ထူးဆန်းသော တွေ့ရှိမှုများ

ထူးဆန်းသော တွေ့ရှိမှုများ

UFO ( Unidentified Flying Object) ခေါ် အမျိုးအမည်မသိ ယာဉ်တွေကို ကမ္ဘာမြေရဲ့ ကောင်းကင်မှာ မကြာခနဆိုသလို တွေ့ရှိနေကြတာ ဆယ်စုနှစ်တွေကြာခဲ့ပါပြီ။

ဒီပဟေဠိဆန်တဲ့ အရာတွေကို တချို့က Alien ဆိုတဲ့ ဂြိုလ်သားတွေနဲ့ သူတို့ရဲ့ ယာဉ်တွေလို့ ယုံကြည်ကြပါတယ်။

တချို့ကတော့ ငှက်တွေ အလင်းပြန်တာတွေလို့ ဆိုကြပါတယ်။ တချို့ကတော့ စစ်တပ်ရဲ့ လျို့ဝှက်စမ်းသပ်မှုတွေလို့ ယူဆကြပါတယ်။

ဘယ်လိုဘဲ ယူဆနေကြပါစေ အခုတင်ပြမယ့် အဖြစ်အပျက်တွေနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်ရင်တော့ တစ်ခုခုကို သိရလိမ့်မယ် ထင်ပါတယ်။ ကြည့်ကြရအောင်နော်။

၁။ ဘယ်ကိုရောက်ခဲ့တယ်ဆိုတာ မမှတ်မိတော့တဲ့ လင်မယားနှစ်ယောက်

Betty နဲ့ Barney Hill ဆိုတဲ့ စုံတွဲဟာ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာလ ကကားတစ်စီးနဲ့ ခရီးထွက်ခဲ့ကြပါတယ်။ နယူးဟမ်းရှိုင်းယားပြည်နယ်က လမ်းမကြီးပေါ်မှာ ညအချိန်ဖြစ်လို့ ကားတွေရှင်းနေပါတယ်။

အဲဒီအချိန်မှာ သူတို့အပေါ်ဖက်က အလွန်စူးရှတဲ့ အလင်းရောင်တစ်ခုကိုတွေ့ကြရပါတယ်။ ဒီအရာဟာ သူတို့ကားအနောက်ဖက်ကနေ ပျံသန်းလိုက်ပါလာပါတယ်။

သူတို့အိမ်ပြန်ရောက်တော့ နေ့အချိန်ဖြစ်နေပါပြီ။ သူတို့ရဲ့အဝတ်အစားတွေကလည်း ရွှံ့တွေ ပေကျံပြီးတွန့်ကြေ နေပါတယ်။ သူတို့ရဲ့နာရီတွေကလည်း ရပ်နေပါတယ်။ သူတို့ဟာ ညက ဘာဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိကြပါဘူး။

သူတို့ကို စိတ်ရောဂါဆရာဝန်က အိပ်မွေ့ချနည်းနဲ့ စစ်ဆေးရာမှာတော့ သူတို့ကို ဂြိုလ်သားတွေက ခေါ်ဆောင်သွားတယ်ဆိုတာ သိကြရပါတယ်။

Betty ရဲ့ အဆိုအရ ဂြိုလ်သားဟာ မီးခိုးရောင်အသားအရည်နဲ့ ကြီးမားတဲ့မျက်လုံးတွေ ရှိတယ်လို့ သိရပါတယ်။ ဂြိုလ်သားတွေဟာ Betty တို့ကို အိမ်အတွင်းမှာဘဲ စမ်းသပ်မှုတွေ လုပ်ခဲ့ကြပြီး မှတ်ဉာဏ်တွေကို ဖျက်ဖို့လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကို Project Blue Book ဆိုတဲ့ မှတ်တမ်းမှာ တရားဝင်ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

၂။ တောအုပ်ထဲက အနီရောင်အလင်း

ဒီဖြစ်ရပ်ကတော ၁၉၈၀ ခုနှစ်၊ဒီဇင်ဘာ ၂၆ ရက်နေ့ထုတ် Telegraph သတင်းမှာ ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ Suffolk လေတပ် စခန်းနားမှာ ဖြစ်ခဲ့တာပါ ။ ဒီစခန်းမှာ အမေရိကန်လေတပ်က လေယာဉ်တွေလည်း အခြေစိုက်ပါတယ်။

အဲဒီနေ့က လေတပ်သားနှစ်ယောက်ဟာ စခန်းအနီးက Rendlesham တောအုပ်ထဲကို သွားခဲ့ကြပါတယ်။ သူတို့ဟာ တောအုပ်တွင်းမှာ ထူးဆန်းတဲ့ယာဉ်တစ်မျိုးကို တွေ့ခဲ့တယ်လို့ဆိုပါတယ်။

ယာဉ်ရဲ့ ကိုယ်ထည်ပေါ်မှာ ရှေးဟောင်း အရုပ်စာနဲ့ဆင်တူတဲ့ အက္ခရာတွေ ရေးထားတာ တွေ့ခဲ့ကြပါတယ်။ နောက်နှစ်ရက်အကြာ ဒီဇင်ဘာ ၂၈ မှာလဲ အခြားတစ်ယောက်က အလားတူ ယာဉ်ကိုတွေ့ခဲ့ပြန်ပါတယ်။

ဒီတခါတော့ ယာဉ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူတို့အပြောအရ တောအုပ်ထဲမှာ ပျက်ကျနေတဲ့ ယာဉ်ကို နောက်တစ်စီးက အနီရောင် စူးရှတဲ့ အလင်းတန်းနဲ့ ထိုးထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ကြီးကြပ်သူ အရာရှိကိုယ်တိုင် သွားရောက် ကြည့်ရှုရပါတော့တယ်။ သူကလဲ ယာဉ်အတွင်းပိုင်းအထိ ဝင်ရောက်ခဲ့ပြီး တခြားဂြိုလ်က ယာဉ်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် ထုံးစံအတိုင်း ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလို ဖြစ်ရပ်မျိုး လုံးဝ မရှိခဲ့ပါဘူးလို့ ငြင်းဆိုထားပါတယ်။

၃။ ဇင်ဘာဘွေက ကလေးများ

အာဖရိကတိုက်က ဇင်ဘာဘွေနိုင်ငံမှာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်၊စက်တင်ဘာလမှာ Ruwa မြို့ရဲ့ ကျောင်းတစ်ခုအနားမှာ ပန်းကန်ပြားပျံတစ်စီးကို အချိန်ကြာကြာ ဝဲပျံနေတာ တွေ့ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ထိတ်လန့်နေတဲ့ ကလေးတွေကို တာဝန်ရှိသူတွေက မေးမြန်းကြည့်ခဲ့ပါတယ်။

ကလေးတွေရဲ့ ပြောကြားချက်အရ ယာဉ်ထဲက ဂြိုလ်းသားတွေဟာ နှာခေါင်းနေရာမှာ အပေါက်နှစ်ခုသာ ပါရှိပြီး ကြီးမားတဲ့ ဦးခေါင်းနဲ့ ရှည်လျားတဲ့ အနက်ရောင်ဆံပင်တွေပါပါတယ်တဲ့။ပါးစပ်ပေါက် မပါရှိပါဘူးတဲ့။

ကလေးတွေ ဆက်ပြောတာကတော့ ဂြိုလ်သားတွေဟာ မီးခိုးရောင်ဝတ်စုံတွေဝတ်ထားပြီး သူတို့ ( ကလေးတွေ )ကို စိတ်နဲ့ဆက်သွယ် စကားပြောခဲ့ပါတယ်တဲ့။

ကလေးမတစ်ယောက်ကဆိုရင် သူတို့က ကမ္ဘာကြီးဟာ ပျက်ဆီးဖို့ နီးကပ်နေပြီလို့ ပြောပါတယ်။ သူတို့မျက်လုံးကိုကြည့်ပြီး ကမ္ဘာပျက်မယ်လို့ ‌‌ပြောဆိုတာ သိရတယ်လို့ ပြောပါတယ်။

အလားတူ ဖြစ်ရပ်မျိုး အများအပြား ရှိပါသေတယ်။

အထောက်အထားခိုင်လုံမှုရှိတဲ့ဖြစ်ရပ်မျိုးကိုသာ ရွေးချယ်ဖေါ်ပြမှာမို့ ဆက်လက်အားပေးကြပါအုံးလို့။

Knight News Team

Leave a Reply

Your email address will not be published.