တိုက်တန်းနစ် ၂

တိုက်တန်းနစ် ၂

Titanic II လို့ အမည်ရတဲ့ သင်္ဘောကြီးတစ်စီးကို ဒီ ၂၀၂၂ ခုနှစ် မကုန်ခင်မှာ တွေ့မြင်ရဖို့ ရှိပါတယ်။

ဒီသင်္ဘောကို မူလတိုင်တန်းနစ်နဲ့ ပုံစံတူတည်ဆောက်ထားပါတယ်။ စီမံကိန်းကတော့ ရည်မှန်းချက် ကြီးမားပါတယ်။

သင်္ဘောအသစ်ဟာ မူလသင်္ဘောထက် တချို့နေရာမှာ ကြီးတာကလွဲလို့ ကျန်တာ အတူတူပါဘဲတဲ့။ ဇိမ်ခံ အနားယူခန်းတွေကအစ အတူတူပါ။

သင်္ဘောကလောလောဆယ် တရုပ်မှာ တည်ဆောက်နေတုန်းပါ။ သူ့ရဲ့ပထမဆုံးခရီးကို ၂၀၂၂ ခုနှစ်မှာ စတင်ဖို့ ပြင်ဆင်ထားပါတယ်။ သင်္ဘောဟာ ဒူဘိုင်းကနေ အင်္ဂလန်ရဲ့ ဆောက်သမ်တန်ကို သွားမှာပါ။

ပြီးရင်တော့ တိုင်တန်းနစ်ရဲ့လမ်းကြောင်းအတိုင်း အတ်တလန်တစ်သမုဒ္ဒရာကို ဖြတ်သန်းပြီး နယူးရောက်ကိုသွားမှာ ဖြစ်ပါတယ်။

တိုင်တန်းနစ်နဲ့ အလုံးစုံတူတယ်ဆိုပေမယ့် သိသာတဲ့ ကွဲလွဲမှုတွေတော့ ရှိနေပါတယ်။ ခရီးသည် ၂၄၀၀ သယ်ဆောင်နိုင်ပြီး အမှုထမ်း ၉၀၀ ပါဝင်မှာ ဖြစ်ပါတယ်။

မူလသင်္ဘောထက် ၁၃ ပေ ပိုကျယ်ပါတယ်။ ခေတ်သစ် ဥပဒေနဲ့ကိုက်ညီအောင် တည်ဆောက်ထားပါတယ်။ သင်္ဘောအသစ်ဟာ ၅၆,၀၀၀ တန် အလေးချိန် ရှိပါတယ်။

မူလတိုင်တန်းနစ်က ၄၆,၀၀၀ တန် ရှိပါတယ်။ အသစ်က ခေတ်မီ လမ်းညွှန်စက်ကရိယာတွေ တပ်ဆင်ထားပါတယ်။

တိုင်တန်းနစ် ရုပ်ရှင်ချစ်သူများဟာ ဝိုင်အရက်ခန် နဲ့ အတွင်းပိုင်း အပြင်အဆင်တွေ ထပ်တူညီနေတာကိုတွေ့ရင် သဘောကျမှာပါ။

အစစ်နဲ့ မခြားအောင် အတွင်းပိုင်းအပြင်အဆင်ကအစ ဂရုတစိုက် ပြုလုပ်ထားပါတယ်။ Public area နဲ့ရေကူးကန်တွေ တူရကီစတိုင်ရေချိုးခန်းတွေကလည်း ထပ်တူပါဘဲ။

ရုပ်ရှင်ထဲက ကိတ်ဝင်းစလက်နဲ့ လီယိုနာဒိုတို့ လေညှင်းခံရာ ထိပ်ကလှေကားလက်ရမ်းလဲတူအောင် တပ်ပေးထားပါတယ်။

အထပ် ၉ ခု နဲ့ အခန်း ၈၄၀ ပါဝင်ပြီး အခန်းတွေကို ပထမတန်း ဒုတိယတန်း နဲ့ တတိယတန်းဆိုပြီး ခွဲခြားထားပါတယ်။ ဒါလဲ အတူတူပါဘဲ။

အတွင်းပိုင်းအပြင်အဆင်တွေကိုတော့ ဆွီဒင် ကုမ္ပဏီက တာဝန်ယူပါတယ်။ ဒါပေမဲ့ သစ်သားကိုတော့ မီးအန္တရာယ်နဲ့ ဥပဒေကြောင်းအရ သုံးလို့မရပါဘူး။ ဒါကြောင့် အပေါ်ယံ သစ်ပါးလွှာပါးပါးကိုဘဲ သုံးထားပါတယ်။

တတိယတန်းအခန်းတွေကလဲ ခေတ်မီအောင် မွမ်းမံထားပါတယ်။ အထဲမှာ ရေချိုးခန်း ထည့်ပေးထားပါတယ်။

တိုင်တင်နစ်အသစ်မှာ အရင်လို ရေနွေးငွေ့ဘွိုင်လာနဲ့ ခုတ်မောင်းမှာမဟုတ်ပါဘူး။ ဒီဇယ်လျှပ်စစ်အင်ဂျင်နဲ့ မောင်းနှင်မှာဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ ဘွိုင်လာကြီးနေရာမှာ အမှုထမ်းတွေအတွက် အခန်းလုပ်ပေးထားပါတယ်။

စားသောက်ဆိုင်နဲ့ ခန်းမကလည်း မူလအတိုင်းတူအောင် လုပ်ထားပြီး မီနူး ကဒ်ပြားကအစ တထေရာထဲတူအောင်လုပ်ထားပါတယ်ဆိုဘဲ။

ကဲ အခုမေးခွန်းစပါပြီ။ Titanic II ကဘယ်တော့ပြီးမှာလဲ။ အောင်မြင်မှုရှိပါ့မလားဆိုတာပါ။

ဩစတေးလျနိုင်ငံသား Clive Palmar ဆိုသူ လုပ်ငန်းရှင်တ‌စ်ယောက်က ဒီစိတ်ကူးကို အကောင်အထည်ဖေါ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်မှာ သင်္ဘောကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပါတယ်။ Blue Star ဆိုတဲ့အမည်နဲ့ပါ။တိုင်တန်းနစ် နှစ်တရာပြည့်မှာ သူက ဒီလိုလုပ်ဖို့စိတ်ကူးမိခဲ့ပါတယ်။

သင်္ဘောအတွက် ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျမှာပါ။ အခု ၉ နှစ်ကြာခဲ့ပါပြီ။ သိပ်မသေချာသေးတာတွေရှိနေပါတယ်။

တရုပ်ဟာ သင်္ဘောတည်ဆောက်ရေး မှာ အတွေ့အကြုံ နဲပါတယ်။ Palmer က ဩဇီမှာ သိပ်နာမည်ကြီးတဲ့လူလဲ မဟုတ်ပါဘူး။

ချားဟတ်စ်ဆိုသူ အပြည်ပြည်ဆိုင်ရာ တိုင်တန်းနစ်အဖွဲ့ ဥက္ကဌက ပြောရာမှာတော့ “သူ့ခေတ်သူ့အခါမှာတော့ တိုင်တန်းနစ်က အံ့ဖွယ်ဖြစ်ခဲ့ပါတယ်။ ဒါတောင် လက်တွေ့မှာ ဘဏ္ဌာရေးအခက်အခဲ ကြုံရပါသေးတယ် ” တဲ့။

တိုင်တင်းနစ် ၂ ရဲ့ ဝက်ဆိုဒ်ကလဲ အပ်ဒိတ် မလုပ်တာ ၃ နှစ်ရှိပါပြီ။ ဒါပေမဲ့ တိုင်တန်းနစ် နှစ် ၁၁၀ ပြည့်တဲ့ ၂၀၂၂ ခုနစ်မှာတော့ ထွက်ရှိလာဖို့ မျှော်နေသူတွေ အများအပြား ရှိနေကြပါတယ်တဲ့ခများ။

Knight News Team

Leave a Reply

Your email address will not be published.