ကမ္ဘာကျော် သဘာဝ ဖန်ကမ်းခြေများ

ကမ္ဘာကျော် သဘာဝ ဖန်ကမ်းခြေများ

သဘာဝတရားကြီးရဲ့ ထူးခြားအံ့သြဖွယ်တွေထဲမှာ ဖန်ကမ်းခြေတွေလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ကယ်လီဖိုးနီးယားက ဖန်ကမ်းခြေနဲ့ ရုရှားနိုင်ငံရဲ့ Ussuri ပင်လယ်အော်က ဖန်ကမ်းခြေတွေကိုတော့ လူသိများပါတယ်။

ထို့အတူ ဂျပန်နိုင်ငံမှာရှိတဲ့ ရောင်စုံဖန်ကမ်းခြေတစ်ခု ရှိနေပါသေးတယ်။ ထူးခြားလှတဲ့ သဘာဝတရားရဲ့ ဖန်ကမ်းခြေ ၃ ခုကို တင်ပြပေး လိုက်ပါတယ်။

၁။ ကယ်လီဖိုးနီးယားက ဖန်ကမ်းခြေ၊အမေရိကန်

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ Fort Bragg မြို့ အနီးနားမှာ တည်ရှိပါတယ်။

ဒီကမ်းခြေတစ်လျှောက်မှာတော့ ရောင်စုံဖန်တုံး၊ ဖန်စတွေနဲ့ ကျောက်စရစ်ခဲလေးတွေရောကာ တည်ရှိနေတာကြောင့် လာရောက် လည်ပတ်သူတွေကို အံ့သြကြည်နူးစေမှာ အမှန်ပဲဖြစ်ပါတယ်။

ဖန်ကမ်းခြေ ဖြစ် ပေါ်လာခြင်းအစကတော့ ၁၉ဝ၆ ခုနှစ် ယင်းဒေသမှာ နေထိုင်ကြသူအချို့ဟာ သံဘူး၊ဖန်ပုလင်း အသုံးအဆောင်ပစ္စည်း၊ယာဉ်တွေစတဲ့ အမှိုက်သရိုက်တွေကို အဲဒီနေရာမှာ စုပုံလွှင့်ပစ်ကြတဲ့အတွက် အမှိုက်ပုံ ဖြစ်လာပါတယ်။

အမှိုက်တွေကို လျော့နည်းစေဖို့ မီးတွေရှို့ကြပါတယ်။ ၁၉၄၃ ခုနှစ်မှာတော့ အမှိုက် လုံးဝစွန့်ပစ်သို့ မရတော့လောက်အောင် များပြားလာတဲ့အတွက် နောက်တစ်နေရာကို ရွှေ့ပြီး အမှိုက်က်ပစ်ကြပြန်ပါတယ်။

ဒါပေမဲ့ အဲဒီနောက်တစ်နေရာက အမှိုက်ပုံကလည်း ၁၉၄၉ ခုနှစ်မှာပြည့်သွားပြန်တဲ့အတွက် နောက်တစ်နေရာကို ထပ်ရွှေ့ပြီး အမှိုက်ပစ်ကြပြန်ပါတယ်။ အဲဒီနေရာကို တော့ ၁၉၆၇ ခုနှစ်အထိ သုံးခဲ့ကြပါတယ်။

အဲဒီနောက်ဆုံး နေရာဟာ အခုဖန်ကမ်းခြေဖြစ်လာမဲ့ နေရာဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာတော့ ကယ်လီ ဖိုးနီးယား ရေအရင်းအမြစ်ထိန်းချုပ်မှုအဖွဲ့နဲ့ မြို့နယ် ခေါင်းဆောင်တွေဟာ အဲဒီနေရာတွေမှာ အမှိုက်ပစ်ခြင်းကို လုံးဝပိတ်ပင်လိုက်ပါတယ်။

နေရာတိုင်း လိုလိုမှာ အမှိုက်တွေကြောင့် ညစ်ပတ်နေပြီး ဒေသခံ တွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

အဲဒီပတ်ဝန်းကျင်ကိုပါ သန့်ရှင်းစေဖို့ အတွက် သန့်ရှင်းရေး ပရိုဂရမ်ပေါင်းများစွာကို ပြုလုပ် ခဲ့ပေမဲ့ အမှိုက်တွေ ထူထဲများပြားလွန်းတာကြောင့် သတ္တုအမှိုက်တွေလောက်ကိုသာ ဖယ်ရှားနိုင်ခဲ့ပြီး ကုန်စင်အောင် ဖယ်ရှားနိုင်ခဲ့ခြင်းမရှိဘဲ လက်လျှော့ခဲ့ရပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ အဲဒီအမှိုက်ပုံဟာ ရောင်စုံဖန်ကမ်းခြေအဖြစ်ပြောင်း လဲသွားပါတယ်။

ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ လူသားတွေကြောင့်မဟုတ်ဘဲ သဘာဝတရားကြီးရဲ့ အံ့သြဖွယ်အစွမ်းကြောင့်ပါ။

လှိုင်းတွေဟာ အမှိုက် သရိုက်တွေကို ပင်လယ်ကြမ်းပြင်ကဲ့သို့ ဆွဲချ လိုက်ပြီး ကမ်းဆီပြန်ခတ်လာတဲ့လှိုင်းတွေက ဖန်ပုလင်းတွေ၊ မြေအိုးစတာတွေကို ချော မွတ်စေတဲ့ ဖန်တုံးဖန်ခဲလေးတွေအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်လောက်ကစ၍ နာမည်ကျော်လာခဲ့ပေမဲ့ ဒီကမ်းခြေကို လာရောက်လည်ပတ်သူတွေကို ခြေဖဝါးချည်းသက်သက် နင်းခွင့်မပြုခဲ့ပါဘူ။ လုံးဝ မထိခိုက်နိုင်ကြောင်း စမ်းသပ်ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာတော့ တရားဝင် ခြေနင်းခွင့်ပေးခဲ့ပါတယ်။

၁၈ ဧက အကျယ်ရှိတဲ့ ဒီကမ်းခြေတစ်လျှောက် လှည့်ပတ် သွားလာကြပေမဲ့ ဖန်ကွဲများ ထိခိုက်ခြင်း၊ ရှခြင်း၊ စူးခြင်းမျိုး လုံးဝဖြစ်ပေါ်ခြင်း မရှိဘူးလို့လည်း သိရပါ တယ်။

သဘာဝတရားကြီးက ပြောင်းလဲပေးလိုက်တဲ့ ဒီဖန်ကမ်းခြေဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားပေါင်း များစွာကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်လာပါပြီ။

၂။ Ussuri ပင်လယ်အော် ဖန်ကမ်းခြေ၊ ရုရှား

ရုရှားက Ussuri ပင်လယ်အော်ဟာ ဆိုဗီယက်ခေတ်တုန်းက အရက်ပုလင်းခွံ တွေနဲ့ ကြွေပုလင်းခွံတွေကို စွန့်ပစ်ရာနေရာ တစ်ခုဖြစ်ပါတယ်။

အဲဒီတုန်းက ဒီနေရာဟာ ပုလင်းခွံပေါင်းများစွာနဲ့ စုပုံနေတဲ့နေရာ ဖြစ်ပါတယ်။ ပုလင်းကွဲတွေနဲ့ ထိခိုက်နိုင်တာ ကြောင့် အဲဒီနေရာကို လူတွေသာမက တိရစ္ဆာန်များကပါ ရှောင်ရှားခဲ့ကြပါတယ်။

နှစ်ပေါင်းများစွာကြာလာခဲ့ပြီး ယခုအချိန်မှာတော့ သဘာဝတရားကြီးက ဒီအရာတွေကိုပြောင်းလဲ ပေးလိုက်ပါတယ်။

Vladivostok မြို့ အနီးမှာရှိတဲ့ ဒီကမ်းခြေဟာ အခုအချိန်မှာတော့ အလှပဆုံးကမ်းခြေ တစ်ခုဖြစ်လို့နေပါပြီ။

အကြောင်းကတော့ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် မြောက်ပစိဖိတ်လှိုင်းတွေနဲ့ တိုက်ခတ်တဲ့လေတွေဟာ ပုလင်းတွေ၊ ကြွေတွေကို အစိတ်စိတ်ခွဲခြေပြီး ချောမွတ်စေတဲ့အတွက်ကြောင့်ပါ။ သဘာဝတရားနဲ့ အချိန်ရဲ့ ဖန်တီးမှုက‌တော့ အံ့ဩဖွယ်ရာပါ။

တစ်ချိန်က အန္တရာယ်နေရာတစ်ခုအဖြစ် ပိတ်ပင်ခံထားရတဲ့ ဒီပင်လယ်အော်တစ်ဝိုက်ကာ ယခုအချိန်မှာတော့ အလွန် လှပတဲ့ ဒီဖန်းကမ်းခြေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မကြာလာလေ့ရှိတဲ့နေရာတစ်ခု ဖြစ်လာနေပါပြီ။

၃။ Omura မြို့က ဖန်ကမ်းခြေ၊ ဂျပန်

ဒီဖန်ကမ်းခြေရဲ့နေရာဟာ နာဂါစကီနယ်မြေ Omura မြို့မှာတည်ရှိပါတယ်။ ဒီကမ်းခြေကို အဝေးကြည့်မယ်ဆိုရင်တော့ ရိုးရိုးကမ်းခြေတစ်ခုလို့ပဲ ထင်မှတ်ရမှာဖြစ်ပေမဲ့ အနီးကပ် သွားကြည့်ရင်တော့ ရောင်စုံဖန်တွေရှိတဲ့ ကမ်းခြေဖြစ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက ဒီနေရာဟာ ကျောက်ဆောင်တွေ ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဆိုးတာတစ်ခုကတော့ အဲဒီကျောက်ဆောင်တွေမှာ အနံ့ဆိုးရွားတဲ့ ရေညှိတွေတွယ်ကပ် နေတာကြောင့် ဒီနေရာကို ဘယ်သူမှလာလေ့မရှိသလို ဖြတ်သွားတဲ့သူတိုင်းကလည်း ဆိုးရွားတဲ့အနံ့တွေကို ခံစားခဲ့ရပါတယ် ။

ဒေသခံတွေဟာ ဒီနေရာကို ဘယ်လိုပြောင်းလဲရမလဲ စဉ်းစားခဲ့ကြပြီး နောက်ဆုံးအဖြေတစ်ခုရခဲ့ပါတယ်။ အဲဒါကတော့ ရှိနေတဲ့ ကျောက်ဆောင်တွေကို ဖယ်ထုတ်ပစ်ပြီး ရေညှိများ နောက်ထပ် ပေါက်မလာအောင် စွန့်ပစ်ဖန်ကွဲတွေကို ထုခွဲကြိတ်ထောင်းပြီး တော့ ဒီကမ်းခြေတစ်လျှောက်ကို ဖို့တဲ့အစီအစဉ်ပါ။

ဆိုးရွားတဲ့အနံ့ကြောင့်သာ ဒီနေရာကို ဒီလိုလုပ်ခဲ့ပေမဲ့ လူတွေကို ဆွဲဆောင်နိုင်မဲ့ ဖန်ကမ်းခြေတစ်ခု ဖြစ်လာအောင်တော့ လှိုင်းတွေရဲ့ တိုက်စားမှုကနေ ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။

ချွန်မြထိရှလွယ်တဲ့ ဖန်ကွဲပုလင်းတွေကို လုံးဝန်းတဲ့အနားတွေဖြစ်အောင် သဘာဝတရားကြီးက ပြောင်းလဲပစ်ခဲ့ပါတယ်။

ရောင်စုံဖန်တွေပေါ်မှာ ခြေဗလာနဲ့ အေးအေးဆေးဆေး လမ်းလျှောက်နိုင်တာ သဘာဝကြီးရဲ့ ထူးဆန်းတဲ့ ဖန်တီးမှုလို့ ဆိုနိုင်ပါတယ်။

Omura ပင်လယ်အော်က ဒီကမ်းခြေကို သွားရောက် လည်ပတ်တဲ့သူ အချို့ရဲ့ပုံတွေကို အင်စတာဂရမ်မှာ တင်ခဲ့ရာကနေ လူတွေစသိလာခဲ့ပါတယ်။

ရောက်ဖူးသူတွေကတော့ အလွန်လှတဲ့ကမ်းခြေကို နာဂါစကီနယ်မြေရဲ့ လျှို့ဝှက်ရတနာလို့ အမည်ထားပါတယ်။

Source-Knowledge Light

Leave a Reply

Your email address will not be published. Required fields are marked *