ကမ္ဘာ့အသက်ငယ်ဆုံး မိခင်ဖြစ်ခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့အကြောင်း

ကမ္ဘာ့အသက်ငယ်ဆုံး မိခင်ဖြစ်ခဲ့တဲ့ ကလေးမလေးတစ်ယောက်ရဲ့အကြောင်း

ဒါကတော့ ဒဏ္ဍာရီတစ်ပုဒ်မဟုတ်ပဲ အပြင်မှာ တကယ်တည်ရှိခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။

ကမ္ဘာပေါ်မှာ အသက်မပြည့်သေးပဲ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အမျိုးသမီးငယ်လေးတွေ မြောက်များစွာရှိခဲ့ကြပေမဲ့ Lina ရဲ့ အဖြစ်ကတော့ အသက် ၅ နှစ် အရွယ်မှာပဲ မိခင်တစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

စာဖတ်သူဟာ ၅ နှစ်ကို ကျွန်တော် စာရိုက်တာ မှားနေတယ်လို့ ထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ တကယ်တော့ ၁၉၃၉ ခုနှစ်၊ပီရူးနိုင်ငံမှာ Lina Medina လို့ အမည်ရတဲ့ ကလေးမလေးဟာ အသက် ၅ နှစ်အရွယ်မှာပဲ Gerardo ဆိုတဲ့ ရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။

၁၉၃၉ နွေဦးမှာ ဝေးလံခေါင်သီလှတဲ့ ပီရူးကျေးရွာလေးရှိ မိဘများဟာ သူတို့ရဲ့ ၅ နှစ်အရွယ် သမီးငယ်လေးမှာ ဗိုက်ကြီးနေပြီဖြစ်ကြောင်း သတိပြုမိခဲ့ကြပါတယ်။

အစကတော့ ဝမ်းဗိုက် ရောင်ရမ်းခြင်း ဖြစ်နေတယ်လို့ ထင်ခဲ့ကြတာကြောင့် ကလေးမလေးကို ဆရာဝန်ထံ သွားရောက်ပြသခဲ့ကြပါတော့တယ်။

အဲ့ဒီမှာတော့ ဆရာဝန်ရဲ့ တွေ့ရှိချက်ကြောင့် မိဘတွေလည်း တုန်လှုပ်ထိတ်လန့်ခဲ့ရပါတော့တယ်။ သူတို့ရဲ့ သမီးလေး Lina Medina ဟာ ကိုယ်ဝန် ၇ လ ရှိနေကြောင်း ဆရာဝန်က ပြောကြားခဲ့လို့ပါပဲ။

အဲ့လိုနဲ့ မေလ ၁၄ ရက် ၁၉၃၉ မှာ Lina က ကျန်းမာတဲ့ သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ ဗိုက်ခွဲမွေးနိုင်ခဲ့ပါတယ်။

Lina ဆိုတဲ့ ကလေးမလေးဟာလည်း အသက် ၅ နှစ်၊ ၇ လနဲ့ ၂၁ ရက် အရွယ်မှာပဲ သူမဟာ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး မိခင်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတော့တယ်။

Lina ဆိုတဲ့ ကလေးမလေးဟာ သူမွေးဖွားခဲ့တဲ့ သားလေးနဲ့ အသက် ၅ နှစ်ကျော်သာ ကွာခြားခဲ့ပါတယ်။

Lina ရဲ့ ဖြစ်ရပ်ဟာ ကလေးအထူးကုဆရာဝန်များကို အံ့အားသင့်စေခဲ့ပြီး သူမနဲ့ သူမမိသားစုဟာလည်း နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေကို ခံခဲ့ရပါတယ်။

သူမ သေဆုံးသွားအချိန်ထိ Lina ဟာ သူမရင်သွေးလေးရဲ့ ဖခင်ဟာ မည်သူဖြစ်ကြောင်းကို အာဏာပိုင်များကို တစ်ခါမျှ မပြောခဲ့ပါဘူး။

Linaနဲ့သူမမိသားစုဟာလည်း လူသိရှင်ကြား မေးမြန်းမှုတွေကို ရှောင်ဖယ်ခဲ့ပြီး အင်တာဗျူး အခွင့်အရေးတွေကိုလည်း ရှောင်ရှားခဲ့ပါတယ်။

ကမ္ဘာ့အငယ်ဆုံး မိခင်ကိစ္စနှင့်ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေခဲ့တာကတော့ အသေအချာပင်ဖြစ်ပြီး Lina Medina ကိုယ်ဝန်ရှိပုံနဲ့ ရင်သွေးရဲ့ဖခင်မှာ ဘယ်သူဖြစ်နေမလဲဆိုတာတွေက ကမ္ဘာတစ်ဝှမ်းမှာ သီအိုရီတွေ အမြောက်အများ ထွက်ပေါ်စေခဲ့တဲ့အထိပါပဲ။

အဲ့ဒီသီအိုရီတွေထဲက ပထမသီအိုရီကတော့ အရွယ်မတိုင်ခင် ပျိုဖော်ဝင်စောခဲ့ခြင်းပါပဲ။ သဘာဝအတိုင်း စဥ်းစားကြည့်မယ်ဆိုရင်တောင် ၅ နှစ် အရွယ် ကလေးငယ်လေးဟာ ကိုယ်ဝန်လွယ်ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။

ဒါကြောင့် ကလေး အထူးကုတွေက Lina ရဲ့ ဖြစ်စဥ်ကို precocious puberty (အရွယ်မတိုင်မီ ပျိုဖော်ဝင်ခြင်း) လို့ ကောက်ချက် ချခဲ့ကြပါတယ်။

ဒီဖြစ်စဥ်ဟာ ကလေး ၁၀,၀၀၀ မှာမှ ၁ ယောက်သာ ဖြစ်တဲ့ဖြစ်စဥ်မျိုးဖြစ်ပြီး တခါတရံမှာ အရွယ်မတိုင်ခင် အပျိုဖော်ဝင်ခြင်းရဲ့ အကြောင်းရင်းတွေက ကလေးတစ်ယောက်နဲ့တစ်ယောက် ကွာဟနေနိုင်ပါတယ်။

သို့သော်လည်း မကြာသေးမီက လေ့လာမှုများအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေးငယ်များယာ သူတို့ရဲ့ ရွယ်တူများထက် ပျိုဖော်ဝင်ချိန်ကို ပိုမိုမြန်ဆန်စွာ ဖြတ်သန်းနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံခြင်းဟာ ပျိုဖော်ဝင်တာ မြန်လာနိုင်တယ်လို့ သံသယတွေ ရှိနေပါတယ်။ Lina Medina ရဲ့ ဖြစ်ရပ်မှာ အထူးကုတစ်ဦးက သူမဟာ အသက် ၈ လ အရွယ်မှာပဲ ပထမဆုံး ဓမ္မတာလာခဲ့ကြောင်း ဆေးပညာဂျာနယ်တစ်ခုထံ အစီရင်ခံ တင်ပြခဲ့ပါတယ်။

သို့သော်လည်း အခြားသော အစီရင်ခံချက်များမှာတော့ စမ္မတာလာချိန်၌ Lina ဟာ ၃ နှစ်အရွယ်သာ ရှိသေးကြောင်း အခိုင်အမာဆိုထားခဲ့ပါတယ်။

ဘာပဲပြောပြော ဓမ္မတာဖြစ်စဥ်အတွက် အသက် ၈ လ နဲ့ ၃ နှစ်တို့ဆိုတာဟာ အံ့သြစရာကောင်းလောက်အောင် စောစောစီးစီး စတင်ခဲ့တာပါပဲ။

နောက်သီအိုရီကတော့ ကလေးရဲ့ဖခင်နဲ့ သက်ငယ်မုဒိန်း ဆက်စပ်နေမှုပါပဲ။ Lina ဟာ သူမရဲ့ ဆရာဝန်များကို ကလေးဖခင်က ဘယ်သူလဲ သို့မဟုတ် သူမရဲ့ကိုယ်ဝန်ကို ဖြစ်ပေါ်စေခဲ့တဲ့ နှိပ်စက်မှုဆန်စေခဲ့တဲ့ အခြေအနေများကို ဘယ်တုန်းကမှ မပြောပြခဲ့ပါဘူး။

ဒါမှမဟုတ်လည်း ငယ်ရွယ်လွန်းတာကြောင့် သူ့ကိုယ်သူတောင် သိလိုက်မယ့်ပုံ မပေါ်ပါဘူး။

ဒေါက်တာ Escomel ကတော့ ဖခင်အကြောင်းကို မေးမြန်းခဲ့ရာမှာ Lina ဟာ တိကျတဲ့ တုံ့ပြန်မှုမျိုးကို မပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေသခံ ပန်းထိမ်ဆရာဖြစ်တဲ့ Lina ရဲ့ ဖခင် Tiburelo ကတော့ သူ့သမီးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ သံသယရှိမှုအတွက် ခေတ္တဖမ်းဆီးခံခဲ့ရပါတယ်။

သို့သော်လည်း သူ့ကို စွဲချက်တင်ဖို့ သက်သေအထောက်အထား မတွေ့ခဲ့တာကြောင့် သူ့ကို ပြန်လွှတ်ခဲ့ပါတော့တယ်။ Tiburelo ဟာ ဆင်းရဲပေမဲ့ သူ့သမီးကို မုဒိမ်းကျင့်လောက်တဲ့အထိ အသိဥာဏ်မျိုး မရှိကြောင်း ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပါတယ်။

lina က သူမရဲ့သားလေးကို မွေးဖွားပြီး နောက်နှစ်များမှာတော့ အချို့သတင်းဌာနများက သူမရဲ့ ရွာအနီးမှာ ကျင်းပခဲ့တဲ့ ပွဲတော်များအတွင်း Medina ကို တစ်စုံတစ်ယောက်က အဓ္ဓမပြုကျင့်ခဲ့တာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခဲ့ပေမဲ့လည်း အထောက်အထားတွေမရှိတာကြောင့် သီအိုရီတွေမျှသာ ဖြစ်ပါတယ်။

Lina Medina ရဲ့ ကိုယ်ဝန်ကို သိရှိပြီးတာနဲ့ တစ်ကမ္ဘာလုံးမှ အာရုံစိုက်မှုရရှိခဲ့ပါတယ်။ ပီရူးရှိ သတင်းစာများက Lina အား အင်တာဗျူးနဲ့ ရုပ်ရှင်ရိုက်ခွင့်တွေအတွက် ဒေါ်လာထောင်ပေါင်းများစွာ ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

တစ်ချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုရှိ သတင်းစာများဟာ ကမ္ဘာ့အငယ်ဆုံး မိခင်ကိုလည်း အင်တာဗျူးရန် ကြိုးပမ်းခဲ့ကြပေမဲ့ Lina ရော မိသားစုဝင်တွေကပါ ငြင်းဆန်ခဲ့ကြပါတယ်။

Lina ဟာ ဘဝတစ်လျှောက်လုံးမှာ သူမရဲ့ကိုယ်ဝန်တဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့တယ်။

သတင်းစာတွေ၊ အင်တာဗျူးတွေနဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုတွေတိုင်းကို ငြင်းဆန်သွားခဲ့ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ သူမရဲ့သားလေးနဲ့ နေထိုင်အသက်ရှင်သွားခဲ့ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.