ထူးဆန်းသော ဆရာတော်

ထူးဆန်းသော ဆရာတော်

အချိန်က ၁၉၇၂-၁၉၇၃ ခုနှစ် ပါတ်ဝန်းကျင်လောက်က ဖြစ်ပါတယ်။ သစ်သားနှစ်ထပ် ကျောင်းအိုကြီးရဲ့အောက်ထပ်မှာ ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းသားငယ်တစ်ယောက်တို့ဟာ ဖိုထိုးနေကြပါတယ်။

ဖိုထိုးတယ်ဆိုတာက ရွှေဖြစ်၊ငွေဖြစ် အဂ္ဂိရတ်ပညာကို ပြောတာပါ။ ကျောင်းသားက ဖါးဖိုကြိုးကို ဆွဲပေးပြီး မီးဖိုကို လေမှုတ်အား ရစေပါတယ်။

ဆရာတော်ကတော့ မီးညှပ်တစ်ခုနဲ့ မီးဖိုထဲက မီးသွေးတွေ ညီညာအောင် ညှိပေးနေပါတယ်။ အချိန်ကလည်း ညသန်းကောင်ယံဆိုတော့ ကျောင်းသားဟာ အိပ်ချင်နေပြီး မျက်လုံးမနဲ ဖွင့်နေရပါတယ်။

ရုတ်တရက် ဖေါင်းဆိုတဲ့အသံကြီး‌ ထွက်ပေါ်လာပြီး မီးဖိုထဲကနေ အထက်ကို ရောင်စုံ မီးပန်းတွေ ဖြာထွက်လာပါတယ်။

ကျောင်းသားက လန့်သွားပေမဲ့ ဆရာတော်ကတော့ ” ရပြီကွ၊ အောင်ပြီကွ” လို့ ခပ်ကျယ်ကျယ်လေးအော်လိုက်ပြီးမှ ညှပ်နဲ့ မီးဖိုထဲက လုံ ( ဖိုထိုးရာတွင်ထည့်သည့် နှစ်ခြမ်းစပ် ဘူးတစ်မျိုး) ကိုထုတ် အအေးခံပါတယ်။

ပြီးတော့မှ ကျောင်းသားဖက်လှည့်ပြီး ” မီးဖိုကို သတ်လိုက်တော့။ မင်းလည်းအိပ်တော့ ” လို့ ပြောလိုက်ပါတယ်။

ဒီအကြောင်းကို ပြောပြနေသူကတော့ အဲဒီအချိန်က ကျောင်းသားလုပ်ခဲ့သူ အခု အသက် ၆၁ နှစ်အရွယ် ဦးဝေ ဆိုသူပဲ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းကတော့ မင်္ဂလာဒုံမြို့နယ် ကျိုက်ကလော့ ဘုရား ခြေရင်းက ရွှေကျင်ကျောင်းဖြစ်ပါတယ်။ ‌ဆရာတော်ကကျောင်းထိုင်ဆရာတော်ပါ ။အသက်ကလည်း အဲ့အချိန်က ၆၀ ကျော်လို့ခန့်မှန်းရပါတယ်။

ကျောင်းပါတ်ဝန်းကျင်ကလည်း သစ်ပင်ကြီးတွေ ခြုံနွယ်ပိတ်ပေါင်းတွေ အုပ်ဆိုင်းနေပါတယ်။

” ကျုပ်က ၁၃ နှစ်သား ရောဂါကလဲထူတော့ အမေက သိမ်ကျောင်းဦးဇင်း ဦးသာသနဆီ အပ်ထားတာ။ ညကျမှ ဆရာတော်ဆီသွားဝတ်ဖြည့်ရင်း သူဖိုထိုးတာ ဝိုင်းလုပ်ပေးရတယ်။

ပထမဆုံး ထူးခြားတာကတော့ တစ်လတစ်ခါလောက်ဖြစ်တတ်တဲ့ ဝမ်းကိုက်ရောဂါကို သူက ကုပေးတာ ကျုပ်ခုထိ ကောင်းသွားတာဗျ။

ဘုရားစင်အောက် အံဆွဲထဲက စက္ကူနဲ့ထုပ်ထားတဲ့ ဖိုပြာနဲနဲကို စတုမဓူနဲ့ရောကျွေးတာ။ရော့သောက်လိုက်ဆိုပြီး။ ကျုပ်ကလည်း အချိုကြိုက်တော့ လက်နဲ့ကလော်စားလိုက်တာပေါ့။

နောက်ပြီးကျုပ်ကို ဝမ်းလျားမှောက်ခိုင်းတယ်။ ကျောပေါ်ကို ဖနောင့်နဲ့ခပ်ဖွဖွ သုံးချက် ပေါက်ပြီး။ ပျောက်ပြီလို့ ပြောသေးတယ်။အဲဒီကတည်းက ဝမ်းကိုက်ရောဂါပျောက်သွားတာ ခုထိတခါမှကို မဖြစ်တော့တာ။

နောက်ထပ်လား ရှိတာပေါ့။ သူ့အခန်းက အပေါ်ထပ်မှာ လှေကားနဲ့တက်ရင် လှေကားထိပ် တဖက်တချက်မှာ ရှေးလက်ရာ ကြေးသွန်း ငှက်ရုပ် နှစ်ကောင် ရှိတယ်။

ခြေတစ်ဖက်မြှောက်ပုံ စွန်လို သိမ်းငှက်လို အရုပ်တွေပေါ့။ တစ်ရက်တော့ ငှက်ရုပ်တွေကို လူတယောက်ခိုးသွားပါလေရော။

ဆရာတော်ကို လျောက်ကြတော့ သူက ခပ်အေးအေးဘဲဗျ။ ငါ့ငှက်တွေ တခြားမှာ မနေနိုင်ပါဘူးကွာတဲ့။ သိပ်မကြာဘူး။ လူတွေက သူခိုးဖမ်းပြီး ကျောင်းကို လာပို့ကြတယ်။

သူခိုးက ကျိုက္ကလဲ့ဘူတာမှာ အိတ်တွေချပြီးရထားစောင့်နေတုံး ငှက်တွေသူ့ကို ကုတ်လို့ဆိုပြီး ပလက်ဖေါင်းပေါ်လူးလှိမ့်နေလို့ ဝိုင်းကြည့်တော့မှ အိတ်ထဲမှာ ငှက်ရုပ်တွေတွေ့လို့ သူခိုးဆိုပြီး ဖမ်းလာကြတာတဲ့။

တစ်ခါတော့ ကျောင်းကို ဝေဘူ ဆရာတော်ကြီး ကြွလာဘူးတယ်။ ကျောင်းမှာလည်း ရသေ့တစ်ပါး ရှိတယ်။သူက ကျောင်းခြံစည်းရိုးအစပ်မှာ တဲထိုးပြီး တစ်ယောက်တည်းနေတာ။

သူက ဆရာတော်ကြီးကို လမ်းမှာပိတ်ရပ်ပြီး ဘာဘာသာမှန်းမသိတဲ့စကားတွေနဲ့ ပြောဆိုနေကြတာ။ ဆရာတော်ကလည်း ထွက်ကြိုရင်း သုံးယောက်သား ဘာတွေပြောမှန်းကို မသိဘူးဗျ။

မကြားဘူးတဲ့ဘဘာသာစကားနဲ့ ပြောနေကြတာ။ ပြီးတော့ ရသေ့ကြီးက ဝေဘူလာရင် ပြည်ဆူမှာကွဆိုအော်ပြီး သူ့ကျောင်းပြန်ဝင်သွားတယ်။

အရင်က မိုးထဲလေထဲ မတ်တပ်ရပ် ဆင်းတုကြီးတစ်ဆူရှိတာ ဝေဘူဆရာတော်ကြီးရဲ့ နောက်ပါလာသူတွေက တန်ဆောင်းဆောက်ဖို့ တာဝန်ယူကြတယ်။ ခုတော့ ဆင်းတုတော်ကြီးက တန်ဆောင်းနဲ့ ခမ်းနားနေပြီလေ။ ( မှတ်ချက်။ ။ ၎င်းကျောင်းဆောင်ကြီးမှာ ကျိုက္ကလဲ့ဘုရားမတက်မီ ဘယ်ဖက်နားလောက်တွင် ရှိပါသည်။ သွားရောက်ကြည့်ရှုဖူး‌မြင်နိုင်ပါသည်။)

တစ်ခါတလေ ဘာတွေလာလှူမယ်ဆိုတာ ကြိုပြောတတ်တယ်။ မောင်ဝေ ဒီနေ့ ရခိုင်မုန့်တီ လာလှူမယ်ကွ။ ဒီနေ့ ထင်းတွေ လာလှူလိမ့်မယ် ကျောင်းသားတွေ ပြောထားအုံး။ စသဖြင့်ပေါ့။

တစ်ခါတစ်လေ ဖိုထိုးခါနီး ကျောင်းတောင်ဖက်က တောအုပ်ထဲ ကျုပ်ကိုခေါ်ပြီး သစ်မြစ်တွေတူးခိုင်းတာမျိုးလဲရှိတယ်။ အဲထဲမှာ ငှက်မင်းသားလို့ခေါ်တဲ့ အမြီးရှည်ရှည်နဲ့ငှက်တွေအများကြီးဘဲ။ဆရာတော်လာရင် သစ်ပင်ပေါ်က ဆင်းလာတတ်တယ်။

သူကိုင်လို့ရပေမဲ့ ကျုပ်ကိုတော့အနားကပ်မခံဘူးဗျ။ ဆရာတော်က ကျုပ်ကို မင်း နောက်ကို လောက်လေးဂွ မကိုင်နဲ့လို့ပြောတယ်။

ကျုပ်က လေးဂွကို အိမ်မှာထားခဲ့တာ။ ကျုပ်ကိုင်မှန်းလည်း သူမသိလောက်ဘူးဗျ။ ဖိုထိုးဖို့မီးသွေးကုန်ရင်လည်း သူပြောတဲ့ နေရာကိုတူးလိုက် မီးသွေးတစ်ဖိုနှစ်ဖိုစာတော့ တွေ့တာချည့်ဘဲ။

ကျုပ်က အဲတုံးက ၇ တန်းတက်နေတယ်။ နေတာကတော့ဘုန်းကြီးကျောင်းမှာဘဲ။ ကျောင်းကို ပုံနှိပ်စာအုပ်ဖိုး ၃ ကျပ်၊ ပြား၆၀ သွင်းရမှာ အမေ့ဆီကလဲ မတောင်းချင်ဘူး။ ဆရာတော်က ကျုပ်ကို မနက်အစောကြီး လာခေါ်ပြီး ကျောင်းရှေ့အပေါက်ဝ အုတ်ခုံနားကို ရေတစ်ခွက်သွားသွန်ခိုင်းတယ်။

ဝေလီဝေလင်းလဲဖြစ်တော့ ကြောက်ကြောက်နဲ့သွားလုပ်ရတယ်။ ခုံပေါ်မှာ ပိုက်ဆံ ၃ ကျပ်ပြား ၆၀ အတိအကျ တင်ထားတာ တွေ့လိုက်ရတယ်။

ကျုပ်အဲဒါကို ဆရာတော်ကိုကပ်တော့ မယူဘဲ ကျုပ်ကို ပြန်စွန့်တယ်။အဲတုန်းက မစဉ်းစားမိဘူးဗျ။ နောက်မှ ဒီပုံနှိပ်စာအုပ်ဖိုးကိစ္စ ငါဘယ်သူ့မှလဲ မပြောရသေးဘဲနဲ့ ဆရာတော်ဘယ်လိုသိသလဲလို့ စဉ်းစားမိတာ။

ဆရာတော်ဆီကို နောက်ပိုင်းမှာ ဧည့်သည်တွေ အများကြီးလာကြတယ်။ တစ်ခါတစ်လေ ကျောင်းထဲမှာ ကားပြည့်နေလို့ ကျောင်းရှေ့ကားလမ်းပေါ် ရပ်ထားရတယ်။

လေဖြတ်နေတဲ့အမျိုးသမီးတစ်ယောက် ကျုပ်ရှေ့တင် ကျောင်းပေါ်ပွေ့ခေါ်သွားတာ ပြန်ဆင်းလာတော့ လမ်းလျောက်ဆင်းလာတယ်ဗျ။

ဆရာတော် ပျံလွန်တော့ ကျုပ်ကျောင်းမှာ မရှိတော့ပါဘူး။ အလောင်းတော်ကို ဂူသွင်းပြီး ကျိုက္ကလဲ့ဘုရား တောင်ဖက်စောင်းတန်းအဆင်းမှာ ဂူသွင်းထားကြတယ်။

နောက်တော့ သူ့တပည့်လို့ပြောတဲ့ လူတအုပ်ရောက်လာပြီး ဂူကို အတင်းဖွင့်တယ်လို့ ကြားတယ်။ နောက်ဆုံးတော့ လက်ညှိုးထိုးကိုယ်တော် လို့ခေါ်တဲ့ ဘုရားတန်ဆောင်းမှာ မျက်နှာတော်ရွှေချပြီး မှန်ခေါင်းနဲ့ အပူဇော်ခံထားတယ်လို့ သိရတယ်။ ( ၎င်းတန်ဆောင်းမှာ အထက်တွင်ဖေါ်ပြခဲ့သည့် ဆင်းတုတော်ကြီးနှင့် တန်ဆောင်းတော်ကြီးဖြစ်ပါသည်။)

အခုတခါတော့ စာဖတ်သူတို့ကို ရှေးမြန်မာတွေရဲ့ ထူးဆန်းတာတစ်ခုကို ရွေးချယ်တင်ပြခဲ့တာပါ။

ကျိုက္ကလော့ဘုရားဟာ ရန်ကုန်ဖက်ကလာရင်မင်္ဂလာဒုံမြို့ရဲ့ ဗဟိုနိုင်ငံရေးမှတ်တိုင် အကျော်က မီးရထားဂုံးကျော် အဆင်း ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်။

မြို့ရဲ့ သမိုင်းဝင် ဘုရားတစ်ဆူလည်းဖြစ်ပါတယ်။ အရှေ့တောင်ဖက်မှာ ယခုတင်ပြခဲ့တဲ့ ရွှေကျင်ကျောင်းရှိပြီး ဘုရားမြောက်ဖက်အဆင်းမှာတော့ မင်းကျောင်း ရှိပါတယ်။

ယခင်က တောင်ဖက်နဲ့ အနောက်ဖက်မုဒ်အဆင်းမှာ တောအုပ်တွေပါ။ ခုတော့မရှိတော့ပါဘူး။ ကြုံကြိုက်ခဲ့ရင် ဘုရားနဲ့ လက်ညှိုးထိုးဆင်းတုတော်ကို ဝင်ရောက်ဖူးမြှော်နိုင်ပါတယ်။

ဆရာတော်ရဲ့ မှန်ခေါင်းတော်လည်း ရှိလိမ့်အုံးမယ် ထင်ပါတယ်။ ရုပ်ပြ ရာဇဝင်တွေကို ပန်းချီလက်ရာများနဲ့ရေးဆွဲပြသထားလို့ စိတ်ဝင်စားသူများ လေ့လာနိုင်ကြပါစေလို့။

ဦးဝေရဲ့ ကိုယ်တွေ့ဖြစ်ရပ်လေးကို မျှဝေလိုက်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.