ထူးခြားသောသဏ္ဌာန်ရှိသည့် ကျွန်းများ

ထူးခြားသောသဏ္ဌာန်ရှိသည့် ကျွန်းများ

ကျွန်းများ၏အလှကိုသွားရောက်လည်ပတ်ရုံဖြင့် မသိရှိနိုင်ပေ။ ကျွန်းတစ်ကျွန်းလုံး၏ အလှကို ကောင်းကင်ယံမှ ရှုမြင်ကြည့်မှသာလျှင် ၎င်းကျွန်းများ၏ အလုံးစုံအလှကို မြင်တွေ့နိုင်မည် ဖြစ်သည်။

ထိုသို့ ကောင်းကင်ယံမှ ကျွန်းများ၏အလှကို စီးမိုးကြည့်မိသည့်အခါတွင် ထူးခြားသော အသွင်သဏ္ဌာန်ရှိသည့် ကျွန်းများအကြောင်းကို ထုတ်နုတ်တင်ပြသွားပါမည်။

(၁) ဖီဂျီကျွန်းနိုင်ငံတွင်ရှိသော အသည်းပုံကျွန်း

ဖော်ရွေပျူငှာသော ဒေသခံများ၏ ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့် လူသိများသော ကျွန်းတစ်ကျွန်းအဖြစ် အသည်းပုံကျွန်းကို သိရှိကြသည်။

ထိုကျွန်း၏သဏ္ဌာန်သည် အသည်းပုံနှင့်တူသည်မှာ အံ့ဩစရာပင် ဖြစ် သည်။ Tavarua ဟု လူသိများသော ၎င်းကျွန်းတွင် အပန်းဖြေစခန်းများရှိပြီး လှိုင်းစီးခြင်း၊ အပျော်တမ်း ငါးဖမ်းခြင်းနှင့် ရေအောက်အလှများကို ရေငုပ်ကြည့်ရှုခြင်းကဲ့သို့သောအရာများ လုပ်ဆောင်ရန်အတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်သည်။

Tavarua ကျွန်းသည် ဖီဂျီကျွန်းနိုင်ငံတွင်ရှိသော ကျွန်းအပန်းပြေစခန်းတစ်ခုဖြစ်ပြီး ဧရိယာအားဖြင့် ၂၉ ဧကရှိကာ ၎င်းကျွန်းများကို သန္တာကျောက်တန်းများဖြင့် ဝန်းရံထားသည်။

(၂) ဂါလာပါဂိုးစ်ကျွန်းများထဲမှ ရေနဂါးပုံကျွန်း

ရေနဂါးပုံသဏ္ဌာန်ရှိသော ၎င်းကျွန်းသည် ဂါလာပါဂိုးစ်ကျွန်းများတွင်ပါသော ကျွန်းစုများထဲမှ အကြီးဆုံးကျွန်းဖြစ်သော အစ္စဘယ်လာကျွန်းကိုခေါ်ဆိုခြင်း ဖြစ်သည်။

အစ္စဘယ်လာကျွန်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်က လှုပ်ရှားနေသော မီးတောင် ခြောက်လုံးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

၎င်းရေနဂါးပုံကျွန်းသည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်အနောက်ဘက်တွင်ရှိသော နော့စလုပ်ကောင်တီရှိ ရှည်လျားပြီး ကျဉ်းမြောင်းသော သဲကျွန်းများ၏ အဆက်တစ်ခုလည်းဖြစ်သည်။ ၎င်းကျွန်းသည် အလျား ငါးကီလိုမီတာခန့် ရှည်လျားကြောင်း သိရသည်။

(၃) မလေးရှားနိုင်ငံရှိ အပြုံးမျက်နှာပုံကျွန်း

မလေးရှားကျွန်းဆွယ်တွင်တည်ရှိသော အပြုံးမျက်နှာပုံရှိသည့် ကျွန်းများကို Manukan ကျွန်း၊ Mamutik ကျွန်းနှင့် Sulug ကျွန်းဟုခေါ်သော ကျွန်းသုံးကျွန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

၎င်းကျွန်းများတွင် သန္တာကျောက်တန်းများ ပေါများသဖြင့် ကမ်းခြေများကဲ့သို့ပင် လှပသည်ကို တွေ့မြင်နိုင်သည်။

မလေးရှားနိုင်ငံ ဘော်နီယိုကျွန်း၏ အနောက်မြောက်ဘက်ကမ်းရိုးတန်းတွင်တည်ရှိသော ကိုတာကင်နာ ဘာလူးမြို့ရှိ ၎င်းကျွန်းသုံးကျွန်းသည် မြေပြင်မှ ကြည့်လျှင် လှပသောအဖြူရောင်ကမ်းခြေများနှင့် ကြွယ်ဝသောသစ်ပင်ပန်းမန်များရှိသည့် သာမန်ကျွန်းများအဖြစ် မြင်ရသည်။

သို့သော်လည်း ကောင်းကင်ယံမှကြည့် သည့်အခါတွင် ၎င်းကျွန်းသုံးကျွန်းသည် ပင်လယ်ပြင်တွင် အပြုံးမျက်နှာပုံဖြစ်နေသည်ကို တွေ့မြင်နိုင်သည်။

ဘယ်ဘက်မျက်လုံးနေရာတွင် တည်ရှိသော ကျွန်းသည် Mamutik ကျွန်းဖြစ်ပြီး ညာဘက်မျက် လုံးနေရာတွင် Sulug ကျွန်းပြစ်ကာ ပြုံးနေသည့် ပါးစပ်ပုံမှာ Manukan ကျွန်းဖြစ်သည်။

၎င်းကျွန်း များသည် ယခုကဲ့သို့ အပြုံးမျက်နှာပုံဖြစ်နေသည်ကို ဒေသခံတော်တော်များများပင် မသိရှိကြကြောင်းနှင့်လေယာဉ်ဖြင့် ကောင်းကင်ယံမှကြည့်ပြီးမှသာ သိရှိ ခဲ့ခြင်းဖြစ်ကြောင်း ဗဟုသုတရဖွယ်သိရှိရသည်။

(၄) ဟာဝိုင်ရီပြည်နယ်ရှိ လခြမ်းပုံကျွန်း

ဟာဝိုင်ရီပြည်နယ်ရှိ လခြမ်းပုံကျွန်းဟုခေါ်သော မိုလိုကီနီကျွန်းတွင် ငါးမျိုးစိတ်ပေါင်း ၂ဝဝ ကျော် ကျက်စားနေထိုင်သည့်အတွက် ပင်လယ်နေသတ္တဝါများ ကြွယ်ဝကျက်စားသောကျွန်းဟု သတ်မှတ်ကြသည်။

ထို့ပြင် ၎င်းကျွန်းသည် မီးတောင်ကျွန်းတစ်ခုလည်းဖြစ်သည်။ ထို လခြမ်းပုံသဏ္ဌာန်ကျွန်းတွင် တစ်ခါတစ်ရံ ငါးမန်းများကိုပင် တွေ့မြင်နိုင်သည်။

မိုလိုကီနီကျွန်းသည် မာဝီကျွန်း၏ အနောက်တောင်ဘက်ကမ်းခြေမှ သုံးမိုင်အကွာတွင် တည်ရှိပြီး သေးငယ်လှပသော လခြမ်းပုံကျွန်းဖြစ်ကာ ဧရိယာအားဖြင့် ၁၈ ဧကကျော်ကျယ်ဝန်းပြီး သန္တာကျောက်တန်းများဖြင့် ပြည့်နေသော ကျွန်းဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၆၀ မြင့်ကာ လာရောက်လည်ပတ်သူများသည် သန္တာကျောက်တန်းအမျိုးပေါင်းများစွာနှင့် ငါးမျိုးစိတ်ပေါင်း ၂၅ဝ ကျော်ကို ပင်လယ်ရေအောက်သို့ ရေငုပ်ပြီး ကြည့်ရှုလေ့လာနိုင်သည်။

(၅) ဒူဘိုင်းမြို့ရှိ ကမ္ဘာမြေပုံသဏ္ဌာန်ကျွန်းများ

ဒူဘိုင်းမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီများက ကမ္ဘာ့မြေပုံ၏ ပုံသဏ္ဌာန်အတိုင်း လူလုပ်ကျွန်းစုများကိုလုပ်ဆောင်ရန် ရည်ရွယ်ပြီး ကျွန်းပေါင်း ၃ဝဝ ကို ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ခဲ့သည်။

၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ၎င်းစီမံကိန်းသည် ရပ်တန့်သွားခဲ့ရသည်။ အဆိုပါ ပရောဂျက်ကို “ဥရောပ၏နှလုံးသား” ပရောဂျက် အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့ကြသည်။

ကမ္ဘာ့မြေပုံသဏ္ဌာန် ၎င်းကျွန်းစုများသည် ဒူဘိုင်းမြို့၏ ကမ်းရိုးတန်းရေတိမ်ပိုင်းမှ သောင်များဖြင့် အဓိက ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒူဘိုင်း၏ ကျွန်းတုတည်ဆောက်မှုများထဲမှ တစ်ခုဖြစ်သည်။

Source-Yadanarpon Daily News

Leave a Reply

Your email address will not be published.