ကမ္ဘာ့ပထမဆုံးဖြစ်လာမယ့် ရေအောက်ရထားလမ်းအကြောင်း တစေ့တစောင်း
UAE ဟာ ကမ္ဘာ့နည်းပညာ အတိုးတက်မှုရှိဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး အခြားနိုင်ငံတွေထက် သာလွန်တဲ့ စံချိန်စံနှုန်းတွေကို သတ်မှတ်ပြုလုပ်ရန် အမြဲတမ်း ဦးဆောင်နေခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။
သူတို့ရဲ့ Hyperloop နှင့် မောင်းသူမဲ့ ပျံသန်းနိုင်သော ကားများမှ အမြဲတမ်း ရှေ့သို့ တက်လှမ်းနိုင်ခဲ့တဲ့အပြင် မကြာသေးမီက UAE-India Conclave ရဲ့ UAE အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ National Advisor Bureau Limited ဟာ UAE ရှိ Fujuirah နှင့် အိန္ဒိယရှိ ကာလကတ္တားတို့ ကြားမှာ လည်ပတ်နိုင်မယ့် ‘floating underwater network’ ကို အကောင်အထည်ဖော်ခဲ့ ပြန်ပါပြီ။
National Advisor Bureau Limited မှ မန်နေးဂျင်း ဒါရိုက်တာနှင့် အတိုင်ပင်ခံ အကြီးအကဲ Abdulla Alshehhi က “ဒါက အကောင်အထည်ဖော်သွားမယ့် စီမံကိန်းတစ်ခုပါ။
အိန္ဒိယ၊ ကာလကတ္တားမြို့ကို မြန်နှုန်းမြင့် ရေအောက်ရထားတွေနဲ့ ချိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။”
“ဒီစီမံကိန်းက နှစ်နိုင်ငံ ကုန်သွယ်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။ Fujairah ဆိပ်ကမ်းမှ အိန္ဒိယသို့ ရေနံနှင့် မွမ်ဘိုင်းမြောက်ဘက် Narmada မြစ်မှ ပိုလျှံတဲ့ ရေများကို တင်သွင်းမယ့်အပြင် အခြား GCC မိတ်ဖက်များဟာလည်း ပို့ကုန်နှင့် တင်သွင်းကုန်တို့ကို တိုးတက်လာစေနိုင်ပါတယ်။”
ဤအံ့သြဖွယ် အတွေးကို လက်တွေ့အကောင်အထည်ဖော်ရန် ထည့်သွင်းစဉ်းစားရမယ့် အချက်များစွာ ရှိနေပါတယ်။
ဒီအတောအတွင်းမှာလည်း ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာဟာ ဒီအတွက် ကုန်ကျစရိတ်ကို စမ်းသပ်ရန်အတွက် မကြာမီ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။
အခုလို ထူးခြားပြီး အံ့သြဖွယ်ကောင်းတဲ့ စီးနင်းမှုအတွက် ကမ္ဘာတစ်ဝှမ်းကလည်း ဒီစီမံကိန်းကို အာရုံစိုက်နေကြပြီး ကာလကတ္တားနဲ့ Fujairah တို့ ချိတ်ဆက်မယ့် ပထမဆုံး ရေအောက်ရထားတွဲကို ၂၀၂၃ ခုနှစ်မှာ အပြည့်အဝ မြင်တွေ့သွားရဖို့ စီစဉ်ထားကြပါတယ်။
ကာလကတ္တားမြို့တွင်း ရထားလမ်းကော်ပိုရေးရှင်း (KMRC) ဟာ Hooghly မြစ်အောက်သို့ ဖြတ်သန်းရန် လမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။
အရှေ့နှင့်အနောက် စင်္ကြံဟာ မီတာ ၅၀၀ ကျော်ရှိမယ့် ဤဥမင်နှစ်လုံးမှ တစ်ဆင့် ချိတ်ဆက်သွားမယ်လို့ သိရပြီး ရထားယာ Hooghly မြစ်အောက် ၁၃ မီတာ အနက်မှာ ပြေးဆွဲမှာဖြစ်ပါတယ်။
မီဒီယာများရဲ့ ဖော်ပြချက်အရ အဆိုပါ ဥမင်လိုဏ်ခေါင်း အသေးစိတ်အချက်အလက်များမှာ ရထားဟာ ရေအောက်ရှိ ၁၀ ထပ် အဆောက်အအုံနှင့်ညီမျှသော အနက်မှာ ပြေးဆွဲသွားမှာဖြစ်ပါတယ်။
ရေအောက်ရထားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ဘူတာရုံကိုလည်း အကျယ် ၁.၄ မီတာရှိသော ကွန်ကရစ်ကွင်းများဖြင့် တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဥမင်လိုဏ်ခေါင်းကို ရေဝင်ခြင်းမှ ကာကွယ်ရန် hydrophilic gasket များ ထည့်သွင်းသွားမှာပါ။
ရထားဟာ ခရီးသွားလာရန် ကြာမြင့်ချိန်ကို လျှော့ချရာမှာ အထောက်အကူဖြစ်စေမှာပါ။
လက်ရှိ ကာလကတ္တား အစိမ်းရောင်လိုင်းဟာ Phoolbagan နှင့် Sector V အကြား ၆.၉၇ ကီလိုမီတာသာ ကွာဝေးပါတယ်။ ဒါကြောင့် ဒီရထားဟာ Sector V မှ Howrah အကြား ခရီးသွားလာမှုကြာချိန်ကို လျှော့ချရာမှာ အသုံးဝင်မှာပါ။
အစီရင်ခံစာများအရ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိန္ဒိယနိုင်ငံဟာ ဒီရေအောက် လမ်းကြောင်းမှတစ်ဆင့် ရေချိုနှင့် ရေနံများကို ယူအေအီးသို့ ပံ့ပိုးပေးမှာဖြစ်တယ်လို့ သိရပါတယ်။
UAE နဲ့ အိန္ဒိယတို့ရဲ့ ဒီရေအောက် မက်ထရိုရထား ပရောဂျက်ဟာ လန်ဒန်နဲ့ ပါရီတို့ကို ဆက်သွယ်ထားတဲ့ Eurostar နှင့် နှိုင်းယှဉ်ထားကြပါတယ်။
လက်ရှိမှာတော့ ဒေလီက Hauz Khas ဟာ အနက်ရှိုင်းဆုံး မက်ထရိုဘူတာများထဲမှ တစ်ခုဖြစ်ပြီး အနက် ၂၉ မီတာ ရှိပါတယ်။
ဒါကြောင့် အခု ရေအောက်မက်ထရိုရထားက ရေအောက် ၃၃ မီတာအနက်မှ ပြေးဆွဲသွားမယ့် ကမ္ဘာ့ ပထမဆုံးနဲ့ အနက်ဆုံး မြေအောက် ဘူတာဖြစ်လာမှာဖြစ်ပြီး အကြမ်းဖျင်း ခန့်မှန်းချက်တွေအရ နှစ်နိုင်ငံအကြား တစ်မိနစ်အတွင်း ပြေးဆွဲမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီစီမံကန်းအတွက် ခန့်မှန်း ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၄၀ ဘီလီယံပါ။
Knight News Team