မျိုးသုဉ်းသွားသော တိရစ္ဆာန်များ

မျိုးသုဉ်းသွားသော တိရစ္ဆာန်များ

ကမ္ဘာပေါ်တွင် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကတည်းက တိရစ္ဆာန်ပေါင်းများစွာ ရှိခဲ့ပါတယ်။

ယနေ့အချိန်ခါမှာ‌တော့ အကောင်ပေါင်းများစွာဟာ အကြောင်းပြချက်မျိုးစုံဖြင့် မျိုးသုဉ်းပျောက်ကွယ်သွားလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါတယ်။

အချို့တိရစ္ဆာန်မျိုးစိတ်များဟာ ရာသီဥတုဒဏ်ကြောင့် မျိုးသုဉ်းသွားကြသလို အချို့ကတော့ လူသားတွေရဲ့ ဖမ်းယူစားသောက်ခြင်းကြောင့် မျိုးသုဉ်းသွားခြင်း ဖြစ်ကြပါတယ်။

ထိုသို့ မျိုးသုဉ်းသွားပြီဖြစ်တဲ့ တိရစ္ဆာန်မျိုစိတ်များအနက်မှ တချို့ကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။

အမွှေးရှည်ဆင် (Woolly Mammoth)

မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ၎င်း အမွှေးရှည်ဆင်ကြီးများရဲ့ အရိုးစုများနှင့် ရုပ်အလောင်းများကို ဆိုက်ဘေးရီးယားဒေသနှင့် မြောက်အမေရိကတိုက်က ရေခဲပြင်ထဲမှာ အကောင်းအတိုင်း တွေ့ရှိခဲ့ကြပါတယ်။

နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်တဲ့ ၎င်းအမွှေးရှည်ဆင်ကြီးများဟာ ရေခဲခေတ် ကုန်ဆုံးပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၇၅၀ဝ ခန့်က သေဆုံးခဲ့ကြတယ်လို့ သုတေသနပြုမှုများအရ သိရပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ ၎င်းတို့ မျိုးသုဉ်းခြင်းကို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နောက်ပိုင်း လေ့လာချက်များအရ လူသားများရဲ့ အမဲလိုက်မှုနှင့်လည်း ဆက်စပ်မှုရှိခဲ့ကြောင်း သိရှိရပါတယ်။

လူသားတို့ရဲ့ အမဲလိုက်ခြင်းနှင့် ပူနွေးသောရာသီဥတု ဖိစီးမှုတို့ဟာ အမွှေးရှည်ဆင်များကို မျိုးသုဉ်းလောက်သည့်အကြောင်းများ ဖြစ်ခဲ့သည်ကို လေ့လာတွေ့ရှိရပါတယ်။

ဒိုဒိုငှက် (Dodo)

ဒိုဒိုငှက်များဟာ မျိုးမသုဉ်းမီက အိန္ဒိယသမုဒ္ဒရာထဲရှိ Mauritius ကျွန်းပေါ်၌ နေထိုင်ကျက်စားခဲ့ပြီး မြေပြင်မှာ အသိုက်လုပ်လေ့ရှိတဲ့ ငှက်မျိုးစိတ်ဖြစ်ကြပါတယ်။။

ဒိုဒိုငှက်များဟာ ကြက်ဆင်ထက် အရွယ်အစားကြီးမားပြီး အလေးချိန် ၂၃ ကီလိုဂရမ် (ပေါင် ၅၀ ခန့်) ရှိပါတယ်။

အပြာနှင့် မီးခိုးရောင်စပ်ထားသော အမွှေးအတောင်များနှင့် ကြီးမားသောဦးခေါင်းရှိကြပါတယ်။

၁၅၀၇ ခုနှစ်ခန့်မှာ ပေါ်တူဂီသင်္ဘော သားများက ၎င်းငှက်များကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဒိုဒိုငှတ်များဟာ လူသားများကို အကြောက်အလန့် မရှိသည့်အတွက် လူကြားထဲမှာ သွားလာကြတဲ့အပြင် မပျံသန်းနိုင်သော ငှက်များဖြစ်ကြပါတယ်။

ထို့ကြောင့် ပေါ်တူဂီ သင်္ဘောသားများဟာ ၎င်းတို့ရဲ့ ပင်လယ်ရေကြောင်း ခရီးစဉ်များမှာ လွယ်ကူစွာရရှိတဲ့အသားလတ်ဆတ်သော ရင်းမြစ်တစ်ခုအဖြစ် ၎င်းတို့ကို ဖမ်းဆီးစားသောက်ခဲ့ကြပါတယ်။

မြေပြင်တွင် အသိုက်ဆောက်ပြီး ဥထားသော ဥများကို ၎င်းတို့နေထိုင်ရာကျွန်းသို့ ရောက်ရှိလာသည့် မျောက်များ၊ ဝက်များနှင့် ကြွက်များစားသောက်ခြင်းကြောင့် ၎င်းတို့အတွက် ကပ်ဘေးသဖွယ် ဖြစ်လာခဲ့ရပါတယ်။

ဒိုဒိုငှက်များဟာ ၁၆၈၁ ခုနှစ်တွင် နောက်ဆုံး ဖမ်းဆီးသဝာ်ဖြဝာ်ခံခဲ့ရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ၎င်းမျိုးစိတ်များကို မတွေ့ရှိရတော့ပေ။

ထို့ပြင် ဝမ်းနည်းစရာကောင်းတာကတော့ ဒိုဒိုငှက်နှင့်ပတ်သက်ပြီး သိပ္ပံနည်းကျဖော်ပြချက်များနှင့် ပြတိုက် နမူနာများ အလွန်နည်းပါးသည့်အတွက် ဖြစ်ပါတယ်။

စတယ်လာပင်လယ်နွား (Steller’s Sea Cow )

စတယ်လာပင်လယ်နွားများကို ဂျာမန်သဘာဝပညာရှင် ဂျော့ဒဗလျူ စတယ်လာက ၁၇၄၁ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် စတယ်လာ၏ ပင်လယ်နွားများဟု အမည်မှည့်တွင်ခဲ့ခြင်းဖြစ်ပါတယ်။

စကယ်လာပင်လယ်နွားများဟာ ဘာရင်းပင်လယ်ရှိ ကိုမန်ဒါကျွန်းစုများ၏ ကမ်းနီးဒေသများမှာ နေထိုင်ကျက်စားခဲ့ကြပြီး အရှည် ၉ မီတာမှ ၁ဝ မီတာ (ပေ ၃၀ ကျော်)ရှိကာ အလေးချိန် ပေါင် ၂၂၀၀၀ ရှိပါတယ်။

ထိုသို့ကြီးမားတဲ့ ပင်လယ်နွားများဟာ ပင်လယ်ရေပြင်မှာ နစ်မြုပ်မနေဘဲ မျှောနေသောကြောင့် ပင်လယ်ခရီးရှည်များသွားသည့် လူသားများရဲ့ အမဲအနေဖြင့် လွယ်ကူစွာသဝာ်ဖြဝာ်ခံခဲ့ရပါတယ်။

၎င်းမျိုးစိတ်များကို စတင်တွေ့ရှိပြီးနောက် ၁၇၆၈ ခုနှစ်မှာ မျိုးသုဉ်းသွားခဲ့ပါတယ်။ စတယ်လာပင်လယ်နွားနှင့်ပတ်သက်ပြီး ထိန်းသိမ်းထားသည့် နမူနာများ မရှိကြောင်းလည်း သိရပါတယ်။ဝမ်းနည်းစရာပါ။

ခရီးသည်ခို (Passenger Pigeon)

ခရီးသည်ခိုများဟာ ချိုးငှက်နှင့်ဆင်တူပြီး မြောက်အမေရိက အရှေ့ပိုင်းမှာ သန်းနှင့်ချီပြီး အုပ်စုလိုက် နေထိုင်ကျက်စားခဲ့ကြပါတယ်။

အမေရိကန်မှာ အခြေချနေထိုင်သူများက ၎င်းခိုများကို အသားအတွက် နှစ်စဉ်သန်းနှင့်ချီ၍ အမဲလိုက်ခဲ့ကြပါတယ်။ဒါကြောင့် ၁၉၀၀ ပြည့်နှစ်အစောပိုင်းမှာ မျိုးသုဉ်းသွားခဲ့ရပါတယ်။

ဒါ့အပြင် သားပေါက်ရာသီမှာလည်း အမဲလိုက်ခံရကာ ၎င်းတို့ရဲ့ အသိုက်များကို ဖျက်ဆီးပစ်လေ့ရှိကြပါတယ်။ ထို့ကြောင့် ၁၈၇ဝ ပြည့်နှစ်မှပြီး ၎င်းငှက်အကောင်ရေများ ကျဆင်းလာခဲ့ပါတယ်။

အိုဟိုင်းယိုးပြည်နယ် Cincinnati တိရစ္ဆာန်ရုံတွင်ရှိသည့် နောက်ဆုံးမျိုးစိတ်ဖြစ်သော Martha အမည်ရှိ ခရီးသည်ခိုဟာ ၁၉၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။

အောရက်စ်နွား (Eurasian Aurochs)

အောရက်စ်နွားသည် တစ်ချိန်က ဥရော၊ ဆိုက်ဘေးရီးယားနှင့် ဗဟိုအာရှရဲ့ သဲတောင်တန်းများတစ်လျှောက်မှာ ကျက်စား‌သည့် ကြီးမားတဲ့ တောရိုင်းနွားမျိုးဖြစ်ပါတယ်။

အောရက်စ်နွားများဟာ မတ်တတ်ရပ်နေလျှင် ၁ ဒသမ ၈ မီတာ (ခြောက်ပေ)ထိ မြင့်မားပါတယ်။သူရဲ့ ကြီးမားပြီး ရှေ့သို့ကွေးနေသော ဦးချိုများကြောင့်လည်း လူသိများကြပါတယ်။

အောရက်စ်နွားများရဲ့ ရန်လိုတတ်တဲ့စိတ်ကြောင့် ရောမခေတ်က ကွင်းများမှာ ယှဉ်ပြိုင်တိုက်ခိုက်သော အားကစားများအတွက် သုံးခဲ့ကြပါတယ်။

တိရစ္ဆာန်များဖြင့် အမဲလိုက်သော ကစားပွဲများတွင် အောရက်စ်နွားများကို သုံးခဲ့ကြသဖြင့် အလွန်အကျွံ အမဲလိုက်ခြင်း ခံခဲ့ရပါတယ်။ ထို့ကြောင့် ၎င်းတို့ဟာ ဒေသအများအပြားမှာ တဖြည်းဖြည်း မျိုးသုဉ်းသွားခဲ့ရပါတယ်။

၁၃ ရာစုမှာ အောရက်စ်နွားများ အကောင်အရေအတွက် အလွန်ကျဆင်းလာတာကြောင့် ကို အမဲလိုက်ခွင့် ကန့်သတ်ခဲ့ကြပါတယ်။

၁၆၂၇ ခုနှစ်က ပိုလန်မှာ နောက်ဆုံး ကျန်ခဲ့တဲ့ အောရက်စ်နွားမျိုးစိတ်ဟာ သဘာ၀အကြောင်းတရားများကြောင့် သေဆုံးခဲ့ပြီးနောက်မှာတော့ မျိုးသုဉ်းသွားခဲ့ပါတယ်။

အတောင်တိုသော ပင်လယ်ငှက်(Great Auk)

အတောင်တိုပင်လယ်ငှက်ဟာ မြောက်အတ္တလန္တိတ်ရှိ ကျောက်ဆောင်ကျွန်းများတွင် ပေါက်ဖွားကာ ကျက်စားခဲ့ကြပြီး မပျံသန်းနိုင်တဲ့ ငှက်များ ဖြစ်ကြပါတယ်။

ထိုငှက်များဟာ ခန့်မှန်းခြေအားဖြင့် ၇၅ စင်တီ မီတာ (လက်မ ၃၁၀) ရှည်လျားပြီး ရေအောက်မှာ ကူးခပ်ဖို့ အတောင်တိုများ ရှိပါတယ်။

အထူးသဖြင့် ၁၈၀၀ ပြည့်နှစ်အစောပိုင်း ကာလများတွင် မုဆိုးများရဲ့ အမဲလိုက်ခြင်းကို ခံခဲ့ကြရပါတယ်။

နောက်ဆုံး အသက်ရှင်ကျန်ရစ်သောမျိုးစိတ်ကတော့ အိုက်စလန်နိုင်ငံ Eldry ကျွန်း ပြတိုက်တစ်ခုမှာ ၁၈၄၄ ခုနှစ်၊ ဇွန်လက သေဆုံးခဲ့ကြောင်း သိရပါတယ်။

Source-Yadanarpon Daily News

Leave a Reply

Your email address will not be published.