ခြင်တွေက သင့်ကိုပဲ ရွေးကိုက်နေရတဲ့ အကြောင်းအရင်း
ကမ္ဘာပေါ်မှာရှိတဲ့ ၂၀ ရာခိုင်နှုန်းသော လူတွေကတော့ ခြင်တွေရဲ့ ရူးရူးမူးမူး စွဲမက်နှစ်ခြိုက်စွာ ကိုက်ခြင်းကို ခံနေရတဲ့ သူတွေပါတဲ့။
သင်ရော အဲဒီ ၂၀ ရာခိုင်နှုန်းသော လူတွေထဲမှာ ပါနေပြီလား။
ဒါဆိုရင်တော့ ခြင်တွေက လူတွေအများကြီး ရှိတဲ့အထဲကမှ သင့်ကိုပဲ ရွေးပြီး ကိုက်ရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်နေပါပြီ။
ဘာအကြောင်းရင်းတွေကြောင့် သင်ဟာ အမြဲတမ်း ခြင်တွေရဲ့ သားကောင်ဖြစ်နေရလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
အဝတ်အစား
ခြင်တွေကတော့ သူတို့ရဲ့ သားကောင်ကို အမြင်နဲ့ပဲ ရှာဖွေလေ့ရှိပါတယ်။ခြင်တွေကတော့ အမြင်အာရုံကောင်းကြပြီး ညနေပိုင်းအချိန်မှာ အမြင်အာရုံနဲ့ပဲ လူတွေကို ရှာဖွေပါတယ်။
ချက်ခြင်းမြင်တွေ့လွယ်တဲ့ အရောင်တွေဖြစ်တဲ့ အနီ၊အနက်နဲ့ နက်ပြာရောင် ဝတ်ထားတဲ့ သူတွေကတော့ အများဆုံး အကိုက်ခံရပါတယ်။
အပူနဲ့ချွေး
ချွေးမှာပါတဲ့ လက်တစ်အက်ဆစ်၊ယူရစ် အက်ဆစ်နဲ့ အမိုးနီးယားတို့ကို ခြင်တွေ အနံ့ခံနိုင်ပါတယ်။
ချွေးစိုနေပြီး ခန္ဓာကိုယ် နွေးနေတဲ့သူတွေကို ခြင်တွေက သဘောကျကြပါတယ်။
အသားအရေ
ခြင်တွေကတော့ ဘတ်တီးရီးယားတွေများတဲ့ အသားအရေတွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။
တံတောင်၊ခြေထောက်နေရာကို ခြင်အကိုက်များရတဲ့ အကြောင်းအရင်းကလည်း ဒါကြောင့်ပါပဲ။
သွေးအမျိုးအစား
အရွယ်ရောက်ပြီးဖြစ်တဲ့ ခြင်ထီးတွေကတော့ ဝတ်မှုန်တွေကို စားသုံးကြပေမယ့် ခြင်မတွေကတော့ ဥဥဖို့အတွက် သွေးကို သူတို့ရဲ့ အာဟာရအဖြစ် သောက်သုံးရပါတယ်။
O သွေး အမျိုးအစားတွေကတော့ A နဲ့ B အမျိုးအစားတွေထက် ခြင်တွေကို ညို့ယူနိုင်ပါတယ်။
၈၅ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့ သွေးအမျိုးအစားအလိုက် သူတို့ရဲ့ ဆဲလ်ကနေ အချက်ပြတဲ့အရာလေးတွေ ထုတ်လွှတ်နိုင်ပါတယ်။
ဂတ်စ်
ခြင်တွေကတော့ ပေ ၁၆၀ အကွာကနေတောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနံ့ခံနိုင်ပါတယ်။
အဲဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများ ရှုထုတ်တဲ့ နေရာတွေကို ခြင်တွေ ပိုလာကြပါတယ်။
လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို နှာခေါင်းနဲ့ ပါးစပ်ကနေ ရှုထုတ်တာကြောင့် ခြင်တွေက ခေါင်းနားမှာ တဝီဝီ လာလုပ်ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ညကျရင် နားတွေညီးရတာပေါ့။
ကိုယ်ဝန်
လေ့လာမှုတွေအရတော့ ငှက်ဖျားဖြစ်စေတဲ့ခြင်တွေဟာ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။
ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက်ရှုထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏက ကိုယ်ဝန်မရှိတဲ့သူထက် ၂၁ ရာခိုင်နှုန်း ပိုများပါတယ်။
ကိုယ်ဝန်ရှိတဲ့သူတွေက ခန္ဓာကိုယ်မှာ အပူလည်း ပိုများတာကြောင့် သွေးနွေးသက်ရှိတွေကို ကြိုက်တဲ့ ခြင်တွေရဲ့ သားကောင်ဖြစ်နေရတာလည်း ဖြစ်ပါတယ်။
ဘီယာ
လေ့လာမှုတွေအရတော့ လူတစ်ယောက်ကို ဘီယာ ၁၂ အောင်စ သောက်ခိုင်းပြီးတဲ့နောက်မှာ မသောက်ခင်ကထက် ခန္ဓာကိုယ်ပေါ်ကို ခြင်တွေပိုပြီးတော့ ရောက်လာကြပါတယ်။
ဘီယာသောက်လိုက်တာကြောင့် ချွေးနဲ့ အရေပြားထဲမှာ Ethanol ပါဝင်မှုမြင့်တက်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
ခြင်တွေနဲ့ ဘီယာရဲ့ ကြားက တိကျဆက်စပ်မှုကိုတော့ အခုအထိ ရှာမတွေ့သေးပါဘူးတဲ့။
Knight News Team
ခရက်ဒစ်-Aunty May