ဒိုင်ယာနာ ၂၅ နှစ်ပြည့် အမှတ်တရ

ဒိုင်ယာနာ ၂၅ နှစ်ပြည့် အမှတ်တရ

ဗုဒ္ဓဟူးနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်ဟာ မင်းသမီးဒိုင်ယာနာ မတော်တဆမှုနဲ့ သေဆုံးခဲ့တဲ့ ၂၅ နှစ်မြောက်နေ့ဘဲ ဖြစ်ပါတယ်။

သူမသေဆုံးမှုဟာ တော်ဝင်မိသားစုတစ်ခုအတွက်တင်မကဘဲ တစ်ကမ္ဘာလုံးအတွက် ဝမ်းနည်းပူဆွေးစရာ ဖြစ်ခဲ့တာပါ။

အသက် ၃၆ နှစ်သာရှိသေးတဲ့ သူမဟာ အေအိုင်ဒီအက်စ် ရောဂါသည်များအတွက် တက်ကြွစွာကူညီခဲ့သူဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် မြေမြုပ်မိုင်းရှင်းလင်းရေးကိစ္စတွေကို ကြိုးစားအားထုတ်ပေးခဲ့တာအတွက်လဲ လူသိများပါတယ်။

သူမဟာ ကမ္ဘာ့လူသိအများဆုံး အင်္ဂလိပ်စကားပြော အမျိုးသမီးလဲဖြစ်ပါတယ်။ အသက်၂၀ အရွယ် ရှက်စနိုးအမူအရာနဲ့သူမကို ချားမင်းသားနဲ့မင်္ဂလာပွဲမှာ တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြပြီး ချစ်အားပိုခဲ့ကြပါတယ်။

သူမဟာ ရိုးရာဆန်တဲ့ တော်ဝင်မိသားစုကို ပြောင်းလဲနိုင်ခဲ့သူလိုတောင် ဆိုကြပါတယ်။ ဒီနေ့တော့ သူမရဲ့ အမှတ်တရလေးတွေ ရှာဖွေတင်ပြလိုက်ပါတယ်။

သူမဟာ အလွန်ဆွဲဆောင်မှုရှိတဲ့ မျက်နှာပိုင်ရှင် အမျိုးသမီးဖြစ်ပါတယ်။ ရွှေရောင် အချိုး ( Golden Ratio ) ပရိုဂရမ်ထည့်သွင်းထားတဲ့ ကွန်ပျူတာနဲ့ စစ်ဆေးကြည့်ခဲ့ရာမှာ အခြားတော်ဝင်မိသားစုတွေထက် သာလွန်ပြီး ၈၉.၀၅ ရာခိုင်နှုန်းရှိပါတယ်။

ဒီပရိုဂရမ်ဟာ ရှေးခေတ် ဂရိတို့ရဲ့ ခန္ဒာကိုယ်နဲ့မျက်နှာ အချိုးကျမှုကို စစ်ဆေးတဲ့စနစ်ကို အခြေခံရေးဆွဲထားတာ ဖြစ်ပါတယ်။

သူမရဲ့မင်္ဂလာဝတ်စုံကလည်း အလှဆုံး ဖြစ်ခဲ့ပါတယ်။ သူမဟာ ၁၉၈၁ ခုနှစ်၊ ဂျူလိုင်မှာ ချားမင်းသားနဲ့လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာ ကတိစကားဟာ သာမန်မင်္ဂလာပွဲမှာသုံးထားတဲ့ စာသားတွေကိုဘဲ သုံးခဲ့ပါတယ်။

စာသားက To love, cherish and to obey, till death us do apart. ဖြစ်ပေမဲ့ ဒိုင်ယာနာက obey ဆိုတဲ့စကားလုံးကို မဆိုခဲ့ပါဘူးတဲ့။ ဒီထုံးစံကို သူမသားဖြစ်သူ မင်းသားဝီလျံနဲ့ ကိတ် မစ်ဒယ်တန်တို့လက်ထပ်တဲ့ပွဲမှာလဲ ကျင့်သုံးတာ တွေ့ရပါတယ်။

လူတွေဟာ AIDS ရောဂါသည်တွေကို ထိတွေ့ကိုင်တွယ်ဖို့ ဝန်လေးကြပါတယ်။ သူမကတော့ ရောဂါသည်တွေနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ဝန်မလေးပါဘူး။ယူကေမှာ AIDS ရောဂါကုသမှု ဖေါင်ဒေးရှင်းကို စတင်တည်ထောင်ပေးခဲ့ပါတယ်။

သူမရဲ့အချစ်ရေးကတော့ နဲနဲရှုပ်ထွေးပါတယ်။ သက်တော်စောင့် Berry Mannakee ဆိုသူ သက်တော်စောင့် ဟာ သူမနားမှာ ၁ နှစ်သာ လုပ်ခွင့်ရခဲ့ပါတယ်။ သူမနဲ့ပါတ်သက်မှုလို့ ယူဆတာကြောင့် တော်ဝင်မိသားစုက သူ့ကို တခြားသူနဲ့ အစားထိုးလိုက်ပါတယ်။

Mannakee ဟာ ၁၉၈၇ ခုနှစ်မှာ မော်တော်ဆိုင်ကယ် မတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။

သူမဟာ ချားလ် မင်းသားနဲ့သား၂ ယောက် ထွန်းကားခဲ့ပါတယ်။ဝီလျံနဲ့ဟင်နရီလို့ အမည်ရပါတယ်။ ကလေးတွေကို တော်ဝင်မိသားစုတွေရဲ့ ထုံးစံအတိုင်း‌ မထားဘဲ ပြင်ပကျောင်းမှာတက်စေခဲ့ပါတယ်။

သူမသားတွေ ဆယ်ကျော်သက်အရွယ်မှာ ရုပ်ရှင်မင်းသမီး စင်ဒီခရောဖို့ကိုဖိတ်ခေါ်ပြီး သားတွေကို ရင်းနှီးစေခဲ့ပါတယ်။

စင်ဒီဟာ စိတ်လှုပ်ရှားလွန်းလို့ ဘယ်လိုအဝတ်အစားနဲ့ ဖိတ်ခေါ်ပွဲကို တက်ရောက်ရမှန်း မသိတော့ပါဘူးလို့ ပြောခဲ့ရပါတယ်။

သူမကို ချစ်လို့ လက်ဆောင်တွေ
မက်ဆေ့တွေ ပို့သူမှန်သမျှကို စာပြန်ပို့လေ့ရှိပါတယ်။ သူမလက်ရေးနဲ့အကြောင်းပြန်တဲ့စာတွေဟာ ခုတော့ ရှားပါးပြီး တန်ဖိုးမြင့်တဲ့အရာဖြစ်နေပါပြီ။ တချို့ဆို ဒေါ်လာ ၂၀၀၀၀ လောက်နဲ့လေလံတင် ရောင်းချခဲ့ကြပါတယ်။

သူမရဲ့ လှုပ်ရှားမှုတိုင်းကို ဓါတ်ပုံခိုးရိုက်ကြသူတွေရှိပါတယ်။သူတို့ကို Paparazzi လို့ခေါ်ပါတယ်။ သူမရဲ့ ဓါတ်ပုံတစ်ပုံကို ဈေးအများကြီးပေးတဲ့ သတင်းဌာနတွေကို ရောင်းကြပါတယ်။

သူမဘဝဟာ ပါပါရာဇီတွေကြောင့်ဘဲ ဇါတ်သိမ်းခဲ့ရတာ ဝမ်းနည်းစရာပါ။ သူမကို ပြည်သူ့မင်းသမီးလို့ တင်စားကြပါတယ်။

၁၉၉၅ ခုနှစ်မှာ သူမဟာ ချားလ်မင်းသားနဲ့ ကွာရှင်းခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာတော့ ပဲရစ်မြို့ရဲ့ မြေအောက်ကားလမ်း တစ်ခုမှာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်ခဲ့ပါတယ်။

သူမနဲ့အတူ သူမရဲ့ ချစ်သူ ဒိုဒီ အယ်ဖာရက်နဲ့ ကားမောင်းသူတို့ပါ သေဆုံးခဲ့ပါတယ်။ စစ်ဆေးချက်တွေအရ ကားသမားရဲ့ခန္ဒာကိုယ်ထဲက အရက်ပါဝင်မှုဟာ သုံးဆလောက်မြင့်မားနေလို့ အမူးလွန်တာဖြစ်တယ် ဆိုပေမဲ့ ပါပါရာဇီတွေကို ရှောင်ဖို့ အမြန်မောင်းရင်း ဖြစ်တယ်လို့ ယူဆသူတွေလဲရှိကြပါတယ်။သူမကွယ်လွန်ချိန်မှာ ၃၆ နှစ်သာရှိပါသေးတယ်။

သူမအကြောင်းအပြည့်အစုံ တင်ပြဖို့ အချိန်များများ ယူမှရမှာပါ။ဒါကြောင့် လက်လှမ်းမီသမျှတင်ပြရင်း ပြည်သူချစ်မင်းသမီးရဲ့ ကွယ်လွန်မှု ၂၅ နှစ်ပြည့်ကို ဂုဏ်ပြုလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.