ကမ္ဘာ့သမိုင်း အချိုးအကွေ့ဖြစ်ခဲ့တဲ့ ဘင်လာဒင်ရဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအကြောင်း

ကမ္ဘာ့သမိုင်း အချိုးအကွေ့ဖြစ်ခဲ့တဲ့ ဘင်လာဒင်ရဲ့ 9/11 အကြမ်းဖက်တိုက်ခိုက်မှုအကြောင်း

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်နေ့မှာ အစ္စလာမ်မစ် အစွန်းရောက် အယ်လ်ကိုင်းဒါ အဖွဲ့ဟာ အမေရိကန်နိုင်ငံကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

လေယာဉ် လေးစင်းကို ပြန်ပေးဆွဲပြီး နယူးယောက်မြို့မှာရှိတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဝင်တိုက်ခဲ့တဲ့ အတွက်ကြောင့် လူပေါင်း ၃ ထောင်နီးပါး သေဆုံးခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ကြောင့် အမေရိကန်ကလည်း အကြမ်းဖက်မှု တုံ့ပြန်တဲ့ စစ်ပွဲလို့ ခေါ်ဆိုကာ နိုင်ငံ၂ နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ဒီဖြစ်စဥ်ဟာ ကမ္ဘာ့ပြောင်းလဲမှု အဖြစ်စေခဲ့ဆုံးနဲ့ ထိတ်လန့်ဖွယ်အဖြစ်ရဆုံး ဖြစ်စဥ်မလို့ 9/11တိုက်ခိုက်မှုဖြစ်စဥ်အကြောင်းတွေကို ပြန်ကြည့်လိုက်ရအောင်ပါ။

အမေရိကန်နိုင်ငံ စီးပွားရေးအင်အားရဲ့ပြယုဂ်လို့ တင်စားထားတဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ ညီနောင်တာဝါ ပြိုကျစေခဲ့တာမှ အစပြုခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကို ဘင်လာဒင် ကြိုးကိုင်တဲ့ အယ်လ်ကေးဒါးအဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

ဘင်လာဒင်တို့ဟာ အမေရိကန် ခရီးသည်တင် လေယာဉ် ၄ စင်းကို ပြန်ပေးဆွဲပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၊ ပင်တဂွန်စစ်ဌာနချုပ်နဲ့ ဝါရှင်တန်ဒီစီတို့ကို တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်ခဲ့တာပါ။

ဖြစ်ပုံကို ပြန်ကြည့်ရရင် လေယာဉ်နှစ်စင်း ဝင်တိုက်လို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ ညီနောင်တာဝါ ပြိုကျခဲ့ပြီး နောက်ထပ် လေယာဉ်တစ်စင်းကြောင့် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ဒီစီကို ဦးတည်ခဲ့တဲ့ ခရီးသည်တင်လေယာဉ်ပေါ်မှာ ခရီးသည်တွေက အကြမ်းဖက်သမားတွေကို တွန်းလှန်တိုက်ခိုက်ခဲ့လို့ ပင်ဆယ်ဗေးနီးယားပြည်နယ် လယ်ကွင်းထဲမှာပဲ ပျက်ကျသွားခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ အစီအစဉ် မအောင်မြင်ခဲ့ပါဘူး။

ဒီဖြစ်စဥ်ဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အမေရိကန်ရဲ့ အဓိက အစပျိုးလုပ်ဆောင်မှုများနဲ့ George W. Bush ရဲ့ သမ္မတ အရည်အသွေးကို သတ်မှတ်ပေးခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာ

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ဂျက် ဆီဂါလံ ၂၀,၀၀၀ တင်ဆောင်လာသော အမေရိကန်လေကြောင်းလိုင်း ဘိုးရင်း ၇၆၇ ဟာ နယူးယောက်စီးတီးရှိ ကမ္ဘာ့ကုန်သွယ်ရေး စင်တာရဲ့ မြောက်ဘက်မျှော်စင်ပေါ်သို့ ပျက်ကျခဲ့ပါတယ်။

အထပ် ၁၁၀ ထပ်မြင့်တဲ့ မိုးမျှော်တိုက်ရဲ့ အထပ် ၈၀ အနီးမှာ မီးလောင်နေတဲ့ အပေါက်ကြီးတစ်ခု ပွင့်ထွက်သွားခဲ့သလို လူပေါင်းရာနှင့်ချီ ချက်ချင်း သေဆုံးခဲ့ကာ ရာနှင့်ချီသော လူထုဟာလည်း တိုက်ကြီးရဲ့ အထပ်တွေမှာ ပိတ်မိနေခဲ့ပါတယ်။

မျှော်စင်နဲ့ သူ့ရဲ့အမွှာ မျှော်စင်တို့ကို ကယ်ဆယ်ရေး စတင်နေချိန်မှာပဲ မြောက်များလှစွာတဲ့ ရုပ်မြင်သံကြားကင်မရာများက ထူးထူးခြားခြား မတော်တဆဖြစ်ပုံလို့ ယူဆခဲ့ကြပြီး အဖြစ်အပျက်များကို တိုက်ရိုက်ထုတ်လွှင့်နေခဲ့ကြပါတယ်။

အဲ့ဒီနောက် ပထမလေယာဉ်နဲ့ တိုက်မိပြီး ၁၈ မိနစ်အကြာတွင် ဒုတိယမြောက် အမေရိကန် လေကြောင်းလိုင်း ဘိုးရင်း ၇၆၇၊ အမှတ် ၁၇၅ လေယာဥ်ဟာ မီးခိုးငွေ့တွေကြားက ကောင်းကင်ယံမှာ ရုတ်တရက်ထွက်ပေါ်လာပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ညီနောင်အဆောက်အဦးကြီးဆီသို့ လျင်မြန်စွာ လမ်းကြောင်းပြောင်းသွားရင်း ၆၀ ထပ်အနီး တောင်ဘက်မျှော်စင်သို့ ဝင်တိုက်ခဲ့ပါတော့တယ်။

အဆိုပါ ဝင်တိုက်မှုကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများနဲ့ အောက်လမ်းများပေါ်သို့ အပျက်အစီးများ ပြန့်ကျဲသွားရင်း လောင်ကျွမ်းခဲ့လို့ ပေါက်ကွဲမှုကြီးတစ်ခု ထပ်မံဖြစ်ပွားခဲ့ရပါတယ်။ ဒီအချိန်မှာတော့ အမေရိကန်တို့ဟာ တိုက်ခိုက်ခံနေရကြောင်း သိလာခဲ့ရပါတော့တယ်။

ပင်တဂွန်တိုက်ခိုက်မှု

နယူးယောက်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို လူပေါင်းသန်းနဲ့ချီပြီး ကြည့်ရှုနေစဉ်မှာပဲ အမေရိကန်လေကြောင်းလိုင်း အမှတ် ၇၇ ဟာ ဝါရှင်တန်ဒီစီမြို့လယ်ကို လှည့်ပတ်ခဲ့ပြီး မနက် ၉ နာရီ ၄၅ မိနစ်မှာ ပင်တဂွန်စစ်ဌာနချုပ် အဆောက်အဦဆီသို့ ဦးတည်ပြီး ပျက်ကျလာခဲ့ပါတယ်။

လေယာဥ်မှ ဂျက်ဆီလောင်စာတွေဟာ အမေရိကန် ကာကွယ်ရေးဌာနရဲ့ ဌာနချုပ်ဖြစ်သည့် ဧရာမကွန်ကရစ်အဆောက်အအုံရဲ့ အစိတ်အပိုင်းတစ်လုံးကို ပြိုကျစေခဲ့တဲ့အထိ ဆိုးရွားပြင်းထန်တဲ့ လောင်ကျွမ်းမှုကြီးကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်မှာ စစ်ဘက်ဝန်ထမ်း ၁၂၅ ဦးနှင့် အရပ်သား ၁၂၅ ဦး သေဆုံးခဲ့ပြီး လေယာဉ်ပေါ်ပါ လူ ၆၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ ညီနောင်တာဝါ ပြိုကျ

အမေရိကန်စစ်တပ်ရဲ့ အာရုံကြောဗဟိုကို အကြမ်းဖက်သမားများက တိုက်ခိုက်ပြီးနောက် ၁၅ မိနစ်မပြည့်မီမှာပဲ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာရဲ့ တောင်ဘက်မျှော်စင်ကြီးဟာ ထူထပ်လာတဲ့ ဖုန်မှုန့်များနဲ့ မီးခိုးများကြား လုံးလုံး ပြိုကျပျက်စီးခဲ့ရပါတော့တယ်။

နံနက် ၁၀ နာရီ ၃၀ မိနစ်မှာတော့ ညီနောင် မြောက်ဘက် တာဝါတိုင်ပါ ပြိုကျခဲ့ရပါတယ်။ တာဝါကြီးတွေ ပြိုကျခဲ့ချိန်မှာ လူ ၆ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး လူပေါင်း ၁၀,၀၀၀ နီးပါး ဒဏ်ရာများအတွက် ကုသမှုခံယူခဲ့ရပြီး အများစုမှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ရပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်

ထိုအတောအတွင်း ကယ်လီဖိုးနီးယားသို့ဖြတ်သွားတဲ့ စတုတ္ထမြောက် လေယာဉ် လေကြောင်း အမှတ် ၉၃ ဟာလည်း နယူးဂျာစီရဲ့ နူးဝါ့ခ်လိုင်ဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာပြီး မိနစ် ၄၀ ခန့်အကြာမှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။

သို့ပေမဲ့ ခရီးသည်များနဲ့ လေယာဥ်ဝန်ထမ်းတို့က အကြမ်းဖက်သမား၄ ဦးကို တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်သမားတို့ ပစ်မှတ်ထားရာ နေရာသို့ မရောက်ခဲ့ရဘဲ လေယာဉ်ဟာ တစ်နာရီကို မိုင် ၅၀၀ နှုန်းနဲ့ မြေပြင်သို့ ထိုးဆင်းသွားပြီး ပင်ဆယ်ဗေးနီးယားအနောက်ပိုင်း ကျေးလက်လယ်ကွင်းထဲသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်မှာ ပျက်ကျလာခဲ့ပါတယ်။

အကြမ်းဖက်သမားများ အပါအဝင် လေယာဥ်ပေါ်က လူ ၄၄ ဦးစလုံး သေဆုံးခဲ့ရပြီး ဒီလေယာဥ်ဟာ သီအိုရီတွေအရ အိမ်ဖြူတော်၊ မေရီလန်းရှိ သမ္မတ အပန်းဖြေစခန်း သို့မဟုတ် အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် နျူကလီးယား ဓာတ်အားပေး စက်ရုံများစွာထဲမှ တစ်ခုတို့ကို ဦးတည်ထားတယ်လို့ သိရပါတယ်။

လူဘယ်နှယောက် အသက်ဆုံးရှုံးခဲ့ရလဲ

၉/၁၁ တိုက်ခိုက်မှုများမှာ လေယာဉ်လေးစင်းပေါ်က အကြမ်းဖက်သမား ၁၉ ဦး အပါအဝင် စုစုပေါင်း လူ ၂,၉၉၆ ဦး သေဆုံးခဲ့ရပါတယ်။ နယူးယောက်၊ ဝါရှင်တန်ဒီစီနှင့် ပင်ဆယ်ဗေးနီးယားတို့မှာ နိုင်ငံပေါင်း ၇၈ နိုင်ငံမှ နိုင်ငံသားများ သေဆုံးခဲ့ကြပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ လေယာဉ်နှစ်စင်း တိုက်မိပြီး ၂,၇၆၃ ဦး သေဆုံးခဲ့ရပါတယ်။ ထိုကိန်းဂဏန်းတွေမှာ မီးသတ်သမား ၃၄၃ ဦးနဲ့ ဆေးမှူးများ၊ နယူးယောက်မြို့ ရဲအရာရှိ ၂၃ ဦးနဲ့ ဆိပ်ကမ်းအာဏာပိုင် ရဲအရာရှိ ၃၇ ဦးတို့ ပါဝင်ပြီး အဆောက်အအုံများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ကာ မြင့်မားသော အထပ်များတွင် ပိတ်မိနေသော ရုံးဝန်ထမ်းများကို ကယ်တင်ရန် ကြိုးပမ်းနေသူများလည်း ပါဝင်ခဲ့ပါတယ်။

ပင်တဂွန် စစ်ဌာနချုပ်မှာတော့ လေယျယာဥ်ပေါ်က ၆၄ ဦး အပါအဝင် လူ ၁၈၉ ဦး သေဆုံးခဲ့ရပြီး ပင်ဆယ်ဗေးနီးယားမှာတော့ လူ ၄၄ ယောက် သေဆုံးခဲ့ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *