ပန်းကန်လုံးအရွယ် မျက်လုံးကြီးနဲ့ ပြည်သူတွေကို ခြောက်လှန့်ခဲ့တဲ့ ဧရာမပြည်ကြီးငါးကြီး

ပန်းကန်လုံးအရွယ် မျက်လုံးကြီးနဲ့ ပြည်သူတွေကို ခြောက်လှန့်ခဲ့တဲ့ ဧရာမပြည်ကြီးငါးကြီး

တောင်အာဖရိကနိုင်ငံ၊ Cape Town ရှိ Scarborough သဲသောင်ပြင်မှာ ပျက်စီးယိုယွင်းနေတဲ့ ဧရာမ ပြည်ကြီးငါးတစ်ကောင်ရဲ့ ရုပ်အလောင်းကို အင်္ဂါနေ့ (သြဂုတ် ၁၆ ရက်) မှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီဧရာမပြည်ကြီးငါးကြီးရဲ့ အရှည်ဟာ ၁၄ ပေ (၄ မီတာခွဲ) နီးပါးရှိတဲ့ သားရဲကြီးဖြစ်တာကြောင့် ပြည်သူတို့က ထိတ်လန့်ခဲ့ကြရပါတယ်။

ဒါဟာ ဒီနှစ် ဒေသတွင်း ကမ်းခြေတစ်ခုမှာ မြင်တွေ့ခဲ့ရတဲ့ ဒုတိယမြောက် ဧရာမပြည်ကြီးငါး ဖြစ်တယ်လို့ တောင်အာဖရိက သတင်းဆိုဒ်က ထုတ်ပြန်သွားခဲ့ပါတယ်။

ပြည်ကြီးငါးကြီးကို ကြည့်မယ်ဆိုရင်လည်း ထူးခြားချက်အနေနဲ့ ပန်းကန်လုံးအရွယ် မျက်လုံးကြီးပါရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

Cape Town အနီး ကမ်းပေါ်မှာ နောက်ဆုံးတွေ့ခဲ့ရတဲ့ ဧရာမပြည်ကြီးငါးကြီး (Architeuthis dux) ဟာ ဧပြီလ ၃၀ ရက်နေ့က Kommetjie ရှိ Scarborough ကမ်းခြေရဲ့ အနောက်မြောက်ဘက် ၆ မိုင် (၁၀ ကီလိုမီတာ) ခန့်အကွာမှာ မြင်တွေ့ခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ပြည်ကြီးငါးကြီးဟာ အကြမ်းဖျင်းအားဖြင့် ၁၁ ပေ ခွဲ (၃ မီတာခွဲ) ရှည်လျားခဲ့ပါတယ်။

သမိုင်းကြောင်း မှတ်တမ်းတွေအရ မြင်ဖူးသမျှထဲက အကြီးဆုံး ဧရာမပြည်ကြီးငါးကြီးဟာ အရှည် ၄၃ ပေ (၁၃ မီတာ) အရှည်အဖြစ် တိုင်းတာရခဲ့ပြီး ကမ္ဘာ့စံချိန် တင်ထားနိုင်ခဲ့ပါတယ်။

အချို့သော လေ့လာချက်တွေအရ အဆိုပါ အကောင်များဟာ အရွယ်အစားအားဖြင့် ၆၆ ပေ (၂၀ မီတာ) အထိ ရှည်လျားကြီးထွားနိုင်ကြောင်း ညွှန်ပြထားကြပေမဲ့ ထိုကဲ့သို့သော အရွယ်အစားရှိတဲ့ ပြည်ကြီးငါးများကိုတော့ ဘယ်သူကမှ လက်တွေ့မှာ မမြင်တွေ့ဖူးခဲ့ပါဘူး။

ဧရာမပြည်ကြီးငါးတွေဟာ တကယ်တမ်းတော့ ဒဏ္ဍာရီလာ သက်ရှိမျိုးတွေဖြစ်ကြပေမဲ့ ယခုသီတင်းပတ်က Scarborough ကမ်းခြေမှာ မြင်တွေ့ခဲ့ရတဲ့ ပြည်ကြီးငါးကြီးကတော့ ဧရာမပြည်ကြီးငါးတစ်ကောင်ဆိုတာ သေချာပါကြောင်း ကျွမ်းကျင်သူတွေက အတည်ပြုသွားခဲ့ကြပါတယ်။

အရှည်အားဖြင့် ၁၄ ပေ ရှိနေတဲ့ ယခုပြည်ကြီးငါးဟာ ခေတ်သစ်အတွက် အကြီးမားဆုံး ပြည်ကြီးငါးအဖြစ် စံချိန်တင်သွားဖို့ရှိနေပြီး လူတွေ တွေ့ရှိခဲ့ရချိန်မှာ သေဆုံးသွားတာကတော့ သုတေသနနဲ့ စူးစမ်းလေ့လာသူတွေအတွက် ခက်ခဲမှုတွေရှိသွားခဲ့ရပါတယ်။

ကိုယ်တွင်းအင်္ဂါများကို စစ်ဆေးခြင်းမရှိဘဲ Scarborough ကမ်းခြေရှိ ပြည်ကြီးငါးကို မည်သို့သေဆုံးသွားကြောင်းမှာ ခန့်မှန်းရန်ခက်ခဲကြောင်း သုတေသီတစ်ဦးက ပြောကြားထားခဲ့ပါတယ်။

ဧရာမပြည်ကြီးငါးဟာ တွေ့ရှိချိန်မှာ အသက်မရှိတော့တဲ့ ရုပ်အလောင်းအဖြစ်နဲ့ အရေပြား အများစု ပွန်းပဲ့နေပြီး လက်အချို့ကျိုးသွားနေတာကို သုတေသီတို့က တွေ့ရှိခဲ့ကြရပါတယ်။

ဒါပေမဲ့ (အထူးသဖြင့် အရေပြား ပွန်းပဲ့ခြင်း) ဟာ ကျောက်ဆောင် ကမ်းစပ်ကို ရေလှိုင်း တိုက်ခတ်လိုက်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ပြည်ကြီးငါးတွေဟာ အစာစားဖို့ ကမ်းနီးရှိ ရေတိမ်ပိုင်းထဲကို ရောက်ရှိလာပုံရပြီး သင်္ဘောပန်ကာနဲ့ ထိမှန်သွားတာကြောင့် သေဆုံးသွားနိုင်တာမျိုး ဖြစ်နိုင်ပါတယ်လို့လည်း ရေကြောင်းသိပ္ပံပညာရှင်နှင့် ပြတိုက်မှူးတစ်ဦးက ပြောကြားထားခဲ့ပါသေးတယ်။

ကျွမ်းကျင်သူတို့ရဲ့ အဆိုအရ ဧရာမပြည်ကြီးငါးတွေရဲ့ သဘာဝဟာ ရေတိမ်ပိုင်းထဲကို တက်လာတတ်တယ်လို့သိရပြီး တစ်နည်းဆိုရရင် သူတို့ဟာ ညနေခင်းမှာ အစာစားဖို့နဲ့ နေ့ခင်းဘက် ရေနက်ပိုင်းကို ပြန်ပြောင်းရွေ့လျားဖို့ ညနေခင်းမှာ ရေတိမ်ပိုင်းမှာ စွန့်စားရှာဖွေတတ်ကြပါတယ်လို့ ဖော်ပြထားပါတယ်။

ဧရာမ ပြည်ကြီးငါးများဟာ ယေဘူယျအားဖြင့် သမုဒ္ဒရာ မျက်နှာပြင်အောက် ပေ ၁၆၄၀ မှ ၃၂၈၀ (မီတာ ၅၀၀ မှ ၁၀၀၀) ခန့် အအေးခန်းရေပြင်ပိုင်းမှာသာ နေထိုင်တတ်ကြပြီး ညစာပန်းကန်လုံး အရွယ်အစားရှိတဲ့ မျက်လုံးများကို အသုံးပြုရင်း နက်ရှုင်းလှသော အမှောင်ထုကို ဖြတ်ကျော်ကြည့်ရှုကြပါတယ်။

ပြည်ကြီးငါး အသေကောင်များ ကမ်းပေါ်မျောပါလာတဲ့ ဒေသတွေအပေါ် အခြေခံပြီး ဒီဧရာမ သားရဲကြီးများဟာကမ္ဘာ့သမုဒ္ဒရာများ အားလုံးမှာ ကျင်လည်ကျက်စားကြတယ်လို့ သိပ္ပံပညာရှင်များက ယူဆကြပါတယ်။

သူတို့ကို နယူးဇီလန်နဲ့ ပစိဖိတ်ကျွန်းများရဲ့ ကမ်းရိုးတန်းများ၊ မြောက်အတ္တလန္တိတ်ရဲ့ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းမှာ လည်းကောင်း၊ အာဖရိက ကမ်းရိုးတန်းတစ်လျှောက်နဲ့ တောင်အတ္တလန်တိတ်မှာ လည်းကောင်း အတွေ့ရများဆုံးဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

ဘယ်လိုပဲပြောပြော ဒီတစ်ခေါက် ဧရာမပြည်ကြီးငါးကြီးကတော့ ပန်းကန်လုံးအရွယ် မျက်လုံးကြီးနဲ့ ၁၄ ပေ ဆိုတဲ့ လူကြီးနှစ်ယောက်နဲ့ ကလေးတစ်ယောက်တို့ ပေါင်းထားတဲ့ အရွယ်အစားနဲ့ သွားညီနေတာကြောင့် ပြည်သူတွေနဲ့ ကမ္ဘာ့လူထုကတော့ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတော့တယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *