လေဆိပ်ထဲမှာ ၁၈ နှစ်ကြာ

လေဆိပ်ထဲမှာ ၁၈ နှစ်ကြာ

လေဆိပ်ဆိုတာ ခရီးသည်တွေ ဝင်လိုက် ထွက်လိုက်နဲ့ စည်ကားနေတတ်တာမျိုးပါ။ ဝန်ထမ်းတွေကလည်း သူ့တာဝန်ချိန်အလိုက် လုပ်ကိုင်နေကြစမြဲပါ။

ဒါပေမဲ့ အခုတင်ပြမယ့် လူကတော့ ဝန်ထမ်းလည်း မဟုတ်ဘဲ လေဆိပ်ထဲမှာ ၁၈ နှစ်ကြာအောင် နေထိုင်သွားခဲ့ပါတယ်။ ကြည့်ရအောင်နော်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လမှာ လူတစ်ယောက်ဟာ ခရီးစဉ်တစ်ခုနဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဟိသရိုး လေဆိပ်ကို ရောက်ရှိလာပါတယ်။

သူ့အမည်က Mehran Karimi Nasseri (မရမ် ကာရီမီ နက်ဆာရီ)ဖြစ်ပါတယ်။ သူ့မှာ ဘာစာရွက်စာတမ်း အထောက်အထားမှ ပါမလာပါဘူး။ လေဆိပ်တာဝန်ရှိသူတွေက သူ့ကို ချက်ခြင်းပြန်ပို့ဖို့ လုပ်ဆောင်ပါတယ်။

သူ့ကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့က ချားလ် ဒီဂေါလ် လေဆိပ် (Charles de Gaulle Airport)ကို ပို့လိုက်ပါတယ်။ အဲဒီမှာ သူက ပြင်သစ်ပြည်ထဲကို ဝင်ဖို့ ငြင်းဆန်နေပါတယ်။

သူဟာ ခရီးသည်ဆောင် ၁ ( Terminal 1 ) မှာ သောင်တင် နေပါတော့တယ်။ အဲဒီနေရာမှာဘဲ သူဟာ နောက်ထပ် ၁၈ နှစ် နေထိုင်ခဲ့ပါတယ်။

Nasseri ရဲ့အဖြစ်က ဆန်းကျယ်ပါတယ်။ သူဟာ အီရန်မှာ ၁၉၄၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၇၃ ခုမှာ ဗြိတိန်ကို ရောက်ခဲ့ပါတယ်။ သင်တန်းတစ်ခုကို ၃ နှစ်ကြာ တက်ရောက်ခဲ့ပါတယ်။ သူ့ကို အီရန်က နှင်ထုတ်တယ်လို့ သူကပြောပါတယ်။ ဒါကလည်း သက်သေမရှိပါဘူး။

သူဟာ ဥရောပမှာ နှစ်အတော်ကြာ လှည့်လည် နေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာတော့ အင်္ဂလန်ကို ပြန်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ သူ့စာရွက်စာတမ်းတွေ အကုန်လုံး ပျောက်ဆုံးခဲ့ပါတယ်။

Nasseri ကတော့ အဲဒါတွေ ပြင်သစ်မှာ အခိုးခံရတယ်လို့ ပြောပါတယ်။ ဘာသက်သေမှလဲ မပြနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ တာမင်နယ် ဝမ်း ( Terminal 1 )ဟာ သူ့အိမ် ဖြစ်လာပါတယ်။ သူနေထိုင်စရာ နေရာလေးကို ကိုယ်တိုင် လုပ်ထားပါတယ်။

သူ့ရဲ့တစ်နေ့တာ အချိန်တွေကို ဆေးလိပ်သောက်ခြင်း ဒိုင်ယာရီရေးခြင်းနဲ့ ကုန်ဆုံးစေပါတယ်။

သူ့ရဲ့ရှေ့နေက ဒီအကျပ်အတည်း ကနေ သူ့ကို ကယ်ထုတ်ဖို့ ကြိုးစားပါတယ်။ Nasseri ကတော့ သူ့ဘဝကို ပျော်မွေ့နေပါတယ်။ ယောက်ကျားလေးအခန်းမှာ ရေချိုးပါတယ်။ မက်ဒေါ်နယ်ဆိုင်မှာ စားပါတယ်။

အဝတ်အစားကလဲ လူမှုရေးအသင်းကလှူတာကို ဝတ်ပါတယ်။ ဒီလိုနေထိုင်မှုက သူ့ကို လူသိများစေပါတယ်။ ခရီးသည်တွေဟာ သူလုပ်ထားတဲ့အခန်းလေးကို ချောင်းကြည့်ကြပါတယ်။ သူနဲ့ ဓါတ်ပုံတွဲရိုက်တာတို့ ၊အော်တိုရေးခိုင်းတာတို့ လုပ်ကြပါတယ်။

တချိန်မှာတော့ သူဟာ အီရန်လူမျိုး မဟုတ်ဘူးလို့ ပြောလာပါတယ်။ သူက ပါရှန်းစကားကို နားမလည်ချင်ယောင် ဆောင်ပါတယ်။

သူ့ကိုယ်သူ ဗြိတိန်လို့ ပြောလိုက်၊ ဆွီဒင်လို့ ပြောလိုက် လုပ်လာပါတယ်။ ဆွီဒင်ကနေ ရေငုပ်သင်္ဘောနဲ့ အီရန်ကို ထွက်ပြေးလာတယ်လို့လည်း ပြောပါတယ်။ သူ့ကိုယ်သူ ဆာ အဲဖရက်(Sir Alfred Mehran) လို့ ပြောပါတယ်။

အနေကြာလာတော့ လေယာဉ်အမှုထမ်းတွေနဲ့ သူငယ်ချင်းတွေဖြစ်နေပါပြီ။ ဝန်ထမ်းတွေက သူ့ကို စားစရာ၊ ဆေးလိပ်နဲ့ မဂ္ဂဇင်းတွေပေးကြပါတယ်။

သူ့အကြောင်း သတင်းတွေမှာ ဖေါ်ပြကြသလို သူ့ထံကို စာရေးပို့သူတွေတောင် ရှိလာပါတယ်။ တချို့ဆို ပိုက်ဆံတွေတောင် ပို့ကြပါတယ်။

ဒါပေမဲ့ အရာအားလုံးက သူ အင်္ဂလန်နိုင်ငံမှာ နေချင်တဲ့ အိမ်မက်ကတော့ မပြည့်ဝသေးပါဘူး။

သူ့ရဲ့ရှေ့နေ ခရစ်စတင်းဘိုးဂတ်က အဖြေရှာဖို့ စီစဉ်ပါတော့တယ်။ သူက ဘယ်ဂျီယမ်အစိုးရကို မေတ္တာရပ်ခံပြီး Nasseri ကို မှတ်ပုံတင်( passport) ထုတ်ပေးဖို့ လုပ်ပါတယ်။

ဘယ်ဂျီယမ်ကလည်း သူ့ကို လေဆိပ်မှာ ၇ နှစ်လောက်ရှိနေပြီဖြစ်လို့ သနားစိတ်နဲ့ သဘောတူလိုက်ပါတယ်။၁၉၉၅ ခုနှစ်မှာတော့ Nasseri ကို ဘယ်ဂျီယမ်နိုင်ငံကို ဝင်ခွင့်ပြုကြောင်း သတင်းစာမှာ ပါလာပါတယ်။

ဒါပေမဲ့ သူဟာ ဘယ်ဂျီယမ်မှာ ဒုက္ခသည်အနေနဲ့ နေရမှာဖြစ်ပြီး စောင့်ကြည့်တာ ခံရပါလိမ့်မယ်။ Nasseri က ငြင်းပါတယ်။

သူက အင်္ဂလန် ဒါမှမဟုတ် တာမင်နယ် ဝမ်းမှာဘဲ နေချင်ပါတယ်။ နောက်ဆုံးပြင်သစ်က နိုင်ငံသားအဖြစ် လက်ခံဖို့ ကမ်းလှမ်းပါတယ်။Nasseri ကတော့ အကျောက်အကန် ငြင်းပါတယ်။

သူက ဆာအဲဖရက် မီဟာရန် ဖြစ်တယ်လို့ ပြောပြန်ပါတယ်။ အင်္ဂလန်ကလွဲရင် မနေနိုင်ဘူးလို့ ဆိုပါတယ်။

သူ့အကြောင်းကို ဒါရိုက်တာ စတီဖင်စပီးဘတ်က စိတ်ဝင်စားသွားပါတယ်။ ၂၀၀၃ ခုနှစ်မှာ Nasseri ရဲ့ ဇါတ်လမ်းကို မူပိုင်ခွင့်နဲ့ ဝယ်ယူလိုက်ပါတယ်။

Dream Works ကုမ္ပဏီက အီရန်ဒေါ်လာ ၂၅၀,၀၀၀ ပေးဝယ်တာပါ။ ဒါပေမဲ့ ရုပ်ရှင် မရိုက်ဖြစ်ခဲ့ပါဘူး။

စပီးဘတ်ဟာ မူလဇါတ်လမ်းအစား အမေရိကန်ရဲ့ JFK လေဆိပ်မှာ ၁၈ လကြာသူတစ်ယောက်ဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင် မင်းသားကြီး တွမ်ဟန့် သရုပ်ဆောင်ထားတဲ့ The Terminal အမည်ရ ရုပ်ရှင်ဇာတ်ကားပါ။၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။

Nasseri ဟာ ချားဒီဂေါလ်လေဆိပ်မှာ ၂၀၀၆ ခုနှစ်အထိ ၁၈ နှစ်တိုင်အောင် နေခဲ့ပါတယ်။ နောက်တော့ ရောဂါတစ်ခုကြောင့် အရေးပေါ်ဆေးရုံတက်ခဲ့ရပါတယ်။

ပြီးမှ အကျဉ်းထောင်ကတဆင့် ရိပ်သာတစ်ခုကို ပြောင်းရွှေ့ နေထိုင်ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး သူ့ဇါတ်လမ်းဟာလည်း ပျောက်ကွယ်သွားပါတော့တယ်။

စာရှုသူရော Nasseri (နက်ဆာရီ) ကို ဘယ်လိုထင်ပါသလဲ။ မန့်ခဲ့ပါအုံးနော်။

Knight News Team

Leave a Reply

Your email address will not be published.