တိုက်ပွဲအနိုင်အရှုံးကို ပြောင်းလဲပေးနိုင်မယ့် ကမ္ဘာ့အသေးဆုံး ဒရုန်း Black Hornet

တိုက်ပွဲအနိုင်အရှုံးကို ပြောင်းလဲပေးနိုင်မယ့် ကမ္ဘာ့အသေးဆုံး ဒရုန်း Black Hornet

အမေရိကန်ကဲ့သို့သော ခေတ်မီစစ်တပ်များဟာ မောင်းသူမဲ့လေယာဉ် ဒရုန်းများကို ကင်းထောက်လုပ်ငန်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြု‌နေကြပါပြီ။

သို့သော် ပေါ်ခါစ ဒရုန်းများက‌တော့ အရွယ်အစား ကြီးမားခဲ့ကြပါတယ်။ နောက်ပိုင်း ဒရုန်းများကို စစ်ဘက်အပြင် အရပ်ဘက်လုပ်ငန်းများမှာပါ အသုံးပြုလာခဲ့ကြပါတယ်။ ဒရုန်းများရဲ့ အရွယ်အစားမှာလည်း ပိုမိုသေးငယ် ကျစ်လျစ်လာခဲ့ပါတယ်။

ဒရုန်းနည်းပညာ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ သမားရိုးကျစစ်ပွဲတွေမှာ မောင်းသူမဲ့စနစ်နဲ့ အခြားသောနည်းပညာအသစ်တွေ ပိုမိုပေါင်းစပ်လာကြတဲ့အတွက် အသေးစားဒရုန်း နည်းပညာအသုံးပြုမှုတွေ ပိုမိုအရှိန်အဟုန် မြင့်တက်လာလျက် ရှိပါတယ်။

Black Hornet ဒရုန်းဟာ ကမ္ဘာ့အသေး ဆုံးဒရုန်းအဖြစ် စံချိန်တင်ထားပါတယ်။ အရွယ်အစားသေးငယ်သော်လည်း စွမ်းဆောင်ရည် မြင့်မားပါတယ်။ ဒရုန်းဟာ သေးငယ်တဲ့အတွက် ရန်သူက ပစ်ချဖို့လည်း ခက်ခဲပါတယ်။

ကင်းထောက်မစ်ရှင်နှင့် ထောက်လှမ်းရေး မစ်ရှင်များ၊ အရေးကြီးသော စစ်ဆင်ရေးများမှာ များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။

အိတ်ကပ်ထဲမှာ ထည့်ထားနိုင်တဲ့အရွယ်အစားသာရှိတဲ့ အဲဒီ ဒရုန်းဟာ တိုက်ရိုက် ဗီဒီယိုရိုက်ကူးထုတ်လွှင့်နိုင်ပြီး အရည်အသွေးမြင့် ပုံရိပ်တွေကို ထိန်းချုပ်မောင်းနှင်သူထံ ပြန်လည်ပေးပို့နိုင်ပါတယ်။

အဲဒီ ဒရုန်းရဲ့ သတင်းအချက်အလက်ထောက်ပံ့ပေးနိုင်မှုစွမ်းရည်ကြောင့် စစ်သည်တွေအနေနဲ့ ကြုံတွေ့နေရတဲ့ စစ်မြေပြင်အခြေအနေကို ချက်ချင်းပြောင်းလဲကာ ရန်သူ့ပစ်မှတ်တွေကို ထိထိရောက်ရောက် ပိုမိုချေမှုန်းနိုင်စွမ်း ရရှိလာစေမှာ ဖြစ်ပါတယ်။

Black Hornet ဒရုန်းများကို ကမ္ဘာတစ်ဝန်းရှိ ကာကွယ်ရေးတပ်ဖွဲ့အသီးသီးထံ အစီးရေ ၁၂,ဝဝဝ ကျော် ကို ပေးပို့ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Teledyne FLIR ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။

Black Hornet ဒရုန်း ပေါ်ပေါက်လာပုံ

ပတ်တာမာရမ် (Petter Murren) ဆိုသူ နော်ဝေနိုင်ငံသား တီထွင်ဖန်တီးသူတစ်ဦးဟာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလမှာ ကုမ္ပဏီ တည်ထောင်ကာ ကမ္ဘာ့အသေးဆုံးဒရုန်းများကို ထုတ်လုပ်ပြီး ၂၀၀၉ ခုနှစ်မှာ ဈေးကွက်တင်ပို့ ရောင်းချခဲ့ပါတယ်။

နောက်ဆုံးထုတ်ဗားရှင်းဖြစ်တဲ့ PD-100 Black Hornet ဟာအလေးချိန် ၁၈ ဂရမ်သာ ရှိပါတယ်။ အိတ်ကပ်ထဲ ထည့်ထားလို့ရပါတယ်။ တစ်စက္ကန့်လျှင် ၁၀ မီတာနှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။

ဒရုန်းနှင့်အတူ အားသွင်းကိရိယာ၊ LCD ဖန်သားပြင် တပ်ထားသော အဝေးထိန်းခလုတ်တို့ ပါဝင်ပါတယ်။

ဒရုန်းရဲ့ ကင်မရာက ရိုက်ကူးထားတဲ့ ပုံရိပ်တွေကို LCD ဖန်သားပြင်မှာ တိုက်ရိုက်ကြည့်ရှု့ နိုင်ပါတယ်။ ဒရုန်းမှာ ညဘက်သုံး အပူအာရုံခံ ကင်မရာလည်း တပ်ဆင်ထာတာ‌ကြောင့် ညဘက်မှာလည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။

၂၀၁၅ ခုနှစ်က အမေရိကန်စစ်တပ်က Black Home ဒရုန်းများကို ဝယ်ယူခဲ့ပါတယ်။ အမေရိကန်စစ်တပ်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Black Hornet 3 Personal Reconnaissance Systems (PRS) တစ်ကိုယ်ရေသုံး ထောက်လှမ်းရေး ဒရုန်းဟာ ၂၅ မိနစ် ဆက်တိုက် ပျံသန်းနိုင်ပါတယ်။

နှစ်မိုင် ပတ်ပတ်လည်အတွင်းရှိ ပစ်မှတ်များကို ထောက်လှမ်းနိုင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အမေရိကန်ကုမ္ပဏီ Teledyne FLIR က Black Hornet ဒရုန်းများ ထုတ်လုပ်တဲ့ နော်ဝေကုမ္ပဏီကို ဝယ်ယူခဲ့ပါတယ်။

Black Hornet ဒရုန်းများကိုပင် အကြိမ်ကြိမ် အဆင့်မြှင့်တင် မွမ်းမံကာ ဆက်လက်ထုတ်လုပ် ရောင်းချလျက် ရှိပါတယ်။

Black Hornet ဒရုန်းများရဲ့ ကိုယ်ထည်ဟာ ပလပ်စတစ်ဖြစ်ပြီး ပေါ့ပါးပါတယ်။ သို့သော် လေပြင်းများ တိုက်ခတ်နေချိန်မှာပင် ကောင်းကောင်းမွန်မွန် ပျံသန်းနိုင်ပါတယ်။

ပျံသန်းရာလမ်းကြောင်းကို ကြိုတင်ရေးဆွဲညွှန်ကြားပြီး ပစ်မှတ်ဆီသို့ အလွယ်တကူ စေလွှတ်နိုင်ပါတယ်။

Knight News Team

Leave a Reply

Your email address will not be published.