၆၄ ရက်ကြာ မနားတမ်း ပျံသန်းခြင်း

၆၄ ရက်ကြာ မနားတမ်း ပျံသန်းခြင်း

ရာဇဝင်တွင်ခဲ့တဲ့ ဒီပျံသန်းမှုကို Cessna-172 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ လေယာဉ်မှူးနှစ်ဦးဟာ ၆၄ ရက် ၂၂ နာရီနဲ့ ၁၈ မိနစ်ကြာအောင် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

သူတို့တင်ထားတဲ့ ပန်ကာတပ်လေယာဉ်နဲ့ပျံသန်းမှု ကမ္ဘာ့စံချိန်ဟာ ကနေ့ထိ ချိုးနိုင်သူ မရှိသေးပါဘူး။

ဖြစ်စဉ်လေးကို ကြည့်ရအောင်နော်။

Bob Timm ဟာ ငွေအကြွေစေ့တွေနဲ့ကစားရတဲ့စက်ကို ပြုပြင်ရသူ မက္ကင်းနစ်တစ်ယောက်ပါ။သူဟာ လပ်ဗီးဂတ်စ်က Hacienda Hotel မှာ အလုပ်လုပ်ပါတယ်။

တစ်နေ့မှာ သူက ဟိုတယ်ပိုင်ရှင်ကို သူ့ရဲ့အကြံအစည်ကို တင်ပြခဲ့ပါတယ်။ ပိုင်ရှင်က Warran “doc” Bailey ဖြစ်ပါတယ်။ Timm ရဲ့အကြံက လေယာဉ်တစ်စီးရဲ့ဘေးတဖက်တချက်စီမှာ ဟိုတယ် နာမည်ကိုရေးသားပြီး ပျံသန်းပြဖို့ ဖြစ်ပါတယ်။

Bailey ကသဘောတူပြီး ငွေထုတ်ပေးပါတယ်။ ဒီနည်းနဲ့ ဟိုတယ်ကို လူသိများစေနိုင်ပါတယ်။ ဒါပေမဲ့ Bailey က သက်သာတဲ့ ကြော်ငြာနည်းလမ်းဘဲ ဖြစ်စေချင်ပါတယ်။

ဒါကြောင့် ကင်ဆာသု‌တေသနဖေါင်ဒေးရှင်းတစ်ခုကို ရန်ပုံငွေ ရှာတဲ့အနေနဲ့ ပူးပေါင်းဖို့ စီစဉ်လိုက်ပါတယ်။

လူတွေကစိတ်ဝင်စားလာပြီး ခရီးစဉ်နဲ့ ကုန်ကျငွေကို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ ဒါကို ပဟေဠိလို လုပ်ပြီး မှန်အောင်မှန်းဆနိုင်သူကို ဒေါ်လာ ၁၀၀၀၀ ပေးဖို့ကြေငြာခဲ့ပါတယ်။

Timm ဟာ ပျံသန်းမယ့် လေယာဉ်ကို ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ လေယာဉ်အတွင်းပိုင်းပစ္စည်းတချို့ကို ဖြုတ်ပစ်ပြီး ဝမ်းဗိုက်မှာ ဆီတိုင်ကီ အပိုတစ်ခုကို တပ်ဆင်ပါတယ်။

တွဲဖက်လေယာဉ်မှူးရဲ့ တံခါးကိုဖြုတ်ပြီး ပလက်ဖေါင်းတစ်ခုကို တပ်ပါတယ်။ ဆီဖြည့်ရာမှာ သုံးဖို့ဖြစ်ပါတယ်။ လေယာဉ်မှူးတွေ သန့်ရှင်းရေးလုပ်ဖို့ ရေစိမ့်ကန်အပေါက်တစ်ခု လုပ်ပါတယ်။ တကယ်တော့ Timm ကအတွေ့အကြုံရှိ လေယာဉ်မှူးတစ်ဦး ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်မှာ ပါဝင်ခဲ့သူပါ။ လေယာဉ်ကိုပြင်ဆင်ဖို့ အချိန်တစ်နှစ်လောက် ယူခဲ့ရပါတယ်။ စမ်းသပ်ပျံသန်းမှုကို ၁၇ ရက်ကြာအောင် ပြုလုပ်ခဲ့ပါတယ်။

Bob Timm

Timm ဟာတွဲဖက်လေယာဉ်မှူးရှိပေမယ့် သူ့ကိုစမ်းသပ်စဉ်မှာ မသုံးခဲ့ပါဘူး။ John Cook ဟာ တွဲဖက်လေယာဉ်မှူးပါ။ သူကလေယာဉ်မောင်းတစ်ဦးဖြစ်သလို လေယာဉ်မက္ကင်းနစ် တစ်ယောက်လဲ ဖြစ်ပါတယ်။

ခရီးစဉ်ကို လပ်ဗီးဂတ်စ်ရဲ့ McCarran လေယာဉ်ကွင်းက စတင်ခဲ့ပါတယ်။ လေယာဉ်ဟာ ပေါင် ၃၅၀ ကနေ ၄၀၀ လောက်ပိုနေပေမယ့် FAA ရဲ့ အထူးခွင့်ပြုချက် ရခဲ့ပါတယ်။

လေယာဉ်ကို တစ်နေ့နှစ်ကြိမ် ဆီဖြည့်ပါတယ်။ ဆီတင်ကားဟာ လေယာဉ်လမ်းကြောင်းတစ်လျောက် မြေပြင်ကလိုက်ပါလာပါတယ်။

ဆီဖြည့်ရာမှာ အထူးပြုလုပ်ထားတဲ့ ပလက်ဖေါင်းမှတဆင့် ပြုလုပ်ပါတယ်။ ပလက်ဖေါင်းမှာတပ်ထားတဲ့ချိတ်က ဆီပိုက်ကို ဆွဲတင်ပါတယ်။ ဒီနည်းနဲ့လေယာဉ်ကိုဆီဖြည့်ပါတယ်။

ဆီနဲ့အတူ ရေနဲ့ ရိက္ခါကိုပါ ဖြည့်တင်းပါတယ်။ အကြိမ်ပေါင်း ၁၂၈ ကြိမ်ပါ။ လေယာဉ်မှူးတွေဟာ အခြားစက်ချို့ယွင်းမှုတွေလဲ ကြုံရပါတယ်။ တခြားစိတ်ဖိစီးမှုတွေလဲ ရှိပါတယ်။

အိပ်ချိန်နည်းပါးတာ လှုပ်ရှားမှု နည်းပါးတာ တွေ ကြုံရပါတယ်။ ကျဉ်းကြပ်တဲ့နေရာထဲမှာ တလျောက်လုံး နေကြရပါတယ်။ခရစ်စမတ်တို့၊ နယူးရီးယားတို့ကိုလဲ မဆင်နွဲနိုင်ပါဘူး။

၁၉၅၉ ခုနှစ်၊ဇန္နဝါရီလ ၂၃ မှာတော့ Dallas မှာတင်ထားတဲ့ တခြားသူတစ်‌ယောက်ရဲ့ စံချိန်ဟောင်းကို ချိုးပြီး စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါပြီ။

သူတို့က မရပ်တန့်ချင်သေးပါဘူး။ သူတို့ နောက်ထပ် ၁၅ ရက်ကြာအောင် ပျံခဲ့ကြပါတယ်။ ၁၉၅၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ကြမှ McCarran လေဆိပ်မှာဘဲ ပြန်လည်ဆင်းသက်ခဲ့ပါတယ်။

Timm က ဟိုတယ်မှာ ပြန်အလုပ်ဝင်ပြီး Cook ကတော့ ခရီးသည်တင်လေယာဉ်မောင်းပါတယ်။ လေယာဉ်ကိုတော့ ဟိုတယ်မှာ ၂ နှစ်လောက်ပြသထားပါတယ်။ ပြီးမှ ကနေဒါက လူတစ်ယောက်ကို ရောင်းလိုက်ပါတယ်။

Timm ဟာ ၁၉၇၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မသေမီ သူ့သားကို လေယာဉ်အား ပြန်ရှာဖို့ မှာခဲ့ပါတယ်။ သားဖြစ်သူ Steve ဟာ ဖခင်ဆန္ဒအတိုင်းလေယာဉ်ကို ရှာဖွေရာမှာ Saskatchewan မှာ တွေ့ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ လပ်ဗီးဂတ်စ်ကို ပြန်လည်ယူဆောင်ခဲ့ပါတယ်။

၁၉၉၂ ခုနှစ်မှာတော့ McCarran ရဲ့ လေကြောင်းပြတိုက်မှာ ပြသထားခဲ့ပြီးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.