အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို မြန်မာတွေထဲက ပထမဦးဆုံး တီထွင်ပြုစုခဲ့သူ

အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို မြန်မာတွေထဲက ပထမဦးဆုံး တီထွင်ပြုစုခဲ့သူ

မြန်မာစာပေသမိုင်းတွင် အင်္ဂလိပ် – မြန်မာအဘိဓာန်ကို ပြုစု သူများရှိခဲ့ကြ၏။ ထိုအထဲ၌ မြန်မာနိုင်ငံသားများထဲမှ ပထမ ဦးဆုံး တီထွင်ပြုစုခဲ့သူမှာ “မက္ခရာမင်းသားကြီး” ဖြစ်ပေ၏ ။

မက္ခရာမင်းသားကြီးသည် အမရပူရ ပထမမြို့တည် ဗဒုံ မင်းတရားကြီးနှင့် မိဖုရားသီရိမဟာ ရတနာဒေဝီတို့မှ ဖွားမြင် သန့်စင်သော သားတော်ဖြစ်၏။ အင်းဝဘုရင် ဘကြီးတော်၏ ဦးလေး တော်စပ်၏။

မက္ခရာမင်းသားကြီးသည် အင်းဝနေပြည်တော်ရောက် အင်္ဂလိပ်လူမျိုးများနှင့် ဆက်ဆံရာတွင် ထိုသူတို့မှတဆင့် ခေတ်မီ ဝိဇ္ဇာသိပ္ပံပညာရပ်များ၏သဘောကို သိရှိနားလည်ခဲ့သည်။

ထို ပညာရပ်များကို တတ်မြောက်မှသာ မြန်မာတို့ ခေတ်မီနိုင်မည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် မြန်မာများ ခေတ်မီရေးကို မင်းသားကြီးသည် အစွမ်းကုန် အားထုတ်ခဲ့လေသည်။

မင်းသား ကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာရော်ဂျာထံမှ အင်္ဂလိပ်စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် အနောက်တိုင်းဝိဇ္ဇာသိပ္ပံ ဆိုင်ရာ ပညာရပ်များကို လေ့လာဆည်းပူးသည်။

ရီး၏စွယ်စုံကျမ်း (Ree’s Encyclopaedia)ကို လေ့လာ ဆည်းပူးသည်။ မြန်မာ အမျိုးသားတို့ လေ့လာဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါသိပ္ပံ ပညာရပ်အချို့ကို မြန်မာဘာသာသို့ ပြန်ဆိုလေသည်။

မင်းသားကြီးသည် အလွန်ခေတ်မီသူဖြစ်၏။ စာကြည့် ဆောင်နံရံတွင် အပူအအေးချိန်သော သာမိုမီတာနှင့် လေဖိအား ချိန်သော ဗရိုမိတာတို့ကို အမြတ်တနိုး ချိတ်ဆွဲထားသည်။

ကမ္ဘာလုံးသည်ဟူသော အယူအဆကိုလည်း နှစ်သက်လက်ခံ ယုံကြည်ထားသည်။ လော်ဂရစ်သမ် ဂဏန်းသင်္ချာတွက်နည်းကို အင်းဝရောက် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာလိန်းထံက သင်ကြားလေ၏။

အင်းဝတွင် အမှုထမ်းနေသော ကာနယ်ဘာနေးသည် မက္ခရာမင်းသားကြီးအား အင်္ဂလိပ်စာတတ်ကျွမ်း၍ ခေတ်မီ ဝိဇ္ဇာ သိပ္ပံပညာရပ်များကို လေ့လာလိုက်စားသူ ပညာရှင်တစ်ဦးအနေ ဖြင့် ကြည်ညိုကာ သွားရောက်တွေ့ဆုံလေ့ရှိ၏။

မင်းသားကြီး ကလည်း ကာနယ်ဘာနေးအား လေးစားစွာ ဆက်ဆံပြီး သူတတ်ကျွမ်းလိုသော အက္ခရာသင်္ချာ အတတ်ကို မေးမြန်းလေ့ ရှိ၏။ သို့ဖြစ်၍လည်း ကာနယ်ဘာနေးက – သူ၏မှတ်တမ်း၌

“ကျွန်ုပ်သည် မင်းသားကြီး၏ ဗဟုသုတစုံလင် ပုံကို မချီးမွမ်းဘဲ မနေနိုင်ပါ။ ဤမြန်မာနိုင်ငံတွင် မင်းသား ကြီးကဲ့သို့ ပညာဗဟုသုတပြည့်စုံ၍ ဉာဏ်ထက်မြက်သော ပုဂ္ဂိုလ်မျိုးကို မတွေ့ ဖူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာ ဗဟုသုတအရာတွင် အငတ်မပြေ သိကျွမ်းလိုသောသူမျိုး ကို မတွေ့ဖူးပါ”ဟူ၍ ရေးသားထားခဲ့လေသည်။

ထို့ပြင် မင်းသားကြီး၏ အင်္ဂလိပ် – မြန်မာအဘိဓာန် ၊ ပြုစုနိုင်ခြင်းကိုလည်း လေးစား ချီးကျူးခဲ့သည်။ မက္ခရာမင်းသားကြီးကား ထီးရေးနန်းရေး ကိစ္စများကို အလေးမမူ၊ မြန်မာများ အင်္ဂလိပ်ဘာသာ တတ်ကျွမ်းကာ ခေတ်မီ ဝိဇ္ဇာသိပ္ပံဘာသာရပ်များ တတ်ကျွမ်းရေးကိုသာ အာရုံပြုခဲ့သည်။

သူသည် ထိုစဉ်က အင်္ဂလိပ်စာပေတွင် ခေတ်စားသည့် ဂျွန်ဆင် ၏ အင်္ဂလိပ်အဘိဓာန်ကို အခေါက်ခေါက်အခါခါ လေ့လာ သည်။ ထို့နောက် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာချားလိန်းနှင့် တွဲဖက်လျက် အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တီထွင်ပြုစု သည်။

ပြုစုရာ၌ မစ္စတာလိန်းက ရှေးဦးစွာ အင်္ဂလိပ် အဘိဓာန် ကို မြန်မာဘာသာပြန်ဆိုသည်။ ထို့နောက် မြန်မာဘာသာပြန် ဆိုချက်ကို မင်းသားကြီးက စေ့စပ်သေချာစွာ ပြင်ဆင်လေသည်။

ထိုအဘိဓာန်ကို ၁၈၄၁ ခုနှစ်တွင် ကာလကတ္တားမြို့ ၊ သာသနာပြု ပုံနှိပ်တိုက်၌ ရိုက်နှိပ်ခဲ့ရာ ဒီဖိုင်းဆိုက်ကြီးအရွယ်ဖြစ်၍ စာမျက်နှာ ၄၆၈ အထူ ရှိလေ၏။

အဆိုပါအဘိဓာန်ကို ပထမအကြိမ်သာ ရိုက်နှိပ်ခြင်းပြုနိုင်ခဲ့သဖြင့် ယခုခေတ်တွင် အလွယ်တကူ ရှာဖွေမတွေ့ နိုင်တော့ပေ။ သို့ရာတွင် ကံအားလျော်စွာ မပျက်စီးဘဲ ကြွင်းကျန်နေသေးသည့် ယင်းအဘိဓာန် ၂ အုပ်ကား ရှိနေပါသေး၏။

တစ်အုပ်မှာ အမေရိကန်ပြည် ဝါရှင်တန်မြို့ ကွန်ဂရက် စာကြည့်တိုက်တွင် ရှိပြီး ကျန်တစ်အုပ်မှာ ရန်ကုန်မြို့ ယဉ်ကျေးမှု၀န်ကြီးဌာန၊ အမျိုးသား စာကြည့်တိုက်တွင် ရှိလေ၏။

မက္ခရာမင်းသားကြီးကား မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွားမြင်၍ ၁၂၁ဝ ပြည့်နှစ် အသက် (၅၇) အရွယ်တွင် ကံတော် ကုန်ရှာလေသတည်း။

နန္ဒာမိုးကြယ်(မြန်မာ့ဗဟုသုတ-၁၀၀ စာအုပ်မှ)
Photo-credit

Leave a Reply

Your email address will not be published.