လေယာဉ်အင်ဂျင်ထဲ ငှက်ဝင်သွားရင်

လေယာဉ်အင်ဂျင်ထဲ ငှက်ဝင်သွားရင်

သင် လေယာဥ်နဲ့ လေထဲမှာ ခရီးသွားနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ငှက်အုပ်ကြီးကလဲ သင့်လေယာဉ်နဲ့ နီးကပ်စွာ ပျံသန်းလာနေတယ်ဆိုပါစို့။ သင်ဟာ ရုက်တရက်တုန်ခါသွားပြီး ပေါက်ကွဲသံကိုကြားရမှာဖြစ်ပါတယ်။

မီးတောက်နဲ့ မီးခိုးတွေ အင်ဂျင်နောက်က ထွက်လာတာ တွေ့ရပါလိမ့်မယ်။ဒါကို လေကြောင်းလောကမှာ birds strike လို့ ခေါ်ပါတယ်။

အမေရိကန်တစ်နိုင်ငံထဲမှာပဲ တစ်နှစ်ကို ဒီလိုငှက်တိုက်မှု ၁၆,၀၀၀ လောက်ရှိပါတယ်။ ၉၇ ရာခိုင်နှုန်းဟာ လေဆိပ်တွေမှာ အတက်အဆင်းလုပ်နေစဉ် တိုက်မိတာ ဖြစ်ပါတယ်။

ဒီလိုပြောလို့ အမြင့်မှာပျံနေတုံး ငှက်နဲ့ မတိုက်မိနိုင်ဘူးလို့ မထင်ပါနဲ့။မှတ်တမ်းတွေအရ အမြင့်ပေ ၃၇,၀၀၀ မှာ တိုက်မိခဲ့ဘူးပါတယ်။

Ruppel လင်းတနဲ့ တိုက်မိတာပါ။ အိုင်ဗရီကို့စ်ရဲ့ ဝေဟင်မှာ ဖြစ်ပါတယ်။ စံချိန်တစ်ခုဖြစ်ခဲ့ပါတယ်။

အခုတင်ပြမှာကတော့ ငှက်နဲ့တိုက်မိခဲ့ရင် လေယာဉ်အင်ဂျင် ဘယ်လိုဖြစ်နိုင်မလဲ ဆိုတာကိုပါ။

ဂျက်အင်ဂျင်ရဲ့ရှေ့ပိုင်းက လေထုကို ကြီးမားတဲ့ ဖိအားနဲ့ စုပ်ယူပါတယ်။ ဒီလေအားကြောင့် လေယာဉ်အင်ဂျင်ထဲမှာ ဆီနဲ့ရောပြီး မီးလောင်ကျွမ်းတဲ့အခါ ရှေ့သို့ တွန်းကန်အားကို ဖြစ်ပေါ်စေပါတယ်။

ဒီတွန်းကန်အားရဖို့အတွက် အင်ဂျင်ရှေ့အတွင်းပိုင်း ပန်ကာတွေဟာ တစ်မိနစ်ကို အပါတ်ရေ ၂၀,၀၀၀ လောက်လည်နေရပါတယ်။

အင်ဂျင်ရဲ့အတွင်းပိုင်းကိုရောက်လေ fan blade ခေါ်တဲ့ ဒလက်တွေဟာ သေးငယ်လာလေပါဘဲ။ ဒါကြောင့် ဝင်လာတဲ့လေတွေဟာ ဖိသိပ်ခံထားသလို ဖြစ်သွားပါတယ်။

တကယ်လို့ တိုက်မိတဲ့ ငှက်ဟာ fan blade တွေကို ပျက်ဆီးစေနိုင်အောင် ကြီးခဲ့ရင် နောက်ဆက်တွဲ သက်ရောက်မှုက ကြီးမားပါလိမ့်မယ်။

ရှေ့က ကျိုးပဲ့သွားတဲ့ ဒလက် အစတွေဟာ နောက်က ဒလက်တွေကိုပါ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဆင့်ကဲဖြစ်စဉ် Domino effect ပါ။

ကျေးဇူးတင်ရမှာက ဒီလောက်ငှက်တိုက်မှုတွေဖြစ်နေပေမဲ့ ကြီးမားတဲ့ ထိခိုက်မှု ( Accident) အရေအတွက်က နည်းပါးပါတယ်။

နောက်တစ်ခုက အင်ဂျင်တစ်ဖက် ချို့ယွင်းခဲ့ရင်တောင် နောက်အင်ဂျင်တစ်လုံးက လေယာဉ်ကို ဆက်လက်သယ်ဆောင်နိုင်ပါတယ်။ ဒီလို ဖြစ်အောင်လည်း ပုံစံထုတ်တည်ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပိုင်းလော့တွေကိုယ်တိုင်လည်း ငှက်နဲ့တိုက်မိတဲ့အခါ လုပ်ဆောင်ရမဲ့ အစီအစဉ်တွေကို လေ့ကျင့်ပြီးသားဖြစ်ပါတယ်။ Standard Operating Procedure (SOP) လို့ခေါ်ပါတယ်။

အရေးပေါ်အခြေအနေအားလုံးအတွက် လုပ်ဆောင်ရမဲ့ အချက်တွေအားလုံး အဲဒီ SOP ထဲမှာ ဖေါ်ပြထားပါတယ်။

အင်ဂျင် ၂ လုံးစလုံး ချို့ယွင်းခဲ့ရင်ရော လို့ မေးစရာရှိပါတယ်။ ဒီလိုအခြေအနေမှာတောင် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။

၂၀၀၉ ခုနှစ်၊ဇန္နဝါရီလထဲမှာ Airbus A -320 လေယာဉ်တစ်စင်းဟာ ဟတ်ဆန်မြစ်ထဲကို ဆင်သက်ခဲ့ရဘူးပါတယ်။ လေယာဉ် တက်ခါစမှာဘဲ ငှက်အုပ်နဲ့ တိုက်မိလို့ အင်ဂျင် ၂ လုံးစလုံး ချို့ယွင်းခဲ့လို့ပါ။

ပိုင်းလော့ရဲ့ လျင်မြန်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့် ထိခိုက်မှုအနည်းဆုံးနဲ့ ရေပြင်ကို ဆင်းသက်နိုင်ခဲ့ပါတယ်။ ခရီးသည် ၁၅၅ ဦးလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ထိခိုက်မှုနည်းတယ်ဆိုပေမဲ့ လေယာဉ်နဲ့ခရီးသည်တွေကိုတော့ ခြိမ်းခြောက်နေဆဲပါဘဲ။ ဒါကြောင့်လေယာဉ်ကွင်းတွေနားမှာ ငှက်တွေမရှိအောင် ဂရုစိုက်ကြရပါတယ်။

နည်းလမ်းမျိုးစုံနဲ့ ငှက်ခြောက်ကြပါတယ်။ တချို့က ဓါတ်ငွေ့ အမြောက်တွေ တချို့က အသံချဲ့စက်တွေနဲ့ငှက်မောင်းကြပါတယ်။

အသံချဲ့စက်

သိမ်းငှက်တို့၊ စွန်တို့ကို ယာဉ်ပါးအောင်လေ့ကျင့်ပေးပြီး ငှက်တွေလာတဲ့အခါ လွှတ်ပေးလိုက်ပါတယ်။ ငှက်တွေဟာ သိမ်းငှက်ကို ကြောက်ပြီး မလာအောင်လို့ပါ။ စက်ရုပ်ငှက်ပုံတွေ လွှတ်တင်ပြီး မောင်းထုတ်တာမျိုးအထိ ရှိပါတယ်။

လေယာဉ်ရဲ့ Landing lights လို စူးရှတဲ့အလင်းရောင်ကလဲ ငှက်တွေကို ကြောက်လန့် စေပါတယ်။ တချို့ ATC controller တွေက လေယာဉ်ဆင်းခါနီးဆို သေနတ်ပစ်ဖေါက်ပေးတာမျိုး ရှိပါတယ်။

ခုနောက်ပိုင်းမှာ Avian Radar ဆိုတာပေါ်လာပါတယ်။သူက ငှက်အုပ်တွေကို ထောက်လှမ်းနိုင်ပါတယ်။သူတို့လမ်းကြောင်းကို တွက်ချက်ပြီး လေယာဉ်မှူးကို ကြိုတင်သတိပေးနိုင်ပါတယ်။

ဒါပေမဲ့ ကောင်းကင်ကြီးကို သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတဲ့ အငြင်းပွားမှုဟာ ငှက်တွေနဲ့ လေယာဉ်တွေကြားမှာ ဆက်လက်တည်ရှိနေအုံးမှာဘဲ ဖြစ်ပါကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ရပါတယ်။

Knight News Team

Leave a Reply

Your email address will not be published. Required fields are marked *