ဆလင်ဒါပုံ ပန်းကန်ပြားပျံ တွေ့ရှိမှု FBI ထုတ်ပြန်
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၁ ရက်နေ့က ဖြစ်ပါတယ်။ Amarican Airline ရဲ့ ဖလိုက်နံပါတ် 2292 ၊ Airbus A-320 လေယာဉ်ကြီးဟာ စင်စင်နာတီ မှ ဖီးနစ်မြို့ကို ပျံသန်းခဲ့ပါတယ်။
လေယာဉ်မှူးတွေဟာ ဆလင်ဒါပုံ ရှည်မျောမျော အရာတစ်ခုဟာ လေယာဉ်အနီးကို ချဉ်းကပ်လာတာ တွေ့ခဲ့ကြပါတယ်။
ပထမတော့သူတို့က ဒါဟာ ဒုံးကျည်တစ်ခုလို့ ထင်ခဲ့ကြပါတယ်။ အမြင့်ပေ ၃၆,၀၀၀ မှာ အမြန်နှုန်း မိုင် ၄၀၀ နီးပါး ပျံသန်းနေတဲ့ လေယာဉ်အနားကို လျင်မြန်စွာ ချဉ်းကပ်လာတယ်လို့ လေယာဉ်မှူးက ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ နယူးမက်ဆီကိုရဲ့ အရှေ့မြောက်ဖက် Des Moines မြို့ကလေးရဲ့ အပေါ်နားလောက်မှာ ဖြစ်ခဲ့တာပါ။
တစ်ချိန်ထဲမှာဘဲ Deep Black Horizon ကုမ္ပဏီဥက္ကဌလဲဖြစ်၊ ရေဒီယို လှိုင်းဆိုင်ရာ ကျွမ်းကျင်သူလဲ ဖြစ်တဲ့ Steve Douglas ကလဲ သူ့ရဲ့ အသံဖမ်းကရိယာမှာ ထူးဆန်းတဲ့ အသံလှိုင်းတစ်မျိုးကို ဖမ်းယူရရှိခဲ့တယ်လို့ War Zone ဝက်ဆိုက်ကို အကြောင်းကြားခဲ့ပါတယ်။
War Zone ကလဲ တစ်နာရီကျော်ကြာတဲ့ အသံဖိုင်ကို လက်ခံရရှိပြီး အဓိပ္ပါယ် မဖေါ်နိုင်လို့ FAA ( Fardel Aviation Administration) ကို လွှဲပြောင်းပေးခဲ့ပါတယ်။
FAAကလည်း စုံစမ်းမှုတွေ လုပ်ခဲ့ပြီး တခြားအချက်အလက်တွေ ရရှိပါက သူတို့ထံ အကြောင်းကြားဖို့ လေကြောင်းလိုင်းများကို ညွှန်ကြားခဲ့ပါတယ်။
အခင်းဖြစ်တဲ့ လေယာဉ်မှူးတွေဟာ 127.85 mhz မှ 134.75 MHz အသံလှိုင်းနဲ့ သတင်းပို့ခဲ့တာဖြစ်ပြီး ” ဒီနေရာမှာ တခြားပျံသန်းမှုအစီအစဉ် ရှိနေသလား။
တစ်စုံတစ်ခုဟာ ကျနော်တို့အပေါ်က ဖြတ်သွားနေပါတယ်။ ဒီလိုပြောရတာ ဝမ်းနည်းပါတယ်။
ဒါပေမဲ့ အဲဒီအရာဝထ္ထုက ဆလင်ဒါပုံစံဖြစ်ပြီး ရှည်လျားတဲ့ ပုံသဏ္ဌာန်ရှိပါတယ်။ ဒုံးကျည် တစ်စင်းနဲ့တူတဲ့ ဒီအရာဝထ္ထုဟာ ကျနော်တို့အပေါ်က လျင်မြန်စွာ ဖြတ်သွားခဲ့ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။
Albuquerque မြေပြင် ရေဒါစခန်းက ရှာကြည့်ရာမှာတော့ AAL 2292 ရဲ့ပျံသန်းရာ လမ်းကြောင်းမှာ တခြားလေယာဉ်တစ်စီးကိုမှ မတွေ့ရပါဘူး။ AAL 2292 ဟာ ဖီးနစ်လေဆိပ်ကို ချောမွေ့စွာဆင်းသက်နိုင်ခဲ့ပါတယ်။
FBI ဟာ ဒီဖြစ်ရပ်နဲ့ပါတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။လေယာဉ်အဖွဲ့သာတွေနဲ့ အခြားမျက်မြင်သက်သေများကိုလည်း စစ်ဆေးခဲ့ပါတယ်။
အခြားသဲလွန်စရရှိသူ မည်သူမဆို FBI ကို ဆက်သွယ် သတင်းပေးနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။
ဒီကိစ္စမျိုး ယခင်ကလည်း ဖြစ်ခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ။ Learjet တစ်စီးနဲ့ Airbus တစ်စီးတို့ဟာ ဒီနေရာ တဝိုက်မှာဘဲ ကြုံခဲ့ရတာဖြစ်ပါတယ်။
သူတို့က အမြင့်ပေ ၃၇၀၀၀ မှာ ပျံသန်းနေတုန်း ခုလိုဘဲ အမည်မသိ ယာဉ်က ဖြတ်ကျော်ပျံသန်းတာကို တွေ့ခဲ့ကြပါတယ်။
Learjet လေယာဉ်မှူးက ဒီထူးဆန်းတဲ့အဖြစ်အပျက်ကို သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ဒုံးကျည် ဆိုရင် ဒီနေရာတဝိုက် မပြောင်းလည်းပဲ ပစ်လွှတ်နေတာက နည်းလမ်းမကျပါဘူး။
ဒါပေမဲ့ White Sands လို့ခေါ်တဲ့ ဒီဒေသတဝိုက်မှာ လေတပ်အခြေစိုက်စခန်းတွေ၊ ဒုံးကျည်စခန်းတွေ ရှိနေပြီး ကန့်သတ်ထားတဲ့ နယ်မြေလဲ ဖြစ်ပါတယ်။
ဒီလိုဒေသကို ဖြတ်ကျော်ပျံသန်းရတာဟာ ပိုင်းလော့တွေအတွက် စွန့်စားရာကြပါတယ်။
လေတပ်ကလည်း ဒီအချိန်မှာ သူတို့ဘက်က ဘာလေယာဉ်မှ ဒီနေရာကို ပျံသန်းလေ့ကျင့်တာ မရှိဘူးလို့ငြင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပင်တဂွန်လို အမေရိကန်ရဲ့ စစ်ဌာနချုပ်ကတောင် UAP ( Unidentified Ariel Phenomenon) တွေ တွေ့ရှိကြောင်း ဝန်ခံထားပြီးသားဖြစ်ပါတယ်။
ကောက်ချက်ချရရင်တော့ ဒီတစ်ခါတွေ့ရှိမှုဟာလည်း UFO သာ ဖြစ်နိုင်ပါတယ်လို့ တင်ပြရင်း အဆုံးသတ်ပါရစေနော်။
Knight News Team