ကရာကန် (Karaken) တကယ်ရှိသလား

ကရာကန် (Karaken) တကယ်ရှိသလား

ကျနော်တို့ဟာ ကမ္ဘာ့မျက်နှာပြင် ၃ ပုံ ၂ ပုံကို ဖုံးလွှမ်းနေတဲ့ ရေထုကြီးအကြောင်း အကုန်အစင် မသိကြသေးပါဘူး။ ၅ ရာခိုင်နှုန်းလောက်သာ စူးစမ်းနိုင်ကြပါသေးတယ်။

ဒီတော့ ရေအောက်အနက်ထဲမှာ ဘယ်လိုသတ္တဝါတွေ နေထိုင်ကျက်စားကြသလည်းဆိုတာ မသိနိုင်သေးပါဘူး။

ရာဇဝင်တွေ၊ ဒဏ္ဍာရီတွေမှာတော့ ပင်လယ်သမုဒ္ဒရာကို ဖြတ်သွားတဲ့သင်္ဘောကြီးတွေကိုတောင် အသာလေးရစ်ပါတ် နှစ်မြှုပ်ပစ်နိုင်တဲ့ အကောင်ကြီးတစ်မျိုး ရှိပါတယ်။

သူ့ကို ကရာကန်လို့ ခေါ်ပါတယ်။ ကြီးမားတဲ့ ရေဘဝဲကြီးပေါ့။

ကျနော်တို့ သိပ္ပံခေတ်လူသားတွေကတော့ မျက်မြင်တွေ့မှ ဒါမှမဟုတ် ယုတ္တိရှိမှ လက်ခံကြတာပါ။ ဒါကြောင့် ကရာကန်တကယ် ရှိ၊မရှိ စမ်းသပ်ခဲ့ဘူးပါတယ်။ ကြည့်ရအောင်နော်။

သိပ္ပံပညာရှင်တွေဟာ Great Gator
Experiment လို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ ဒီစမ်းသပ်မှုက‌နေ ပင်လယ်ရေနက်အောက်က ကြောက်စရာကောင်းတဲ့ Sea monster ခေါ် သတ္တဝါကြီးတွေရှိနေကြောင်း သိခဲ့ရပါတယ်။

ဒါဟာ အလွန်ကြီးမားလှပေမဲ့ ငမန်းလား၊ ရေဘဝဲလား ဒါမှမဟုတ် ကျနော်တို့ လုံးဝ စိတ်မကူးမိတဲ့ အကောင်ကြီးလား မေးစရာပါ။

စမ်းသပ်ခဲ့သူနှစ်ဦးကတော့ လူဝီစီယားနားတက္ကသိုလ် အဏ္ဏဝါဗေဒဌာနက Craig McClain နဲ့ Clifton Nunnally တို့ ဖြစ်ကြပါတယ်။

သူတို့က ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဘာတွေရှိနိုင်သလဲ ဆိုတာကို စမ်းသပ်အပြီးမှာတော့ ကြောက်မက်ဖွယ်အဖြေကို တွေ့ရှိခဲ့ကြပါတယ်။

သူတို့က မိချောင်းအသေ ၃ ကောင်ကို အလေးတုံးတွေနဲ့အတူ ကြိုးချည်ပြီး ရေအောက်ကြမ်းပြင်မှာ တစ်နေရာစီခွဲပြီး ချကြည့်ခဲ့ပါတယ်။ရေအောက်ကင်မရာတွေကိုလည်း တပ်ဆင်ထားပါတယ်။

ဒါကြောင့် သူတို့စမ်းသပ်မှုကို Great Gator Experiment လို့ခေါ်ကြပါတယ်။ မက္ကဆီကိုပင်လယ်ပြင်မှာ ဖြစ်ပါတယ်။

တကယ်တော့ ရေအောက်သတ္တဝါကြီးတွေရှိခဲ့ရင် ဘူဖေးသုံးဆောင်ဖို့ ဖြစ်ပါလိမ့်မယ်။ သူတို့သိချင်တာက မိချောင်း အသေကောင်တွေကို ဘယ်လိုရေအောက်သတ္တဝါကြီးတွေက စောင့်ပြီး စားသောက်ကြမလဲ ဆိုတာကိုပါ။

ပထမတစ်ကောင်ကိုချပြီး ၂၄ နာရီအတွင်းမှာ Isopod ခေါ် ကြီးမားတဲ့ ရေအောက် ပိုးတွေက စားပစ်လိုက်ကြပါတယ်။ ဒီကောင်တွေက အသားစတွေကိုစားသောက်ကြတဲ့အကောင်မျိုးတွေပါ။

သူတို့ကိုရေအောက်က လင်းတတွေလို့တင်စားကြပါတယ်။မိချောင်းဟာ ထင်တာထက် မြန်မြန် ကုန်သွားပါတယ်။

ဒုတိယ မိချောင်းကိုတော့ ၅၁ ရက်ကြာအောင် စောင့်ခဲ့ရပါတယ်။ မိချောင်းဟာ အရိုးတွေဘဲ ကျန်ခဲ့ပါတယ်။ အရိုးတွေဟာ အနီရောင်သန်းနေတာကို တွေကြရပါတယ်။ ဒါကတစ်ကယ့် အံ့ဩစရာပါ။

အရိုးတွေပေါ်မှာ ခြစ်ရာစင်းရာမရှိတဲ့အပြင် ချောမွေ့တဲ့ အရိုးတွေသာ ကျန်ခဲ့ပါတယ်လို့ McClain ကပြောပါတယ်။

အရိုးတွေကို Greg Rouse က အဏ္ဏဝါဇီဝဗေဒ ဓါတ်ခွဲခန်းကို ပို့လိုက်ပါတယ်။ ဆက်လက်စမ်းသပ်ဖို့ပါ။ ဓါတ်ခွဲခန်းအဖြေကတော့ အရိုးတွေရဲ့ အဆက်နေရာတွေကိုသာ စားထားတာ တွေ့ရပါတယ်တဲ့။ ဒါက အရိုးနု နေရာပါ။

မက်ဆီကိုပင်လယ်မှာ ဒီလိုအရိုးစား သတ္တဝါမျိုးစိတ်ကို ပထမဆုံး တွေ့ကြတာ ဖြစ်ပါတယ်။ အဲဒီဒေသက တခြားမျိုးစိတ်တွေနဲ့ နှိုင်းယှဉ်ကြည့်တော့လဲ သိသာစွာ ကွဲပြားနေပါတယ်။

တတိယ မိချောင်းကို ချထားတဲ့ နေရာကို ရောက်တဲ့အခါမှာတော့ သုတေသနပညာရှင်တွေဟာ စိတ်ဓါတ်ကျစရာနဲ့ ကြုံရပါတယ်။ အသေကောင်က လုံဝ ပျောက်ဆုံးသွားပါတယ်။

ရေအောက်အနီးတဝိုက်ကို ရှာပေမဲ့လည်း မတွေကြပါဘူး။ ဒါပေမဲ့ တွဲချည်ထားတဲ့ အလေးတုံးတွေကိုတော့ ပေ ၃၀ အကွာလောက်မှာ ပြန်တွေ့ခဲ့ပါတယ်။

ဒါက မိချောင်းအသေကောင်ကို စားတဲ့အကောင်ဟာ အလေးတုံးတွေကိုပါ အလွယ်တကူ ဆွဲယူသွားနိုင်တဲ့ ကြီးမားတဲ့ အကောင်ကြီး ဖြစ်ပုံရပါတယ်။

စူးစမ်းသူနှစ်ယောက်ဟာ အဖြေကိုသိဖို့ ဆက်လက်စောင့်ကြည့်ကြပါတယ်။ကင်မရာအဖြေကို သိရတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ အံ့ဩသွားပါတယ်။

ဟုတ်ပါတယ် မယုံနိုင်စရာ အရွယ်အစားရှိတဲ့ ရေဘဝဲကြီးပဲ ဖြစ်ပါတယ်။

စကင်နီဒေးဗီးယန်းဒဏ္ဍာရီထဲက ကရာကန်သတ္တဝါဆိုတာ ဖြစ်နိုင်ကြောင်း လက်တွေ့ ပြနိုင်ခဲ့ကြပါပြီ။ ဒီကောင်ကြီးကို Cephalopod အမျိုးအစားအဖြစ် သတ်မှတ်ကြပါတယ်။

ခုတင်ပြခဲ့တာကတော့ လူသား‌တွေရဲ့ စူးစမ်းရှာဖွေမှုကြောင့် သိမှုနယ်ပါယ်ကျယ်ဝန်းလာရတဲ့ ဖြစ်ရပ်တစ်ခုပါဘဲ။

ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.