နေတိုးအဖွဲ့ ဘယ်လိုပေါ်ပေါက်လာခဲ့တာလဲ
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီး စစ်အေးတိုက်ပွဲ ပြီးဆုံးပြီးနောက် မှေးမှိန်ခဲ့ရသော နေတိုးအဖွဲ့ (NATO – North Atlantic Treaty Organization)ရဲ့ အခန်းကဏ္ဍဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ပြန်လည်အရေးပါလာခဲ့ရပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် နေတိုးအဖွဲ့ဟာ တိုက်ရိုက်ကူညီ တိုက်ခိုက်ပေးခြင်း မရှိပါဘူး။
သို့သော် ယူကရိန်းကို စစ်လက်နက်များ အလုံးအရင်း ကူညီထောက်ပံ့နေပါတယ်။ နေတိုးအဖွဲ့က မိမိတို့ရဲ့ အဖွဲ့ ဝင်နိုင်ငံတစ်ခုခုကို ထိပါးလာပါက ရုရှားနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မည်ဟုလည်း သတိပေး ပြောဆိုထားပါတယ်။
ဒုတိယကမ္ဘာစစ်တွင် လူပေါင်း သန်း ၆၀ မှ သန်း ၈ဝ ခန့်အထိ သေဆုံးခဲ့ရပါတယ်။ ထိုအထဲမှာ အရပ်သားပြည်သူများ သေဆုံးမှုမှာ သန်း ၅၀ နှင့် ၅၅ သန်းကြား ရှိပါတယ်။
ဟစ်တလာရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကြောင့် ဂျူးလူမျိုး ၆ သန်း ဆုံးပါးခဲ့ရပါတယ်။ ပထမကမ္ဘာစစ်မှာ စစ်ဖြစ် ရာ တိုက်ပွဲဖြစ်ရာ ဒေသများသာ ထိခိုက်ပျက်စီးခဲ့သော်လည်း ဒုတိယကမ္ဘာစစ်မှာတော့ ကမ္ဘာ့နိုင်ငံအများအပြားရဲ့ စီးပွားရေးပါ ပြိုလဲခဲ့ရပါတယ်။
စစ်ပွဲကြောင့် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးရမှု ပမာဏဟာ ဒေါ်လာ တစ်ထရီလီယံကျော်ပင် ရှိခဲ့ပါတယ်။
စစ်ဒဏ်ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ ဥရောပနိုင်ငံများဟာ စစ်ကြီးအပြီးမှာ စီး ပွားရေး များစွာကျပ်တည်းခဲ့ရာ အမေရိကန်ကို အကူအညီတောင်းခဲ့ရပါတယ်။
အမေရိကန်ဟာ စစ်ဒဏ်ကို တိုက်ရိုက်မခံစားရတဲ့အပြင် စီးပွားရေးကလည်း တောင့်တင်းခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်မာရှယ်ဟာ ဥရောပတိုက် ပြန်လည် ထူထောင်ရေး စီမံချက်ကို ၁၉၄၈ ခုနှစ်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
မာရှယ်ပလန်လို့ လူသိများတဲ့ ထိုစီမံချက်အရ အမေရိကန်ဟာ ဥရောပနိုင်ငံများကို ဒေါ်လာ ၁၅ ဘီလီယံ ထောက်ပံ့ခဲ့ပါတယ်။ ထိုစဉ်က ဒေါ်လာ ၁၅ ဘီလီယံဆိုတာ အလွန်များပြားတဲ့ ပမာဏပါ။
အမေရိကန်ဟာ ဥရောပနိုင်ငံများဆီသို့ ကွန်မြူနစ်ဝါဒ ပျံ့နှံ့ မသွားစေရန် ကူညီခြင်း ဖြစ်တယ်လို့ သမိုင်းပညာရှင်များက သုံးသပ်ပြောဆိုကြပါတယ်။
ဆိုဗီယက်ဟာ အမေရိကန်ရဲ့ အကူအ ညီကို လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။ မာရှယ်ပလန်ကြောင့်ပင် အရှေ့အုပ်စုနှင့်အနောက်အုပ်စုဆိုပြီး သိသာကွဲပြားလာခဲ့ရပါတယ်။
ဆိုဗီယက်သည် ၁၉၄၈ ခုနှစ်မှာ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံမှာ အာဏာသိမ်းပွဲ ပေါ်ပေါက်စေရန် ဖန်တီးကာ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့ပါတယ်။
အခြားသော ဥရောပနိုင်ငံများပါ ဆိုဗီယက် ဩဇာခံ ဖြစ်လာမည်ကို စိုးရိမ်တဲ့ အမေရိကန်ဟာ ၁၉၄၉ ခုနှစ်မှာ နေတိုးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။
ဖွဲ့စည်းခါစကတော့ အဖွဲ့ဝင် ၁၂ နိုင်ငံဖြစ်ပါတယ်။ အချုပ်ဆိုရလျှင် ကွန်မြူနစ်ဝါဒကို ဟန့်တားဖို့ နေတိုးအဖွဲ့ကို တည်ထောင်ခဲ့ရခြင်း ဖြစ်ပါတယ်။
ဆိုဗီယက်ကလည်း ဝါဆောစစ်စာချုပ်အဖွဲ့ကို အဖွဲ့ဝင်(ဂ)နိုင်ငံနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဝါဆော စစ်စာချုပ်အဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ ပျက်ပြယ်သွားခဲ့ပါတယ်။
သို့သော်လည်း နေတိုးကတော့ အဖွဲ့ဝင် နိုင်ငံ ၃၀ အထိ ဖြစ်လာပြီး ယနေ့အထိ အခိုင်အမာ ဆက်လက်ရပ်တည်လျက်ရှိကြောင်း တင်ပြလိုက်ရပါတယ်။
Knight News Team