ငြိမ်းချမ်းရေး နျူကလီးယားဗုံး

ငြိမ်းချမ်းရေး နျူကလီးယားဗုံး

နျူကလီးယားဗုံး ဆိုတာနဲ့ ကြောက်မက်ဖွယ် လူသားမျိုးနွယ်တွေအတွက် အန္တရာယ်ရှိတဲ့အရာလို့ပဲ မြင်မိကြမှာပါ။

ဒီအမြင်က အမြဲတမ်း မှန်ကန်မနေဘူးဆိုတာ ခုတင်ပြမယ့် ဖြစ်ရပ်က သက်သေပြမှာမို့ ဖတ်ရှုကြည့်ကြပါအုံးနော်။

ဆိုဗီယက်ယူနီယံ မပြိုကွဲခင်က ဖြစ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ သဘာဝဓါတ်ငွေ့ တူးဖေါ်ရေး တွင်းတစ်ခုမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မြေအောက်အနက် တစ်မိုင်ခွဲလောက်အထိ မီးက လောင်ကျွမ်းနေခဲ့ပါတယ်။

မီးလောင်တဲ့ တွင်းအမည်က Urta Bulak ဖြစ်ပြီး မီးဟာ ငြိမ်းသတ်လို့ မရဘဲ အဆက်မပြတ် လောင်ကျွမ်းနေခဲ့ပါတယ်။ဓါတ်‌ငွေ့တွေဟာ တစ်နေ့ကို ကုဗပေ ၄၂၄ သန်းလောက် လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။ မီးတောက်ရဲ့အမြင့်ဟာ ပေ ၄၀၀ လောက် ရှိပါတယ်။

၁၀၄၇ ရက် တနည်းအားဖြင့် ၃ နှစ်လောက်ကြာအောင် လောင်ကျွမ်းခဲ့တာပါ။ အာဏာပိုင်တွေဟာ ရှိသမျှနည်းလမ်းမျိုးစုံကိုသုံးပြီး မီးငြိမ်းအောင် ကြိုးစားခဲ့ကြပါတယ်။

အရှိန်မြင့် ရေပိုက် (Water Jet ) တွေနဲ့ မီးတောက်အလည်က တွင်းထဲရောက်အောင် ရေကိုထိုးသွင်းပါတယ်။ မီးငြိမ်းစေမယ့် ဓါတ်ငွေ့ပါ ကျည်တွေကို အမြောက်နဲ့ ပစ်သွင်းပါတယ်။ မရပါဘူး။

၁၉၆၆ ခုနှစ်မှာတော့ Thermonuclear explosion နည်းကိုသုံးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ အဲဒီအချိန်က ဆိုဗီယက်ယူနီယံဟာ Program-7 ဆိုတဲ့ စမ်းသပ်မှုတစ်ခုကို စမ်းသပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

Program-7 က နျူဗုံးကို အမျိုးသားစီပွားရေးအတွက်အသုံးချဖို့ စမ်းသပ်တဲ့နည်းလမ်းလို့ ဆိုပါတယ်။ နျူဗုံးကို ငြိမ်းချမ်းစွာ သုံးနိုင်တဲ့ နည်းလမ်းမှန်သမျှကို ရှာဖွေဖို့ ဖြစ်ပါတယ်တဲ့။

Urta Bulak မှာ နျူဗုံးဖေါက်ဖို့ကို ပညာရှင်တွေက တွက်ချက်ကြပါတယ်။ ဒါဟာ မီးငြိမ်းသတ်ဖို့ နျူဗုံးသုံးတာ ပထမဆုံး ဖြစ်ပါတယ်။

ဗုံးကို မြေအောက် အနက် ပေ ၅၀၀၀ လောက်မှာ ဖေါက်ခွဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဓါတ်ငွေ့ထွက်ရှိရာ အလယ်ဝင်ရိုးနဲ့ အနီးဆုံးနေရာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဖိအားက မီးကို မှုတ်ထုတ်ပစ်သလိုဖြစ်ပြီး မီးငြိမ်းသွားမှာဖြစ်တယ်လို့ မှန်းဆခဲ့ကြပါတယ်။

ပရောဂျက်ကို ခွင့်ပြုကြောင်း သိရတာနဲ့တပြိုင်နက် ပညာရှင်တွေဟာ အလုပ်ကို မြန်မြန်ဆန်ဆန် စလုပ်ကြပါတော့တယ်။ အာဏာပိုင်တွေကတော့ စိတ်မချမ်းမသာ ဖြစ်နေပုံပါ။

သူတို့အတွက် သဘာဝဓါတ်ငွေ့တွေ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ကြိုတင်စမ်းသပ်မှုတွေ လုပ်ကြပါတယ်။ ၁၂၂ ဒီဂရီ ဖာရင်ဟိုက်ရှိတဲ့ ဓါတ်ငွေ့ မီတောက်နဲ့ အသေးစား စမ်သပ်မှုဟာ အောင်မြင်ခဲ့ပါတယ်။

နောက်ဆုံးမှာ လိုအပ်တဲ့ကရိယာတွေအားလုံး မနရာချပြီးခဲ့ပါပြီ။ မီးလောင်တဲ့နေရာကို ဦးတည်တဲ့ လှိုင်ခေါင်းနှစ်ခုကိုလည်း တူးပြီးခဲ့ပါပြီ။

၃၀ ကီလိုတန်ရှိတဲ့ နျူကလီးယာဗုံးကို လှိုင်ခေါင်းတစ်ခုထဲမှာ နေရာချပါတယ်။ ဒီဗုံးဟာ ဟီရိုရှီးမားမှာ သုံးတဲ့ဗုံးထက် နှစ်ဆ ပြင်းပါတယ်။

ဒါပေမယ့် နျူဝတ်ဆံအနည်းငယ်သာသုံးထားပြီး Thermonuclear ဗုံးဖြစ်လို့ ပါတ်ဝန်းကျင်ညစ်ငြမ်းမှု မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ နောက်ပြီး ဗုံးလျောချမယ့် တွင်းတွေထဲက အပူချိန်ကိုလည်း တွက်ချက်ရပါသေးတယ်။

နောက်ဆုံး ၁၉၆၆ ခုနှစ်၊ အောက်တိုဘာ ၃၀ မှာတော့ ဗုံးကို အောင်မြင်စွာ ဖေါက်ခွဲနိုင်ခဲ့ပါတယ်။ အနားတဝိုက်က မြေပြင်ဟာ တုန်ခါသွားပါတယ်။

၁၀၄၇ ရက်ကြာအောင် လောင်ကျွမ်းနေတဲ့ မီးတောက်နဲ့ဓါတ်ငွေ့တွေဟာ ခနချင်းမှာပဲ ပျောက်ကွယ်သွားပါတယ်။ ၃ နှစ်လောက် လောင်နေတဲ့မီးဟာ ၂၂ စက္ကန့်နဲ့ ငြိမ်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ဒါဏ်ရာရသူတောင် မရှိခဲ့ပါဘူး။ ဆိုဗီယက်တွေဟာ ဒီနည်းကို နောက်ထပ်မီးလောင်မှု ၃ ခုမှာလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဒီတခါတော့ အမေရိကန်ဟာ ဆိုဗီယက်တို့ကို အတုယူခဲ့ပြီး Project Plowshare ခေါ် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

Priject Plowshare

နျူထိပ်ဖူး ၃၁ ခုကို စမ်းသပ်မှု ၂၇ မျိုးမှာသုံးပြီး ဖေါက်ခွဲခဲ့ပါတယ်။ အားလုံးဟာ လူသားအကျိုးပြု ငြိမ်းချမ်းစွာဖေါက်ခွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ကတော့ ကုန်ကျစရိတ်မြင့်မားလို့ Project Plowshare ကို ၁၉၇၇ ခုနှစ်မှာ ရပ်တန့်ခဲ့ပါတယ်။ ဆိုဗီယက်ကတော့ ၁၉၈၉ ခုနှစ်ကျမှ ရပ်ဆိုင်းခဲ့ပါတယ်။

ခုတင်ပြခဲ့တာကတော့ နျူဆိုတာ အကျိုးရှိတဲ့ နေရာမှလည်း သုံးနိုင်တယ်ဆိုတာကို သိစေချင်လို့ ဖြစ်ပါတယ်ခင်များ။

Knight News Team

Leave a Reply

Your email address will not be published.