အုပ်စုဖွဲ့နေထိုင်တတ်သော တိရစ္ဆာန်များအကြောင်း

အုပ်စုဖွဲ့နေထိုင်တတ်သော တိရစ္ဆာန်များအကြောင်း

အချို့သောတိရစ္ဆာန်များက တစ်ကိုယ်တည်း ရပ်တည်နေထိုင်ကြပြီး တချို့ကတော့ အုပ်စုလိုက်နေထိုင်ခြင်းကို နှစ်သက်ကြပါတယ်။ အုပ်စုလိုက်နေထိုင်တတ်တဲ့ တိရစ္ဆာန်မျိုးစိတ်များဟာ တစ်ခုနှင့်တစ်ခု ကွဲပြားကြပါတယ်။

တိရစ္ဆာန်များ အုပ်စုဖွဲ့ နေထိုင်းခြင်း

တိရစ္ဆာန်များ တစ်ကောင်နှင့်တစ်ကောင် စုဖွဲ့နေထိုင်ခြင်းဖြင့် သူတို့ရဲ့ အသက်ရှင်နေထိုင်မှု အခွင့်အလမ်းကို တိုးမြှင့်စေကြောင်း လေ့လာတွေ့ရှိရပါတယ်။

အုပ်စုဖွဲ့နေထိုင်တဲ့ တိရစ္ဆာန်များဟာ ယေဘူယျအားဖြင့် အတူတကွ အမဲလိုက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များကို ရရှိစေခြင်း၊ မျိုးသုဉ်းမှုကို ကာကွယ်ပေးနိုင်ခြင်း၊ အချင်းချင်း အပြန်အလှန် ကူညီစောင့်ရှောက်ပေးနိုင်ခြင်းတို့ကြောင့် အုပ်စုဖွဲ့ နေထိုင်ကြခြင်းဖြစ်ပါတယ်။

သို့သော်လည်း အချို့သော တိရစ္ဆာန်များက အုပ်စုလိုက်ဘဝနှင့် ပိုသင့်တော်ပြီး တချို့က တစ်ကိုယ်တည်း ရပ်တည်နေထိုင်ခြင်းကို နှစ်သက်ကြပါတယ်။

ဥပမာဆိုရလျှင် ဝံပုလွေတွေက အစုလိုက်အပြုံလိုက် နေထိုင်ကာ အမဲလိုက်လေ့ရှိပြီး မြက်ခင်းခွေးများသည်လည်း အစုအဝေးဖြင့် နေထိုင်တတ်ကြပါတယ်။

လင်းနို့များဟာ အမှောင်ထဲမှာ စုဝေးနေထိုင်တတ်ကြသလို ကုလားအုတ်များသည်လည်း အုပ်စုလိုက် နေထိုင်ကျက်စားသွားလာကြပါတယ်။

ထိုသို့ အုပ်စုလိုက်နေထိုင်တတ်တဲ့ တိရစ္ဆာန်များရဲ့ အုပ်စုလိုက်နေထိုင်မှုဟာ သူတို့အတွက် အလွန် အရေးကြီးကြောင်းကို စာဖတ်သူတို့ ဗဟုသုတရဖွယ်တင်ပြသွားပါမယ်။

(၁) ကျီးကန်းများ

ကမ္ဘာတစ်ဝန်းလုံးတွင် တွေ့ရှိနိုင်တဲ့ ကျီးကန်းပေါင်း ၄၅ မျိုး ရှိပါတယ်။ ကျီးကန်းအများစုဟာ အနက်ရောင်နှင့် မီးခိုးရောင်ရှိပြီး အရွယ်အစား အတော်လေးကြီးမားပါတယ်။

ကျီးကန်းများကို ငှက်များကြားတွင် ဉာဏ်ရည်ထက်မြက်သည်ဟု ယူဆရုံသာမက တိရစ္ဆာန်အားလုံးတွင် အသိဉာဏ်အရှိဆုံးဟုလည်း ဆိုထားကြပါတယ်။ သူတို့ဟာ လက်နက်ကိရိယာများကိုသုံးပြီး အစားအစာရှာကြတယ်လို့ သိရှိရတယ်။

ကျီးကန်းများဟာ အသီးအနှံများ၊ အခွံမာသီးများ၊ ဥများ၊ ကြွက်များ၊ ဖားများအပါအဝင် အမျိုးမျိုးသောအစားအစာများကို စားသုံးကြပါတယ်။

ကျီးကန်းတွေဟာ ဆောင်းရာသီမှာ အကောင်ရေ ၂၀၀ မှ ထောင်းဏန်းထိ အကောင်အစုအဝေးလိုက်ကြီး စုဝေးကာ အမှိုက်ပုံကြီးများ၊ ဈေးဝယ်စင်ထာများ သို့မဟုတ် စိုက်ပျိုးရေးလယ်ကွင်းများကဲ့သို့ အစားအသောက် အရင်းအမြစ်များအနီးမှာ အုပ်စုလိုက်မကြာခဏ တွေ့ရှိရပါတယ်။

(၂) ဆင်များ

ဆင်‌တွေဟာ ကုန်းမြေတွင်ရှိသည့် တိရစ္ဆာန်များထဲမှာ အကြီးဆုံး ဖြစ်ကြပါတယ်။ လောလောဆယ်တွင် မျိုးစိတ်ခွဲ သုံးမျိုးရှိပြီး အာဖရိကမှ ဆင်မျိုးစိတ် နှစ်မျိုးနှင့် အာရှတစ်မျိုးဖြစ်ပါတယ်။

ဆင်အမများဟာ သူတို့ရဲ့ ဘ၀တစ်ခုလုံးကို မိသားစုဆယ်စုထိ ကြာရှည်စွာ နေထိုင်သွား ကြပါတယ်။ သူတို့မိသားစုအဖွဲ့ဝင်များတွင် ဆင်မိသားစုဝင်များသာလျှင် ပါဝင်မည်ဖြစ်ပြီး သူတို့ရဲ့ အသက်အကြီးဆုံး ဆင်မက အဖွဲ့ကို ဦးဆောင်ပါတယ်။

ထို ဦးဆောင်ဆင်မကြီး သေဆုံးသွားသောအခါ ၎င်းရဲ့အကြီးဆုံး သမီးက ဦးဆောင်အသစ် ဖြစ်လာမည်ဖြစ်ပါတယ်။

(၃) ဝံပုလွေများ

ကမ္ဘာပေါ်တွင် ဝံပုလွေမျိုးစိတ်ပေါင်း ၃၀ဝ,၀ဝ၀ ခန့်ရှိပြီး မျိုးစိတ် ၃၈ မျိုးခန့်ဖြင့် ဖွဲ့စည်းထားပါတယ်။

ဝံပုလွေများကို ယနေ့ခေတ် အိမ်မွှေး ခွေးများရဲ့ ဘိုးဘေးများဖြစ်တယ်လို့လည်း ယုံကြည်ကြပါတယ်။

ဝံပုလွေ တစ်အုပ်တွင် များသောအားဖြင့် အရွက်ရောက်ပြီး ဝံပုလွေ အထီး၊ အမ စုံတွဲတစ်တွဲနှင့် အသက်လေးနှစ်အောက်ရှိတဲ့ သူတို့ရဲ့ အမျိုးအနွယ်ပုလွေများဖြင့် ဖွဲ့စည်းထားပါတယ်။

မြောက်အမေရိကတွင်ရှိသည့် ဝံပုလွေတစ်အုပ်တွင် ပျမ်းမျှအားဖြင့် ဝံပုလွေ ရှစ်ကောင်ရှိပြီး ဥရောပရှိ ဝံပုလွေတစ်အုပ်တွင် ငါးကောင်၊ ခြောက်ကောင်ရှိပါတယ်။

ဝံပုလွေများဟာ အသက်လေးနှစ်ခန့်ရှိရင် သူတို့၏ နယ်မြေနှင့် အိမ်ထောင်ဖက်ကို ရှာဖွေရန်အတွက် အဖွဲ့မှ ထွက်သွားတတ်ကြပါတယ်။

အမဲလိုက်ပြီးနောက် အဖွဲ့ကို ပြန်ခေါ်ခြင်း၊ အချက်ပြသံပေးခြင်းကို ပြုလုပ်ရာတွင် ဝံပုလွေများသည် သူတို့ရဲ့ အူသံကို ဆက်သွယ်ရေးအတွက် အသုံးပြုကြပါတယ်။

(၄) ပရယ်ရီခွေးရှဉ့် (PRAIRIE DOGS)

ကြွက်များနှင့်တူသော်လည်း ကြွက်မဟုတ်တဲ့ ခွေးရှဥ့်များကို မြောက်အမေရိကတိုက်ရဲ့ မြက်ခင်းပြင်များမှာ တွေ့ရှိရပါတယ်။

ခွေးရှဥ့် အုပ်စုတစ်စုတွင် အရွယ်ရောက်ပြီးတဲ့ အထီးနှစ်ကောင်၊ အရွယ်ရောက်ပြီးတဲ့ အမနှစ်ကောင်မှ သုံးကောင်း၊ ခွေးရှဥ့်ငယ် အမတစ်‌ကောင်မှ နှစ်ကောင်နှင့် ခွေးရှဥ့်ငယ် အထီးတစ်ကောင်မှ နှစ်ကောင် တို့ ပါဝင်ပါတယ်။

အမများဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံး အုပ်စုထဲမှာရှိနေမည် ဖြစ်ပြီး အထီးများကတော့ အရွယ်ရောက်တဲ့အခါ သူတို့ရဲ့ သီးခြားမိသားစုကို ဖွဲ့စည်းဖို့ အုပ်စုမှထွက်ခွာသွားကြပါတယ်။

သူတို့ဟာ မြေတွင်းထဲမှာ နေထိုင်ကြပြီး သူတို့ရဲ့ မြေတွင်းစနစ်များအနီးကို အခြား မိသားစုအုပ်စုဝင်များလာရောက်ပါက ပြန်လည်တိုက်ခိုက်ကြပါတယ်။

(၅) လင်းပိုင်

ကမ္ဘာတစ်ဝန်းရှိ သမုဒ္ဒရာများတွင် လင်းပိုင်မျိုးစိတ်များစွာ တွေ့ရှိနိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်ရှိ ဉာဏ်အကောင်းဆုံး တိရစ္ဆာန်မျိုးစိတ်များထဲတွင် ပါဝင်ကြပြီး လူသားများနှင့် ဆက်ဆံရေးပိုင်းတွင်လည်း ကောင်းမွန်ကြသူများ ဖြစ်ကြပါတယ်။

လင်းပိုင်များဟာ အုပ်စုလိုက် နေထိုင်လေ့ရှိကြပြီး လင်းပိုင်အုပ်တစ်အုပ်မှာ ယေဘုယျအားဖြင့် လင်းပိုင်နှစ်ကောင်မှ အကောင် ၃၀ ထိ ပါဝင်တတ်ပါတယ်။

တစ်ခါတစ်ရံမှာ ရာနှင့်ချီတဲ့ လင်းပိုင်းအုပ်များကို မိတ်လိုက်ခြင်းနှင့် အုပ်စုလိုက်အမဲ လိုက်ခြင်းများ ပြုလုပ်ရာတွင် တွေ့ရှိနိုင်ပါတယ်။

အုပ်စုအတွင်း အတူကျက်စားကြတဲ့ လင်းပိုင်များဟာ တစ်ကောင်နှင့်တစ်ကောင် အသံပေးခြင်းနှင့် လေချွန်ခြင်းများမှ ဆက်သွယ်ခြင်းများ ပြုလုပ်နိုင်ရုံသာမက ခန္ဓာကိုယ်ဘာသာစကားဖြင့်လည်း တစ်ထောင်နှင့်တစ်ကောင် ချိတ်ဆက်နိုင်ပါတယ်။

သူတို့ဟာ အုပ်စုလိုက်အင်အားကို အမဲလိုက်ခြင်းနှင့် အုပ်စုကိုကာကွယ်ခြင်းအတွက် အသုံးပြုကြလေ့ရှိကြောင်း သိရပါတယ်။

(၆) ပင်လယ်ဖျံ (SEA OTTERS)

ပင်လယ်ဖျံများကို မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့ ကမ်းရိုးတန်းတွင် တွေ့ရပြီး မျိုးသုဉ်းလုနီးပါး မျိုးစိတ်များဖြစ်ပါတယ်။

သူတို့ဟာ ပင်လယ် သံပချုပ်များကို စားသုံးကြပါတယ်။ ပင်လယ်ဖျံများဟာ တစ်ကောင်တည်း အစာရှာပြီး တစ်တောင်တည်း အချိန်များစွာ စားသောက်ကြသော်လည်း အနားယူရာမှာတော့ အုပ်စုလိုက်ဖြင့် စုဝေးလေ့ရှိကြောင်းသိရပါတယ်။

ပင်လယ်ဖျံတွေဟာ အနားယူနေစဉ်မှာ ဖောင်ကဲ့သို့ မျှောပြီး ဖျံ ၁၀ ကောင်မှ အကောင် ၁ဝဝ ထိ အုပ်စုလိုက်ကြီး စု‌ဝေးအနားယူ ကြပါတယ်။

ထိုသို့ ဖောင်ကဲ့သို့အနားယူ မျှောနေချိန် ကမ်းစပ်မှအဝေးသို့ လွင့်မောခြင်းမှ ကင်းဝေးစေရန်၊ ပင်လယ်ဖျံများဟာ သူတို့ကိုယ်ကို ပင်လယ်ရေမှော်များဖြင့် ရစ်ပတ်ထားတက်ကြပါတယ်။

ဤသို့ ဖောင်များကဲ့သို့ စုရုံးခြင်းဟာ သူတို့ကို ပိုမိုကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံမှုကို ပေးရုံသာမက သားကောင်များကို ပိုမိုလွယ်ကူစွာတွေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

Knight News Team
Source-Yadanarpon Daily News

Leave a Reply

Your email address will not be published. Required fields are marked *