ဘုရင်မကြီး နတ်ရွာစံပြီးနောက် ဗြိတိသျှတို့ သိမ်းယူခဲ့သော ရတနာများရဲ့ အနာဂါတ်ခရီး အပိုင်း (၁)
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် (၂) ဟာ စက်တင်ဘာ ၈ ရက်နေ့က နတ်ရွာစံသွားခဲ့ပြီ ဖြစ်ပါတယ်။
သူမ ကွယ်လွန်ပြီးနောက် များမကြာမီမှာပဲ “Kohinoor” (ကိုဟီးနူး) ဟူသော စကားလုံးဟာ အိန္ဒိယရဲ့ တွစ်တာမှာ ရေပန်းအစားဆုံး စကားလုံး ဖြစ်လာခဲ့ပါတယ်။
ကိုဟီးနူးစိန် “Kohinoor”ဟာ ကမ္ဘာ့အကျော်ကြားဆုံး ရတနာတွေထဲက တစ်ခု ဖြစ်ပါတယ်။
Kohinoor စိန်ဟာ Queen Mother လို့ လူသိများသော အဲလိဇဘက် (၂) ရဲ့ မိခင် Elizabeth ဘုရင်မကြီးအတွက် ပြုလုပ်ထားတဲ့ သရဖူမှာ ထည့်သွင်းထားသော ကျောက်အလုံးပေါင်း ၂,၈၀၀ ထဲမှ တစ်ခုသာ ဖြစ်ပါတယ်။
သို့သော် ၁၀၅ ကာရက်ရှိတဲ့ ဒီဘဲဥပုံသဏ္ဍာန် “Kohinoor” စိန်ရဲ့ တောက်ပမှုကြောင့် သရဖူရှိ ရတနာများထဲမှာ ယင်းစိန်ဟာ ပေါ်လွင်ထင်ရှားနေတာကို တွေ့နိုင်ပါတယ်။
Kohinoor စိန်ရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်း
၁၂ ရာစုမှ ၁၄ ရာစုနှစ်အတွင်း Kakatiyan မင်းဆက် အုပ်စိုးနေစဥ်အခါ (ယခု မျက်မှောက်ခေတ်အခေါ်) Andhra Pradesh ဆိုသည့် နေရာတွင် တူးဖော်တွေ့ရှိခဲ့ပါတယ်။
တွေ့ရှိစဥ်က ၇၉၃ ကာရက် ရှိခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။
ဒီစိန်ကြီးအားပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လေ့လာကြည့်ခဲ့ရာ ၁၆ ရာစုအတွင်း တောင်အာရှကို လွှမ်းမိုးနိုင်ခဲ့သည့် အိန္ဒိယ Moguls လူမျိုးများက အစောဆုံးပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းမှတ်ရာများကို တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက် ပါရှန်းတွေက ယင်းစိန်ကို သိမ်းပိုက် ရယူလိုက်ကြပါတယ်။ ထို့နောက် အာဖဂန်တွေက ထပ်မံ သိမ်းယူခဲ့ကြပြန်ပါတယ်။
ထို့နောက်မှ ဆစ်ရှ် မဟာရာဂျာ တစ်ဦးဖြစ်တဲ့ Ranjit Singh ဟာ အာဖဂန်ခေါင်းဆောင် Shah Shujah Durrani ထံမှ ပြန်လည်သိမ်းယူပြီးနောက် အိန္ဒိယသို့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
နောက်ဆုံး ဗြိတိသျှတို့က ပန်ဂျပ်မြို့ကို သိမ်းပိုက်စဉ်အခါ ယင်းစိန်ကို ဗြိတိသျှတို့က သိမ်းယူခဲ့ကြပါတယ်။
၁၈၄၀ ခုနှစ်များနှောင်းပိုင်းမှာ အရှေ့အိန္ဒိယကုမ္ပဏီက အသက် ၁၀ နှစ်အရွယ် မဟာရာဂျာ Dunjeep Singh အား သူရဲ့ မြေများနှင့် ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရန် အတင်းအကျပ် ဖိအားပေးခဲ့ပြီးနောက် ယင်းစိန်ကို အရယူခဲ့ခြင်း ဖြစ်ပါတယ်။
ထို့နောက် ကုမ္ပဏီက ဗစ်တိုးရီးယားဘုရင်မထံ ကျောက်မျက်ရတနာကို ပေးအပ်ခဲ့ပါတယ်။
ကြင်ယာတော် တော်ဝင်မင်းသား အဲလ်ဘတ်က ယင်းစိန်ကို ပြန်လည်ဖြတ်တောက်ရန် တောင်းဆိုခဲ့ပြီး ဘုရင်မ အလက်ဇန္ဒရာနှင့် ဘုရင်မ မေရီတို့ရဲ့ သရဖူများတွင် ထည့်သွင်းထားခဲ့ပါတယ်။
၁၉၃၇ ခုနှစ်မှာ ဘုရင်မကြီး အဲလိဇဘက် (၂)ရဲ့ မိခင်ဖြစ်သူ “Queen Mother” ဟု တင်စားခေါ်သူ အဲလိဇဘက် ဘုရင်မကြီးရဲ့ သရဖူမှာ ထည့်သွင်းခဲ့ပါတယ်။
“Queen Mother”က ၁၉၅၃ ခုနှစ်မှာ သူမသမီးတော် နန်းတက်ပွဲ၌ သရဖူကို ၀တ်ဆင်ခဲ့ပါတယ်။
Kohinoor စိန်ဟာ အဲ့ဒီအချိန်ကစပြီး ဗြိတိန်သရဖူ ရတနာများထဲမှာ ပါဝင်ခဲ့ပါသော်လည်း အီရန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အိန္ဒိယရှိ အစိုးရများအသီးသီးက စိန်ကို ပိုင်ဆိုင်ခွင့် တောင်းဆိုထားကြပါတယ်။
ဗြိတိန်၏ အငြင်းပွားဖွယ် စိန်ပိုင်ဆိုင်မှု
U.K က ယခုလက်ရှိ ပိုင်ဆိုင်ထားသော အဆိုပါ ကျောက်မျက်ရတနာရဲ့ အနာဂတ်နှင့်ပတ်သက်သည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း၊ အိန္ဒိယရှိ တွစ်တာ အသုံးပြုသူ အများအပြားက ယင်းစိန်ကို ပြန်လည်တောင်းဆိုရန် ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။
တွစ်တာရေးသားချက် အချို့မှာဆိုရင်
“ဘုရင်က Kohinoor မဝတ်တော့ဘူးဆိုရင် ပြန်ပေးပါ” လို့ ရေးသားခဲ့ပါတယ်။
အခြားတစ်ဦးက “သေခြင်း”၊ “အစာခေါင်းပါးခြင်း” နှင့် “လုယက်ခြင်း” တို့ကို အခြေပြု၍ “စည်းစိမ်ချမ်းသာကို ဖန်တီးခဲ့သူ” ဗြိတိသျှက စိန်တုံးကို “ခိုးယူခဲ့တယ်” လို့ ဆိုပါတယ်။
စိန်ကြီးနဲ့ ပတ်သက်ပြီး ပြန်လည် အာရုံစိုက်လာတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၁၉၄၇ ခုနှစ်၊ အိန္ဒိယ လွတ်လပ်ရေးရသောအခါ အစိုးရက စိန်တုံးကို ပြန်တောင်းပါတယ်။
ဘုရင်မကြီး Elizabeth II နန်းတက်သည့်နှစ်တွင်လည်း အိန္ဒိယက နောက်ထပ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။
Kohinoor ကို အိန္ဒိယသို့ ပြန်လည်ပေးအပ်ရန်အတွက် ဥပဒေကြောင်းအရ အကြောင်းပြချက်မရှိဟု ဗြိတိန်မှ အခိုင်အမာပြောကြားခဲ့ပြီး တောင်းဆိုချက်များကို လစ်လျူရှုခဲ့ပါတယ်။
ဗြိတိန်-အိန္ဒိယ စာရေးဆရာနှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူ Saurav Dutt ကတော့ အဆိုပါ ရတနာကို ယူကေက ပြန်လည်ပေးအပ်ရန် အခွင့်အလမ်း အလွန်နည်းပါးကြောင်း ပြောကြားခဲ့ပါတယ်။
ပတ္တမြားငမောက်အပါအဝင် မြန့်မာ့နန်းစဉ်ရတနာအများအပြားကိုလည်း ဗြိတိသျှတို့ သိမ်းယူသွားခဲ့ပါတယ်။ ပတ္တမြားငမောက်ကတော့ ယနေ့တိုင် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
Knight News Team