းရေးဟာ ဖြစ်ကိုဖြစ်ရပါမယ်” လို့ ပေါ်ပေါ်ထင်ထင်ကို ပြောကြားလာခဲ့ပါတယ်။

ဒီလိုမျိုး တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေကိုလည်း ထိုင်ဝမ်က ဂရုမစိုက်ခဲ့ဘဲ တရုတ် လက်အောက်ခံ လုပ်သွားဖို့ရာ အစီအစဥ်မရှိကြောင်း ပြောကြားထားခဲ့ပါတယ်။

သိပ်မကြာခင်က အမေရိကန် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီ ထိုင်ဝမ်ကို အလည်သွားလိုက်တာကလည်း အမေရိကန်နဲ့ တရုတ်ကြား ပိုတင်းမာဖို့ အကြောင်းဖန်လာခဲ့ပါတယ်

အခုဆိုရင် တရုတ်ဟာ နန်စီပလိုစီ ထိုင်ဝမ်ကနေ ပြန်သွားပြီးကတည်းက ဒုံးကျည်တွေ ဆက်တိုက်ပစ်၊ စစ်ရေးလေ့ကျင့်မှုတွေ အမျိုးမျိုး လုပ်ပြနေခဲ့ပါတယ်။

ဒါကြောင့် ဒီအဖြစ်အပျက်တွေကနေ စဥ်းစားစရာအမျိုးမျိုး ရှိနေခဲ့ပါပြီ။
အမေရိကန်ကပဲ တရုတ်ကို စစ်ဖြစ်ဖို့ ရန်လာစတာလား။တရုတ်ကို ထိုင်ဝမ်အား မကျူးကျော်ဖို့ လာသတိပေးတာလား။ ဒါကိုအကြောင်းပြပြီး တရုတ်က ထိုင်ဝမ်ကို ပြောင်ပြောင်တင်းတင်း ကျူးကျော်တော့မှာလား။

ဘာပဲဖြစ်ဖြစ် တရုတ်နဲ့ အမေရိကန် စစ်ဖြစ်ကြမယ်ဆိုရင်တော့ တတိယကမ္ဘာစစ်ဟာ အနှေးနဲ့အမြန် ရောက်ရှိလာတော့မှာ မလွဲမသွေပါပဲ။

Knight News Team

Leave a Reply

Your email address will not be published.