ကမ္ဘာပေါ်က အလှပဆုံးနဲ့ ထူးခြားဆန်းပြားဆုံး လိုဏ်ဂူများ

ကမ္ဘာပေါ်က အလှပဆုံးနဲ့ ထူးခြားဆန်းပြားဆုံး လိုဏ်ဂူများ

ကမ္ဘာပေါ်တွင် အံ့ဩဖွယ်အကောင်းဆုံးမြင်ကွင်း တချို့ကို လိုဏ်ဂူများအတွင်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဂူကြီးများ၊ ဥမင်လိုဏ်ခေါင်းကြီးများဟာ ကမ္ဘာ့မြေမျက်နှာပြင်မှာ သဘာဝအလျောက် ဖြစ်ပေါ် လာကြခြင်းဖြစ်ပြီး အံ့ဩဖွယ်ရကောင်းသော အရာများကို ၎င်းလိုဏ်ဂူများအတွင်း သိုဝှက်ထားတတ်ကြပါတယ်။

ထိုသို့ ထူးခြားဆန်းပြားလှသော လိုဏ်ဂူကြီးများအကြောင်းကို စာဖတ်သူတို့ ဗဟုသုတရစေရန်အလို့ငှာ ထုတ်နုတ်ဖော်ပြသွားပါမယ်။

အပြာရောင် ဂရာတို ပင်လယ်ဂူ၊ အီတလီ (The Blue Grotto in Capri, Italy)

အပြာရောင် ဂရာတိုပင်လယ်ဂူသည် အီတလီနိုင်ငံ၊ ကပ်ပရီကျွန်း၏ သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်သည်။

၎င်းပင်လယ်လိုဏ်ဂူသည် ကပ်ပရီကျွန်း၏ ကမ်းရိုးတန်းတွင်တည်ရှိပြီး လူသိများသော လိုက်ဂူတစ်ခုလည်း ဖြစ်သည်။

ဂူထဲသို့ဝင်သော အပေါက်သည် တစ်ကြိမ်လျှင် လှေတစ်စီးသာ ဝင်နိုင်သည့် ဝင်ပေါက်ငယ်တစ်ခုဖြစ်ပြီး ၎င်းဝင်ပေါက်ငယ် အောက်ဘက် ရေအောက်ထဲတွင် အပေါက်အကြီး တစ်ခုရှိသည်။

ရေမျက်နှာပြင်အထက်တွင် မြင်တွေ့ရသည့် လိုဏ်ဂူသို့ဝင်သော ဝင်ပေါက်ငယ်မှ တောက်ပသော အဖြူရောင်အလင်းတန်းများ ဝင်ရောက်ပြီး ရေအောက်တွင်ရှိသော အပေါက်ကြီးမှ အပြာရောင်အလင်းက ရေမျက်နှာပြင်တွင် ဖြာထွက်လာခြင်းဖြစ်ကာ လိုဏ်ဂူအတွင်း အပြာရောင်အလင်းများဖြင့် လင်းထိန်နေသည်ကို တွေ့ရသည်။

သလင်းကျောက်လိုဏ်ဂူ၊ မက္ကဆီကို (Cave of the Crystals in Chihuahua, Mexico

မက္ကဆီကိုနိုင်ငံ ချီဟွားဟွားပြည်နယ်တွင်ရှိသော သလင်းကျောက်လိုဏ်ဂူကို ၂၀၀၀ ပြည့်နှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး တွေ့ရှိခဲ့သမျှ သလင်း ကျောက်လိုဏ်ဂူများထဲတွင် အကြီးမားဆုံးသော လိုက်ဂူဖြစ်ကာ သဘာဝဆယ်လီနိုက် ပုံဆောင်ခဲများဖြင့် ပြည့်နှက်နေသည်။

လိုဏ်ဂူအတွင်း၌ တွေ့ရှိရသည့် အကြီးဆုံးသော သလင်းကျောက်သည် အလျား ၁၂ မီတာနှင့် အချင်း ၄ မီတာရှိသည်ကို တွေ့ရသည်။

လိုဏ်ဂူအတွင်း ပျမ်းမျှအပူချိန်မှာ ၅၀ ဒီဂရီစင်တီဂရိတ် မှ ၅၈ ဒီဂရီစင်တီဂရိတ်ထိဖြစ်ပြီး စိုထိုင်းဆသည် ၉၀ ရာခိုင်နှုန်းမှ ၉၉ ရာခိုင်နှုန်းထိရှိကြောင်း လေ့လာတွေ့ရှိရသည်။

အကာအကွယ်ပစ္စည်းများ ဝတ်စုံပြည့်ဝတ်ဆင်ကာ ၎င်းလိုဏ်ဂူသို့ ဝင်ရောက်လျှင်ပင် မိနစ် ၃၀ ထက်ပို၍ မနေနိုင်သဖြင့် အသေးစိတ်ကျသော စူးစမ်းလေ့လာမှုမျိုးကိုမူ မပြုလုပ်နိုင်သေးချေ။

ဂျစ်ပဆမ်သတ္တုဓာတ်များကြွယ်ဝသော မြေအောက်ရေသည် သလင်းကျောက်လိုဏ်ဂူအတွင်းသို့ စိမ့်ဝင်လေ့ရှိပြီး ဂူအောက်ရှိ ကျောက်ရေပူကန်ကြောင့် မြေအောက်ရေသည် နှစ်ပေါင်း ၅၀၀၀၀၀ ကြာသည့်တိုင် အပူချိန်သည် ၅၀ ဒီဂရီစင်တီဂရိတ်တွင် တည်ရှိနေခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေများကြောင့် ဆယ်လီနိုက် ပုံဆောင်ခဲများဖြစ်ပေါ် လာပြီး ၎င်းတို့ကို ကြီးမားသော အရွယ်အစားထိ ကြီးထွားလာစေသည်။

ဖင်ဂယ်လ်လိုဏ်ဂူ၊ စကော့တလန် (Fingal’s Cave in Staffa, Scotland)

ဖင်ဂယ်လ်လိုဏ်ဂူသည် စကော့တလန်နိုင်ငံ စတာဖာကျွန်းရှိ ပင်လယ်လိုဏ်ဂူတစ်ခုဖြစ်သည်။ ၁၈ ရာစု စကော့တလန်ကဗျာဆရာလည်းဖြစ် သမိုင်းပညာရှင်လည်းဖြစ်သူ James Macpherson ၏ စာအုပ်ထဲတွင် ဖင်ဂယ်လ်ကို သူရဲကောင်း၏ အမည် အဖြစ် ရေးသားခဲ့ပြီးနောက် ဖင်ဂယ်လ်ဂူကို လူသိများလာခဲ့သည်။

စကော့တလန်နိုင်ငံ စတာဖာကျွန်းတွင်တည်ရှိသည့် အဆိုပါ ရင်သပ်ရှုမောဖွယ် ပင်လယ်လိုဏ်ဂူသည် အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် သဘာဝအတိုင်း ခေါင်မိုးခုံးများကြောင့် လေ့လာသူတို့၏ စိတ်ဝင်စားခြင်းကို ခံရသည်။

၎င်း၏သဘာဝအတိုင်း ဖြစ်တည်နေ သည့်လိုဏ်ဂူသဏ္ဌာန်သည် အတွင်းသို့ဝင်လာသော လှိုင်းများကို ကြောက်မက်ဖွယ်အသံများအဖြစ် ဖန်တီး ပြောင်းလဲတတ်သည်။

အမြင့် ၇၂ ပေနှင့် ပေ ၂၇ဝ အနက်ရှိသော ၎င်းပင်လယ်လိုဏ်ဂူသည် လာရောက် လေ့လာသူများ၏ အမြင်အာရုံကို အံ့မခန်းဖြစ်စေပြီး သေသပ်သပ်ရပ်စွာ ဖြစ်တည်နေသော ခြောက်ထောင့်တိုင်များဖြင့် အတွင်းပိုင်းနံရံများကို ဖန်တီးထားသည်။

ထို့ပြင် ၎င်းလိုက်ဂူသည် ရှေးခေတ် အိုင်ယာလန်နှင့် စကော့တလန်ရှိ ဆဲလ်တစ်လူမျိုးများ၏ ဏ္ဍာရီများတွင် အံ့ဖွယ်နေရာတစ်ခုဖြစ်ပြီး အရေးပါသော နေရာတစ်ခုလည်း ဖြစ်သည်။

၎င်းလိုဏ်ဂူကို သံစဉ်များဖြင့် ဂူ “The Cave of Melody” ဟုလည်း ခေါ်ဆိုကြသည်။ အိုင်ယာလန်တွင် ဖင်ဂယ်လ် ပင်လယ်ဂူကဲ့သို့ ခြောက်ထောင့်တိုင်များဖြင့် သဘာဝအတိုင်း အလားတူဖြစ်ပေါ်နေသော ကြီးမားသော တာရိုးလမ်းလည်း ရှိသည်။

Giant’s Causeway ခေါ် ကြီးမားသောတာရိုးလမ်းနှင့် ပင်ဂယ်လ်ပင်လယ်ဂူ နှစ်ခုစလုံးသည် ရှေးယခင်က တူညီသောချော်ရည် စီးဆင်းမှုမှဖန်တီးထားခြင်းဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိရသည်။

ဝိတ်တိုမို ပိုးစုန်းကြူး လိုဏ်ဂူများ၊ နယူးဇီလန်နိုင်ငံ (Waitomo Glowworm Caves in Waitomo, New Zealand)

နယူးဇီလန်ကျွန်းနိုင်ငံ ဝိတ်တိုမိုရွာရှိ ဝိတ်တိုမို ပိုးစုန်းကြူးဂူများအတွင်း သွားရောက်လည်ပတ်ကြသည့်အခါ ဒဏ္ဍာရီပုံပြင်ထဲသို့ လျှောက်လှမ်းနေရ သကဲ့သို့ပင် ခံစားကြရမည်ဖြစ်သည်။

ပိုးစုန်းကြူးများအတွင်း အလင်းရောင်လေးများ ထုတ်ပေးသည့်အရာမှာ အမှန်တကယ် ပိုးစုန်းကြူးအကောင်များ မဟုတ်ပေ။ Arachnocampa luminosa ဟုခေါ် သော နယူးဇီလန်တွင်သာ အစုလိုက်ပေါက်လေ့ရှိသော မှိုမျိုးစိတ်တစ်ခုဖြစ်သည်။

၎င်းတို့ဆီမှ စိမ်းပြာရောင် ဇီဝပြာထွက်မှုကို ထုတ်ပေးသည်။ ၎င်းမျိုးစိတ်များသည် အမိုးအကာရှိပြီး စိုထိုင်းဆများသောဂူများအတွင်းနှင့် ဒေသရင်းချုံပုတ်များရှိရာ နေရာများတွင် ပေါက် ရောက်လေ့ရှိသည်။

ထိုသို့ တောက်ပသော ပိုးစုန်းကြူး ဂူများသည် နယူးဇီလန်သို့ အလည်အပတ် လာသူများကို ဆွဲဆောင်နေသော နေရာတစ်ခု ဖြစ်သည်။

ခရူးဘားလိုဏ်ဂူ ၊ ဂျော်ဂျီယာနိုင်ငံ (Krubera Cave in Abkhazia, Georgia)

ခရူးဘားလိုဏ်ဂူကို ၁၉၆ဝ ပြည့်နှစ်၌ ရှာဖွေတွေ့ရှိခဲ့ပြီး ၂၁၉၆ မီတာကျော် အနက်ရှိသည့် ကမ္ဘာပေါ်တွင် အနက်ရှိုင်းဆုံး တစ်ခုဖြစ်သည်။

ခရူးဘားလိုဏ်ဂူကို ၁၉၈ဝ ပြည့်နှစ်ကစပြီး ဗိုရွန်ဂျာဂူဟုလည်း ခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆိုရခြင်းသည် အဝင်ဝတွင် ကျီးကန်းများစွာ၏ အသိုက်များရှိသောကြောင့် ဖြစ်ပါသည်။

Source-Yadanarpon Daily News

Leave a Reply

Your email address will not be published.