အသက်နဲ့ရင်းပြီး ရေငုပ်ရှာဖွေရတဲ့ အလွန်တန်ဖိုးရှိသော ပင်လယ်သခွားသီး

အသက်နဲ့ရင်းပြီး ရေငုပ်ရှာဖွေရတဲ့ အလွန်တန်ဖိုးရှိသော ပင်လယ်သခွားသီး

သခွားသီး တစ်ကီလိုဟာ ပုံမှန်အားဖြင့် ၃ ဒေါ်လာအောက်သာ တန်ကြေးရှိပါတယ်။ ဒါပေမယ့် ပင်လယ်သခွားသီး ( Sea cucumber ) ကတော့ တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ အထက် တန်ကြေးရှိပါတယ်။

ပင်လယ်သခွားသီးလို့ ခေါ်‌ပေမယ့် ပင်လယ်ထဲမှာ သီးတဲ့ အသီးတော့မဟုတ်ပါဘူး။ ပင်လယ်သခွားသီးဟာ သက်ရှိ ဖြစ်ပါတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်မှာ ရှင်သန်နေထိုင်ကြတဲ့ ကျောရိုးမဲ့ ရေနေသတ္တဝါတစ်မျိုးပါ။ သခွားသီးနဲ့တူလို့ ပင်လယ်သခွားသီးလို့ ခေါ်ကြတာ ဖြစ်ပါတယ်။

ပင်လယ်သခွားသီး အကောင်လေးတွေဟာ ဈေးကွက်မှာ အလွန်တန်ဖိုးရှိတာကြောင့် လူတွေဟာ ‌အသက်နဲ့ရင်းပြီး ရေငုပ်ကာ အဲဒီအကောင်လေးတွေကို ရှာဖွေ ဖမ်းယူ‌ ရောင်းချကြပါတယ်။

ပင်လယ်သခွားသီး အကောင်လေးတွေဟာ အလွန်ထူးဆန်းတဲ့ တိရစ္ဆာန်တစ်မျိုးဖြစ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ ရှည်မျောမျောလေးဖြစ်ပြီး အဖုအထစ်ပါတဲ့ အရေပြားရှိပါတယ်။

သူတို့မှာ ခြေလက်အင်္ဂါနဲ့ မျက်လုံးတွေ မပါရှိကြပါဘူး။ သူတို့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ပါးစပ်နဲ့ စအိုပဲ ပါရှိပါတယ်။

ပင်လယ်သခွားသီးအကောင် မျိုးစိတ်ပေါင်း ၁၂၅၀ လောက်ရှိပါတယ်။ သူတို့ရဲ့ သိပ္ပံနာမည်ကတော့ Holothuroidea ဖြစ်ပါတယ်။ အရွယ်အစားကတော့ အနည်းဆုံး ၁.၉ စင်တီမီတာ( ၀.၇၅ လက်မ) ကနေ အများဆုံး ၆ ပေအထိ အရှည်ရှိကြပါတယ်။

တစ်ကီလိုကို ဒေါ်လာ ၃,၀၀၀ ကျော် တန်ကြေးရှိတဲ့ ပင်လယ်သခွားသီးအကောင်လေးတွေကို ကမ္ဘာတစ်ဝှမ်းက ပင်‌လယ်ရေအောက်ကြမ်းပြင်တွေမှာ တွေ့ရှိနိုင်ပါတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားတဲ့ အကောင်လေးတွေကို လူတွေကလည်း ရှာကြံပြီး စားသောက်ကြပါတယ်။

ပင်လယ်သခွားသီးအကောင်ကို တရုတ်နိုင်ငံက အများဆုံးဝယ်ယူပြီး နာမည်ကြီး ဟိုတယ်များမှာ ဈေးအကြီးဆုံး ပင်လယ်စာဟင်းလျှာအဖြစ် ချက်ပြုတ်ရောင်းချကြပါတယ်။

ပင်လယ်သခွားသီးကို ဝါးစားရင် ပျော့တော့တော့ ပျင်းတွဲတွဲ ထုတ်ထုတ်ဖြစ်နေပြီး မချိုမငန်အရသာရှိတယ်လို့ သိရပါတယ်။

ပင်လယ်သခွားသီးအ‌ကောင်တွေ ဈေးကြီးရတာက သူတို့ရဲ့အရသာကြောင့် တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုစားရတဲ့ အတွေ့အကြုံက သူတို့ရဲ့ ဆွဲဆောင်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

ပင်လယ်သခွားသီးအကောင်ရဲ့ အရေပြားထဲမှာ fucosylated glycosaminoglycan လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုး မြင့်မားစွာပါဝင်တာကြောင့် လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက အာရှတစ်ဝှမ်းက လူတွေဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့သို့ အဆစ်အမြစ်ပြဿနာများကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

မကြာသေးမီက ဥရောပမှာ အချို့သော ကင်ဆာရောဂါများကို ကုသဖို့နဲ့ သွေးခဲခြင်းကို လျော့ချဖို့အတွက် သူတို့ကို အသုံးပြုလာကြပါတယ်။

၁၉၈၀ ပြည့်နှစ်လွန်များကတည်းက အာရှဒေသမှာ ပင်လယ်သခွားသီးအကောင်တွေကို တကယ့် စားကောင်းသောက်ဖွယ် ဟင်းကောင်းတစ်ခုအဖြစ်သာမက အစွမ်းထက်ဆေးတစ်လက်အဖြစ်လည်း စားသောက်လာခဲ့ကြပါတယ်။

ယခုအခါမှာတော့ ပင်လယ်သခွားသီးအကောင်တွေကို အနောက်တိုင်းဆေးဝါး ကုမ္ပဏီများကပါ စိတ်ဝင်စားမှု မြင့်တက်လာကြပါတယ်။

ဒါကြောင့် ကမ္ဘာအနှံ့က နိုင်ငံတွေဟာ ပင်လယ်သခွားသီးအကောင်တွေကို ရှာဖွေတင်ပို့ ရောင်ချခဲ့ကြပါတယ်။

၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း ပင်လယ်သခွားသီးအကောင်တွေကို တင်ပို့ရောင်ချတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံကနေ ၈၅ နိုင်ငံအထိ တိုးတက်များပြားလာခဲ့ပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာ ပင်လယ်သခွားသီးအကောင်အရေအတွက် များစွာလျော့နည်းလာပါတယ်။ အချို့ ပင်လယ်သခွားသီးအကောင်မျိုးစိတ်တွေဆိုရင် မျိုးသုဉ်းသွားပြီ ဖြစ်ပါတယ်။ တွေ့ရှိရဖို့လည်း အင်မတန် ရှားပါးသွားပြီ ဖြစ်ပါတယ်။ဒီလို ရှားပါးလာလေ ဈေးပိုကြီးလာလေ ဖြစ်ပါတယ်။

ပင်လယ်ရေအောက်ကြမ်းပြင်မှာပဲနေတဲ့ ပင်လယ်သခွားသီးအကောင်တွေကို ရေငုပ် အင်မတန်ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေက အသက်ကိုရင်းပြီး ရှာဖွေဖမ်းယူကြပါတယ်။

အဲဒီအကောင်တွေကို ရေငုပ်ရှာ‌ဖွေရင်း သေဆုံးခဲ့တဲ့ ရေငုပ်သမားဦးရေဟာ မက်ဆီကိုနိုင်ငံ တစ်နိုင်ထဲမှာ အယောက် ၄၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

ဒီလိုမျိုး ကျွမ်းကျင်ရေငုပ်သမားတွေက အသက်ကို ရင်းပြီး ရေငုပ်ရှာဖွေပေမယ့်လည်း ပင်လယ်သခွားသီးတွေကို တွေ့ရှိရဖို့ အင်မတန်ခက်ခဲသွားပြီ ဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ပင်လယ်သခွားသီးအကောင်တွေ အအင်မတန် ရှားပါးလာပြီး ခက်ခက်ခဲခဲ ရှာဖွေရတာကြောင့် အလွန်ဈေးကြီးနေတာ ဖြစ်ကြောင်းတင်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပင်လယ်သခွားသီး‌တွေကို တနင်္သာရီကမ်းရိုးတန်း တစ်လျောက်က ဒေသခံတွေနဲ့ ဆလုံလူမျိုးတွေက အဓိကဖမ်းပြီး နိုင်ငံခြားဈေးကွက်သို့ တင်ပို့လေ့ရှိကြောင်း သိရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.