SR-91 Aurora သူလျှိုလေယာဉ်(အရာရာကို ပြောင်းလဲပေးနိုင်တဲ့ယာဉ်)ကို လေ့လာခြင်း
ဒဏ္ဍာရီဆန်ဆန်ရှိနေသော လေယာဉ်တစ်စီး တည်ရှိနေတဲ့ အခြေအနေကို လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေနဲ့ တင်ပြလိုက်ပါတယ်။
ဒီအရာကတော့ လျှို့ဝှက်ဆန်းကြယ်သော SR-91 Aurora သူလျှိုလေယာဉ်လို့ အမည်ရပါတယ်။ ဒီလေယာဉ် အမှန်တကယ် ရှိနိုင်သလားဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း အများအပြား ရှိခဲ့ပါတယ်။
SR-91လို့ ယူဆရတဲ့ပုံ
SR-91 လေယာဉ်ကို မြင်တွေ့ဖူးသူ တစ်ဦးမက ရှိနေသော်လည်း တစ်ချို့ကတော့ ဒီလေယာဉ်ဟာ အယူအဆတစ်ခုကို ပုံဖော်ခြင်းသာ ဖြစ်နိုင်တယ်လို့လဲ ပြောသူတွေ ရှိပါတယ်။
SR-91 Aurora အမှန်တကယ်ရှိမရှိကို နက်နဲစွာ စေ့စေ့ငုငု ကြည့်ကြပါစို့။
SR-91 Aurora အဘယ်ကြောင့်နည်း။
၁၉၈၀ ခုနှစ်များမှာ အမေရိကန်လေတပ်ဟာ နာမည်ကျော် SR-71 Blackbird သူလျှိုလေယာဉ်နေရာကို အစားထိုးနိုင်သည့် အရာတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။
SR-71 Blackbird လေယာဉ်ဟာ ပျံသန်းနိုင်ဖို့ ပြုပြင်ထိန်းသိမ်းစရိတ်ဟာ စျေးကြီးလွန်းပြီး ကုန်ကျစရိတ်များလွန်းလှတာကြောင့်ပါ။ အမေရိကန်ဟာ SR-71 Blackbird အတွက် တစ်နှစ်လျှင် ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ မှ သန်း ၃၀၀ အထိ ရှိတယ်လို့ ဆိုပါတယ်။
SR-71 Blackbird လေယာဉ်
ဒါပေမဲ့ SR-91 ပရိုဂရမ်ဆိုတာ ရှိခဲ့ရင်တောင် အလွန် လျှို့ဝှက်မှာပါ။
၁၉၈၅ ခုနှစ်မှာ “အနက်ရောင်ပရိုဂရမ်” ဆိုတဲ့ သူလျှိုလေယာဉ်အတွက် ဘတ်ဂျက်တောင်းခံမှု လုပ်ခဲ့ပါတယ်။ အဲကနေစပြီး “Black Aurora” ဟူသော စကားလုံးကို လူတွေသိလာကြပါတယ်။
ဒီအသုံးစရိတ်ဘတ်ဂျက်တောင်ခံမှုဟာ SR-91 Aurora ကို ရည်ညွှန်းတာ ဖြစ်ပါလိမ့်မယ်။ အဲဒီ သူလျှိုလေယာဉ်ဟာ အသံထက် ၅ ဆအမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး အမြင့် ပေ ၉၀,၀၀၀ အထိ ပျံတက်နိုင်မှာ ဖြစ်ပါတယ်။
ဒါက စံချိန်တင်လေယာဉ် ဖြစ်လာစေမှာပါ။
ဒါပေမဲ့ Aurora ဆိုတာ B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်အတွက် အခြားကုဒ်အမည် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်တော့ စဉ်စားစရာပါ။
B-2 ကို ၁၉၈၀ ခုနှစ်များနှောင်းပိုင်းမှာ မိတ်ဆက်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင် ပျံသန်းခဲ့ပါတယ်။ ဒါကြောင့် Aurora အမည်ဟာ စကားဝှက်တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
B-2 Spirit
SR-91-ဆိုတာ အယူအဆတစ်ခုလား
DefenceAviation ဝဘ်ဆိုဒ်က SR-91 ဆိုတာ မှန်းဆချက်တစ်ခုလို့ ဖေါ်ပြငြင်းဆိုထားပါတယ်။
အဆိုပါ ဝဘ်ဆိုဒ်ဟာ အောက်ပါထုတ်ပြန်ချက်နှင့်အတူ ဗြိတိန်သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့ပါတယ်။
အဲဒီစာမှာတော့ “၂၀၀၆ ခုနှစ်၊ မေလမှာ ထုတ်ပြန်ခဲ့တဲ့ ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာတွင် Mach 4-6 ရှိပြီး အသံထက်မြန်သော ယာဉ်တစ်စီးကို ထုတ်လုပ်ရန် အမေရိကန်လေတပ်ရဲ့ ဦးစားပေး အစီအစဉ်များကို ရည်ညွှန်းသော်လည်း ထိုပရောဂျက်ရဲ့ တည်ရှိမှုကို အတည်ပြုရန် ခိုင်လုံသော အထောက်အထားများ ထွက်ပေါ်လာခြင်း မရှိပေ။”လို့ ဖေါ်ပြထားပါတယ်။
အမြင်အာရုံတစ်ခုတည်းသာ
SR-91 ရှေ့ပြေးပုံစံကို ထုတ်လုပ်ခဲ့ဖူးပါသလား။ မျက်မြင်သက်သေတစ်ဦးက ၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ကင်းထောက်လေယာဉ်အသစ်ဖြစ်နိုင်သည့် တြိဂံပုံသဏ္ဍာန်လေယာဉ် ပျံသန်းတာ မြင်တွေ့ခဲ့ရတယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
Chris Gibson ဆိုတဲ့ ရေနံရှာဖွေရေး အင်ဂျင်နီယာတစ်ယောက်က တြိဂံပုံသဏ္ဍာန်လေယာဉ်ကို မြောက်ပင်လယ်မှာ မြင်ဖူးတယ်လို့ ဆိုခဲ့တာပါ။ ၁၉၈၉ ခုနှစ်က ဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ B-2 သို့မဟုတ် F-117 Nighthawk လည်း ဖြစ်နိုင်ပါတယ်။ ထိုအချိန်က အမေရိကန်လေတပ်မှာ F-117 ပျံသန်းနေပါတယ်။
နောက်တစ်ချက်က ဒါဟာအမှန်တကယ် Aurora ရဲ့ SR-91 ဖြစ်တယ်ဆိုရင် သူ့မြန်နှုန်းက MACH 5 (အသံထက် ၅ ဆ)ဖြစ်တာကြောင့် သတိပြုမိဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။
F-117 Nighthawk
“မိုးကောင်းကင်ငလျင်များ”
SR-91 ပျံသန်းခဲ့တယ်လို့ ရည်ညွှန်းတဲ့ နောက်ထပ် လျှို့ဝှက်ဆန်းကြယ်သော ဥပမာတစ်ခုကတော့ လော့စ်အိန်ဂျလိစ်မှာ ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဖြစ်ပွားခဲ့သော “ကောင်းကင်ငလျင်များ” လို့ ခေါ်တဲ့ အဖြစ်အပျက်ပါ။
SR-91 Aurora က နီဗားဒါး(Nevada )(Area 51 ဟုလည်း လူသိများသည်) Groom Lake မှ ထွက်ခွာပျံသန်းတဲ့အခါ ကျယ်လောင်သော အသံများ ဖြစ်ပေါ်စေနိုင်ပါတယ်။
ဒါဟာ တကယ်ကို ကောင်းကင်ငလျင်ဖြစ်စေတဲ့ Aurora ဖြစ်တယ်လို့ ယူဆစရာ သက်သေပါပဲ။
SR-91 အယူအဆ
Aurora ဟာ အယူအဆတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ယူအက်စ်အနေနဲ့ ၎င်းကို ပယ်ဖျက်နိုင်ဖွယ် ရှိပါတယ်။
SR-91 တည်ဆောက်ဖို့ မလိုအပ်ဟု ယူဆရသည့်အရာမှာ ထိုအချိန်က အသံထက်မြန်သော သူလျှိုလေယာဉ်အစား သူလျှိုဂြိုဟ်တုများနှင့် ကင်းထောက်ဒရုန်းများ တိုးတက်လာခြင်းပင် ဖြစ်ပါတယ်။
SR-72 Son of Blackbird သူလျှိုလေယာဉ်အစီအစဉ်ဟာ ယခု အရှိန်မြှင့် လုပ်ဆောင်နေသော်လည်း၊ SR-91 Aurora တည်ရှိမှုကိုတော့ ဆုံးဖြတ်ရန် လုံလောက်သော အထောက်အထား မရှိပါ။
SR-72 လို့ယူဆရတဲ့လေယာဉ်
Lockheed Martin Skunk Works ဟာ သူလျှိုလေယာဉ်အသစ်အတွက် အလုပ်လုပ်နေဆဲဖြစ်လို့ ၎င်း SR-91 ကို စတင်ဖို့ မလိုသေးတာလဲ ဖြစ်နိုင်ပါတယ်။
Skunk Works ရဲ့ ဒါရိုက်တာဟောင်းဖြစ်သူ Ben Rich မှ စာအုပ်တစ်အုပ်ကို ကိုးကားပြီး Aurora အယူအဆကို ငြင်းဆိုလိုက်ပါတယ်။
ကွန်ဂရက်လွှတ်တော်ကြားနာပွဲတွေမှာ (Aurora)အမည်ဟာ ပေါက်ကြားလာပြီး မီဒီယာတွေက ဒါကိုအစကောက်ယူပြီး အမေရိကန်ရဲ့ ပထမဆုံး အသံထက်မြန်တဲ့ လေယာဉ်ကို တည်ဆောက်ဖို့ Skunk Works ရဲ့ ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုလို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
Aurora ဆိုတာက B-2 ပြိုင်ပွဲရန်ပုံငွေအတွက် ကုဒ်အမည်ဖြစ်သော် ပေမဲ့သူတို့က ဒါကို ဇာတ်လမ်းတစ်ပုဒ်လို ချဲ့ကားနေကြတာပါလို့ ဆိုပါတယ်။
ဒီတော့ Aurora ဟာ အယူအဆတစ်ခုထက် မပိုဘူးလို့ မြင်နိုင်ပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ဘယ်တော့မှ အသိအမှတ် မပြုခဲ့ပါဘူး။
SR-91
မျက်မြင်သက်သေ ရှားပါးပြီး အတည်မပြုနိုင်တဲ့ သက်သေများ ဖြစ်နေပါတယ်။ အမှန်တကယ် ပျံသန်းမှုမှာ မည်သည့်အခါမှ ဖြစ်မလာနိုင်ဘူးလို့လည်း ယူဆရမှာပါ။
အခုတင်ပြခဲ့တာကတော့ SR-91 သူလျှိုလေယာဉ် တကယ်ရှိ၊မရှိဆိုတဲ့ အကြောင်းအရာ သုံးသပ်ချက်သာ ဖြစ်ပါတယ်။
စာရေးသူ အမြင်ကတော့ ယူအက်စ်ဟာ နည်းပညာကို ဘယ်တော့မှ အလွယ်ကူ ထုတ်ပြခဲ့တာမျိုး မရှိခဲ့ပါဘူး။
မီဒီယာတွေ ဝဘ်ဆိုဒ်တွေမှာ တစွန်းတစပေါ်လာပြီး တော်တော်ကြာမှ ပေါ်လာတတ်တာမျိုးပါ။ TR3B ကိုကြည့်ရင် သိသာပါတယ်။
TR3B
အခုလဲ TOP GUN 2 Meverick ရုပ်ရှင်မှာ မင်းသား Tom Cruise က ဒီ SR-91 ပုံစံလေယာဉ်ကို မောင်းပြီး အသံထက် ၁၀ ဆကို ရောက်ရှိသွားပုံ ထည့်သွင်း ပြထားပါတယ်။
စဉ်းစားစရာပါလို့ တင်ပြလိုက်ရပါတယ်။
Knight News Team