ဆန်းပြားသည့် အလှတရာများနှင့်ဆွဲဆောင်ထားသော စားသောက်ဆိုင်များ

ဆန်းပြားသည့် အလှတရာများနှင့်ဆွဲဆောင်ထားသော စားသောက်ဆိုင်များ

ကမ္ဘာ့အကောင်းဆုံး စားသောက်ဆိုင်များတွင် အစားအသောက်များသာမက အပြင်အဆင် ဒီဇိုင်းများသည် ရင်သပ်ရှုမောဖွယ် လှပခံ့ညားအောင် ပြင်ဆင်လာကြသည်ကို တွေ့ရသည်။

ထိုသို့ အမြင်အရ ပသာဒဖြစ်အောင် တည်ဆောက်ထားသည့် စားသောက်ဆိုင်များသည် ယနေ့ခေတ်တွင် ပို၍များပြားလာသည်။

ခရီးသွားခြင်း၏ အဓိက တစိတ်အပိုင်းအဖြစ် လူအများက ၎င်းတို့ရောက်ရှိရာ ဒေသတွင်ရှိသော ဒေသအစာများ၏ အရသာကို သတိတရ မြည်းစမ်းလေ့ရှိကြသည်။

ထိုသို့ အလည်အပတ်ခရီးသွားသည့်ဒေသတွင်ရှိသော အစာအသစ်များကို မြည်းစမ်းရခြင်းသည် စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံတစ်ခုဖြစ်သည်။

Foodie ရီးသွားများသည် အရသာရှိသော အစားအစာများကို အဆက်မပြတ် ရှာဖွေနေကြပြီး ကမ္ဘာပေါ်ရှိ အရသာရှိပြီး ရင်သပ်ရှုမောဖွယ်ကောင်းစွာ အလှဆင်ထားသော စားသောက်ဆိုင်များသို့ တကူးတကသွားလေ့ရှိကြသည်။

ထိုစားသောက်ဆိုင်များထဲမှ ခရီးသွားများ အသိအမှတ်ပြုထားသည့် ကမ္ဘာပေါ်ရှိ အလှဆုံးစားသောက်ဆိုင် တချို့ကို စာဖတ်သူတို့ ဗဟုသုတရဖွယ် ထုတ်နုတ်ဖော်ပြသွားမည် ဖြစ်သည်။

၈) ကော်ရယ်စားသောက်ဆိုင် (Koral Restaurant)

ကော်ရယ်စားသောက်ဆိုင်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပြည်နယ်တွင် တည်ရှိသည်။ ၎င်းစားသောက်ဆိုင်သည် ဧည့်သည်များကို အဆင့်မြင့် သော အဆောက်အအုံ အပြင်အဆင်နှင့် အာရှ-ဥရောပ ဟင်းလျာများကို ပေါင်းစပ်တည်ခင်းလေ့ရှိသည်။

ငါးပြတိုက်ကဲ့သို့ အခင်းအကျင်းကို ဖန်တီးထားပြီး ဖောက်သည်များ၏ အမြင်အာရုံကို မတူထူးခြားအောင် ပြင်ဆင်ထားကာ ငါးပြတိုက်ရှိ ဒေသတွင်း အပူပိုင်းငါးများ၏ အလှအပနှင့် တေးဂီတကို တွဲဖက်နားဆင်ရင်း စားသောက်နိုင်သည်။

ထို့ပြင် ၎င်းစားသောက်ဆိုင်သည် ၎င်း၏ အချက်အပြုတ် စွမ်းပကား ကြောင့်လည်း ကျော်ကြားသည်။ ၎င်းသောက်ဆိုင်၏ နေ့လယ်စာသည် တစ်ဦးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၇ ဒေါ်လာခန့်ရှိပြီး ညစာသည် တစ်ဦးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀ ခန့် ရှိကြောင်း သိရသည်။

၇) Grand Getaway စားသောက်ဆိုင်

Grand Getaway စားသောက်ဆိုင်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်တည်ရှိပြီး ယာဉ်တစ်စင်းအတွင်း ဝန်ဆောင်မှုပေးကာ တည်ခင်းထားသည့် အပြင်အဆင်မျိုးဖြင့် စားသုံးသူကို အမြင်ဆန်းစေသည်။

၎င်းစားသောက်ဆိုင်တွင် အစားအစာများကိုစားရင်း လေယာဉ်လက်မှတ်ဖြတ်စရာမလိုဘဲ ကမ္ဘာလည့်ခရီးသွားသကဲ့သို့ အရသာကို ပေးစွမ်းနိုင်သည်။

ဤစားသောက်ဆိုင်တွင် မီနူးကို စားမြိန်စေမည့်ဟင်း၊ အမြည်းစားစရာ၊ အသုပ်၊ ပင်မ ဟင်းလျာနှင့် အချိုပွဲဟူ၍ ငါးမျိုးဖြင့် တည်ခင်းဧည့်ခံလေ့ရှိသည်။

ထို့ပြင် စားသောက်ဆိုင်တွင် အထူးပြုလုပ်ချက်များနှင့်အတူ ကောင်းမွန်သည့် အသံစနစ်နှင့် အမြင်အာရုံစနစ်တို့ကို တပ်ဆင်ထားသောကြောင့် ဧည်သည်များသည် အချိန်နှင့်တစ်ပြေးညီ ဝေဟင်တွင် ခရီးသွားနေသကဲ့သို့ ခံစားရနိုင်သည်။

၆) မန်ဒ်ဟူ Spa စားသောက်ဆိုင် (Mandhoo Spa Restaurant)

မန်ဒ်ဟူ Spa စားသောက်ဆိုင်သည် မော်လ်ဒိုက်နိုင်ငံ၊ ရန်ဂယ်လီကျွန်းတွင်တည်ရှိပြီး လာရောက်စားသုံးသူများကို လတ်ဆတ်သော ပင်လယ်စာများ၊ အော်ဂဲနစ် ထွက်ကုန်များဖြင့် ဝန်ဆောင်မှုပေးလေ့ရှိသည်။

ရန်ဂယ်လီကျွန်းပေါ်တွင် တည်ရှိသည့်အတွက် စားသုံးသူ ဧည့်သည်များသည် ကြည်ပြာရောင်လဲ့နေသော ရေပြင်၏ အလှတရားကို ရှုစားနိုင်သည်။

ထိုသို့ အလှတရားများခံစားရင်း စားဖိုမှူး၏ စိတ်ကူးဖြင့် ပေါင်းစပ်ထားသော ဟင်းလျာများကို စားသုံးနိုင်သည်။

မန့်ဒ်ဟူ Spa စားသောက်ဆိုင်သည် အပူပိုင်းဒေသတွင် အေးချမ်းမှုကို ရှာဖွေ‌နေသည့် ခရီးသွားစုံတွဲများအတွက် ပြီးပြည့်စုံသော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်ပြီး ဤစားသောက်ဆိုင်သည် ကမ္ဘာကျော် အီသာရေအောက် စားသောက်ဆိုင်နှင့်လည်းနီးသည်။

၅) ရှမ်ဆာစားသောက်ဆိုင် (SHAMSHA)

ရှမ်ဆာစားသောက်ဆိုင်ကို စပိန်နိုင်ငံ ဗလင်စီယာမြို့တွင် အစာစားခြင်းကို နှစ်သက်သော ခရီးသွားများအတွက် ရည်ရွယ်ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

စားသောက်ဆိုင်သည် စားသုံးသူများစွာကို တည်ခင်းဧည့်ခံခြင်းမဟုတ်ဘဲ သီးသန့်စားသောက်မှုအတွေ့အကြုံ အတွက် တစ်ကြိမ်လျှင် ဧည့်သည် ၁၆ ဦးသာ ကန့်သတ်လက်ခံသည်။

ဧည်သည်တစ်ဦးစီကို အရသာရှိသော ဂန္ထဝင်ဟင်းလျာများဖြင့် သုံးနာရီကြာ တည်ခင်းဧည့်ခံလေ့ရှိသည်။

ရှမ်ဆာစားသောက်ဆိုင်သည် ၎င်း၏ ဟင်းတစ်ပွဲချင်းစီတွင် ပေါင်းစပ်ထားသော အလှတရားနှင့် တီထွင်ဖန်တီးခိုင်မှုကို စားသုံးသူများကြားတွင် နာမည်ကြီးသည်။

၎င်းစားသောက်ဆိုင်တွင် သွားရောက်စားသုံးမည်ဆိုပါက ကြိုတင်စာရင်း သွင်းရန် လိုအပ်မည်ဖြစ်သည်။

၄) အကောင်းစား English စားဥယျာဉ် (Craft English Garden)

အကောင်းစား English စားဥယျာဉ်သည် ယူနိုက်တက်ကင်းဒမ်း ဘာမင်ဂမ်မြို့တွင် တည်ရှိပြီး မိသားစုလိုက် သွားရောက် စားလေ့ရှိသည့် စားသောက်ဆိုင်ဖြစ်သည်။

အပြင်အဆင် အခင်းအကျင်း များသည် ဧည့်သည်များကို အံ့အားသင့်စေပြီး လက်ရာမြောက်လှသည်။အမိုးတစ်ခုအောက်တွင် စားသုံးသူရှစ်ဦးကို ထိုင်နိုင်သည့် Craft Pod များ စီစဉ်ပေးထားသည်။

အစားအသောက်များ စားသုံးနေစဉ် နေအိမ်တွင် စားသုံးသကဲ့သို့ ခံစားရစေရန် ခေတ်မီပရိဘောဂများဖြင့် အလှဆင်ထားသည်။

စားသောက်ဆိုင်သည် ၎င်းတို့၏ စားသုံးသူများအတွက် DJ ၊mixologist မှ တီးခတ်ထားသော ဂီတသည် အစားအစာကောင်းများနှင့် ကောင်းစွာတွဲဖက်နိုင်သည့်အတွက် အံ့ဩဖွယ်ကောင်းသော စားသောက်မှုအတွေ့အကြုံကို ဖန်တီးပေးနိုင်သည်။

၃) ဂရိုတိုစားသောက်ဆိုင် (The Grotto)

ဂရိုတိုစားသောက်ဆိုင်သည် ထိုင်းနိုင်ငံ ခရာဘီမြို့ လိုဏ်ဂူတစ်ခု အတွင်းတွင် ဖန်တီးထားခြင်းဖြစ်သည်။

စားသုံးသူများစွာအတွက် မှောင်မိုက်ပြီး စိုစွတ်နေပုံရသော်လည်း ဂရိုတိုစားသောက်ဆိုင်တွင် နေ့လယ်စာ၊ ကော့တေးတို့ကို မြည်းစမ်းရင်း ခရာဘီ၏ ရင်သပ်ရှုမောဖွယ် လှပသောကမ်းခြေ ရှုခင်းနှင့် အပြာရောင်ရေပြင်ကို ကြည့်ရှုခံစားနိုင်သည်။

နေ့စဉ် နေဝင်ချိန်တွင် အသားကင်များဖြင့် တည်ခင်းလေ့ရှိသည်။ သို့သော် ဂရိုတိုစားသောက်ဆိုင်သည် Rayavadee Hotel တွင် တည်းခိုသော ဧည့်သည်များအတွက်သာ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

၂) ဒေင်စားဥယျာဉ် (Eden)

ဧဒင်စားဥယျာဉ်သည် ရင်သပ်ရှုမောမှုကိုနှစ်သက်ပြီး အမြင့်ကို မကြောက်သော စားသုံးသူများအတွက် ဖန်တီးထားသည့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။

၎င်းစားသောက်ဆိုင်သည် ကနေဒါနိုင်ငံတွင် တည်ရှိပြီး ပတ်ဝန်းကျင်ရှိ လှပသောရှုခင်းများဖြင့် စားသုံးသူများကို ပံ့ပိုးပေးသည့် ကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။

၁) လျှို့ဝှက်ဥယျာဉ် (The Secret Garden)

လျှို့ဝှက်ဥယျာဉ်ဟု အမည်ပေးထားသည့် Symi’s Secret Garden သည် ဂရိနိုင်ငံတွင်ရှိကာ ဂရိအစားအစာစစ်စစ်များဖြင့် တည်ခင်းပြီး အေးဆေးတည်ငြိမ်မှုကို ပေးစွမ်းနိုင်သော စားသောက်ဆိုင်ဖြစ်သည်။

၎င်းစားသောက်ဆိုင်းသည် စားသုံးသူများအတွက် အလှဆင်ထားသော စားသောက်ခန်းများဖန်တီးပေးထားပြီး ဈေးနှုန်း မှန်ကန်စွာဖြင့် ရောင်းချသည့် ဆိုင်တစ်ဆိုင်ဖြစ်ကာ အရသာရှိသော အစားအသောက်၊ ဂီတနှင့် ပျူငှာဖော်ရွေသော ဝန်ဆောင်မှုရှိသည့် စားသောက်ဆိုင်တစ်ဆိုင်ဖြစ်သည်။

Source-Yadanarpon Daily News

Leave a Reply

Your email address will not be published. Required fields are marked *